
ရန်ကုန် ဩဂုတ် ၃၁
ဩဂုတ်လဆန်းမှစ၍ မြင့်တက်နေသည့် ဒေါ်လာဈေးနှုန်းကြောင့် ဒေါ်လာဈေးအပေါ် အခြေခံ၍ ဈေးနှုန်းအပြောင်းအလဲဖြစ်လေ့ ရှိသည့် ကွန်ပျူတာ၊ လက်ပ်တော့ပ်များနှင့် ဆက်စပ်ပစ္စည်းအများစု ဈေးနှုန်းများမြင့် တက်ကာ အရောင်းအဝယ်လည်း နည်းပါး နေကြောင်း ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာဆိုင်အချို့မှ သိရသည်။
ပြည်တွင်း ကွန်ပျူတာဈေးကွက်တွင် စားပွဲတင်ကွန်ပျူတာ၊ လက်ပ်တော့ပ်နှင့် ဆက်စပ်ပစ္စည်းအများစုကို ကျပ်ငွေဖြင့် ရောင်းသော်လည်း တန်ဖိုးကို ဒေါ်လာဖြင့်သာ သတ်မှတ်ထားလေ့ရှိပြီး ရောင်းချချိန်တွင် ပြင်ပဒေါ်လာဈေးကွက်မှ ဈေးနှုန်းအပေါ် မူတည်၍ မြန်မာငွေဖြင့် ဈေးနှုန်းတွက်ချက် ရောင်းချခြင်းဖြစ်ရာ ယခုလို ဒေါ်လာဈေး မငြိမ်ဘဲ မြင့်တက်လာချိန်တွင် ပစ္စည်းတန်ဖိုး များမှာလည်း တစ်ရက်နှင့်တစ်ရက်ပင် မတူဘဲ မတည်မငြိမ်ဖြစ်နေကြောင်းနှင့် ဈေး နှုန်းမြင့်တက်သဖြင့် ရောင်းအားမှာလည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။
"မဖြစ်မနေ ကွန်ပျူတာဝယ်ရမယ့်လူ တွေနဲ့ လုပ်ငန်းတွေကတော့ ဝယ်ကြတာပေါ့။ လက်ပ်တော့ပ်ရော၊ Desktop ရော တစ်ဦးချင်း ဝယ်ကြတာတွေ နည်းနည်းပါးပါးရှိပေမယ့် တစ်ကြိမ်တည်းနဲ့ အရေအတွက်များများ ရောင်းရတဲ့ သင်တန်းတွေ၊ ကုမ္ပဏီတွေ၊ ရုံးဌာန တွေဘက်ကဝယ်တာတော့ မရှိတာကြာပြီ။ ကွန်ပျူတာဘက်ကဆို အမြတ်တောင်မရှိ ပါဘူး။ ဒေါ်လာဈေးတက်ပေမယ့် ဖုန်းဈေး ကွက်ကတော့ အဝယ်မပျက်လို့ ဆိုင်ဆက်ဖွင့် ထားနိုင်တာပါ"ဟု ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာ၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ဒေါ်လာဈေးနှုန်းကိုထိန်းနိုင်ရန်အတွက် နိုင်ငံတော်ဗဟိုဘဏ်က လုပ်ဆောင်နေသော်လည်း ပြင်ပဈေးနှုန်း များမှာ မြင့်တက်နေဆဲဖြစ်သည်။ တရားဝင် ငွေလဲကောင်တာများတွင် ဝယ်ဈေး ကျပ် ၁၆၆၀ ခန့်နှင့် ရောင်းဈေး ကျပ် ၁၆၇၀ ခန့် သတ်မှတ်ထားသော်လည်း အရောင်းမရှိဘဲ ပြင်ပဈေးကွက်တွင်မူ ဩဂုတ်လဆန်းပိုင်း မှစ၍ တစ်ဒေါ်လာလျှင် ကျပ် ၁၇၀၀ အထက် သို့ စရောက်လာခဲ့ပြီး နေ့စဉ် အနည်းငယ်စီ မြင့်တက်လာခဲ့ရာ ဩဂုတ်လကုန်ပိုင်းတွင် ကျပ် ၁၇၆၀ ဝန်းကျင်အထိ ရောက်ရှိနေ သည်။ ကိုစိုး