
ရန်ကုန် ဩဂုတ် ၂၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ Handa (Yangon) Garment Co., Ltd (အားကစားဝတ်စုံချုပ်လုပ်ငန်း)သို့ ရောက်ရှိ ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းပြောကြား
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံ များနှင့် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန သည် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ နှင့်ညှိနှိုင်း၍ စက်ရုံ၊ အလုပ်ရုံများကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်ပြီး ဖွင့်လှစ်ဆောင်ရွက်စေလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စက်ရုံ၊ အလုပ်ရုံ များ ပိတ်ရပါက အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော် ၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့် အားနည်းစေနိုင်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား များ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန် စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘော ဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး တို့က ဖြည့်စွက်ဆွေးနွေးသည်။
ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ၂၀၂၁ ခုနှစ် ဩဂုတ်လလယ်အထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များရှိ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် လိုက်နာ ဆောင်ရွက်စေရန် အလုပ်သမားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ ၄၀၃၀ ၊ အလုပ်ဌာန ၂၃၁၈ ခု ပေါင်း ၆၃၄၈ ဌာနကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်မှ စ၍ Zoom Application အသုံးပြု၍ Online Inspection ပြုလုပ်မှုကို လုပ်ငန်းများဖွင့်လှစ်လုပ်ကိုင် လျက်ရှိသော စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၂၀၆ ရုံကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်