ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ နေ့စဉ် အခမဲ့စစ်ဆေးပေးမည်

 

ကျောက်မဲ ဩဂုတ် ၂၆


ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် အတွင်းမှ ကိုဗစ်-၁၉ ရောဂါ သံသယရှိသည့် မည်သူ့ကိုမဆို ကိုဗစ်ပိုး ရှိမရှိ Test kit ဖြင့် အခမဲ့   စစ်ဆေးပေးခြင်းကို   ခရိုင်ပြည်သူ့ ဆေးရုံရှိ မျက်စိကုသဆောင်ရှေ့၌  ဩဂုတ် ၂၅  ရက်မှစတင်၍ နေ့စဉ် ဆောင်ရွက်ပေး နေပြီဖြစ်ကြောင်း သိရသည်။


ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ၌ ယခင် က အရေးပေါ်လူနာများအား နေ့စဉ် စစ်ဆေး ပေးခဲ့ပြီး ဖျားနာသူများ၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူများနှင့်  ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားသူများနှင့်  ထိတွေ့ဆက်စပ် သူများကိုမူ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ   သုံးရက်တွင်သာ   ရုံးချိန်အတွင်း ပုံမှန်စစ်ဆေးပေးခဲ့သည်။ ယခုအခါ ပြည်သူ များ    ပိုမိုအဆင်ပြေစေရန်   ရည်ရွယ်လျက် ဩဂုတ် ၂၅ ရက်မှ  စတင်ကာ  ကိုဗစ်-၁၉ သံသယရှိသူ မည်သူ့ကိုမဆို နေ့စဉ် အခမဲ့ စစ်ဆေးပေးသွားရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ တိုးမြှင့်စစ်ဆေးပေးမည့် အခြေအနေ ကို ပြည်သူများသိရှိစေရန် မြို့တွင်း၌ အသံချဲ့ စက်ဖြင့် လှည့်လည်ဆော်ဩ အသိပေးခြင်း များကိုလည်း ဆောင်ရွက်နေကြောင်း သိရ သည်။


ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယအကျော့   ဖြစ်ပွားနေသည့်ကာလ အတွင်း ယနေ့အထိ ပိုးတွေ့အတည်ပြုလူနာ ၇၃၆ ဦးနှင့် သေဆုံးသူ ၄၇ ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။


မိုင်းထွန်း(ပြန်/ဆက်)