ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၂၅


ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေး နှင့်    ကုန်စည်ပြပွဲ   ဖွင့်ပွဲအခမ်းအနားကို   ယနေ့မွန်းလွဲ   ၁နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ပြည်သူ့ အစိုးရတို့က ဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ 


ဖွင့်ပွဲအခမ်းအနားကို  နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီး၊ လားရှိုး နှင့် တရုတ်နိုင်ငံ လင်ချန်းမြို့တို့တွင်  အွန်လိုင်းစနစ်ဖြင့်  ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့  ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာ ကပေါနှင့်  တရုတ်နိုင်ငံဆိုင်ရာ   မြန်မာသံအမတ်ကြီး   ဦးမျိုးသန့်ဖေ တရုတ်နိုင်ငံမှ ယူနန်ပြည်နယ် လင်ချန်းမြို့ ကွန်မြူနစ်ဗဟိုကော်မတီ အတွင်းရေးမှူး၊ မစ္စတာယန်ဟောက်သုံး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး မစ္စတာထန်ဆုဖူနှင့် ယူနန်ပြည်နယ်  စီးပွားရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ရှောင်ဟွာတို့က မိန့်ခွန်း ပြောကြားကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည် တော်များမှ ဒုတိယအကြိမ်တရုတ်(လင်ချန်း)-မြန်မာ (လားရှိုး)နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲကို  ဖွင့်လှစ်ပေးကြသည်။


ကုန်စည်ပြပွဲကို  သြဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပလျက်ရှိသော တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ တောင်/အရှေ့တောင်အာရှ    အွန်လိုင်းကုန်စည်ပြခန်းဆောင်တွင် သီးသန့်ပြခန်းဆောင် တည်ဆောက်ကျင်းပသွားမည်ဖြစ်ပြီး ဆန်၊ ပဲမျိုး စုံ၊ နှမ်း၊ သစ်သီးဝလံများ၊ ရေထွက်ပစ္စည်းများ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ICT နည်းပညာဝန်ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ် ပစ္စည်းများကို မြန်မာ၊ တရုတ်ကုမ္ပဏီပေါင်း ၂၀၀ ခန့်မှ  ပါဝင်ပြသကြ မည်ဖြစ်သည်။ 


ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွား ရေးနှင့်     ကုန်စည်ပြပွဲသို့    တက်ရောက်လိုသည့်    မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ အနေဖြင့် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ    website :http://www.csa-expo.com တွင် Register လုပ်၍ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။                     
             

သတင်းစဉ်