
ကွန်ဟိန်း သြဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် မိတ္ထီလာ-တောင်ကြီးနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ တံတားအမှတ် (၅/၂၈၂) သံလွင်တံတား(တာကော်)သို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူး ချုပ်လှမိုးနှင့် တာဝန်ရှိသူများသည် သြဂုတ် ၂၄ ရက် မွန်းလွဲ ၂နာရီခွဲက တံတားတည်ဆောက်နေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တည်ဆောက်ရေး အဖွဲ့(၃)တံတား အထူးအဖွဲ့(၁၂) သံလွင်တံတား (တာကော်) တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးသူရဇော်က တံတားနှင့်ဆိုင်သည့် ကိစ္စရပ် များ ရှင်းလင်းတင်ပြသည်။
အဆိုပါ တံတားသည် သံကူကွန်ကရစ်တံတား ဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင်၊ တံတားအရှည်မှာ ၃၅၁မီတာ (၁၁၅၁ ဒသမ ၆၃၁ပေ)၊ တံတားအကျယ်မှာ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက် ၁ ဒသမ ၇၅ မီတာ၊ တံတားခံနိုင်ဝန် ၇၅ တန်ဖြစ်ကာ လုပ်ငန်းစတင်ရက် မှာ ၂၀၁၈ခုနှစ် ဧပြီ ၁ရက်ဖြစ်ပြီး လုပ်ငန်းပြီးစီးမည့် ရက်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက် ခန့်မှန်း ၍ တံတားခန့်မှန်း စီမံကိန်းတန်ဖိုးငွေကျပ် ၂၆၃၅၀ ဒသမ ၀၀၀ သန်း၊ တံတားတစ်စင်းလုံးပြီးစီးမှု ရာခိုင်နှုန်းမှာ ၂၅ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် သဘာဝ ဘေးကြောင့် ပျက်စီးသွားသော ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် MTKT လမ်း ၉ မိုင်တံတားမှ ခမ်းမိုက်ဆော့-ပိန်းကောက်-မိုက်မော်-ကတ်ကျန့်-ပန်မုန့် လမ်းပေါ်မိုင်တိုင်(ဝ/၀-ဝ/၁)ကြားတွင် တောင်ကျရေဖြင့် ပျက်စီးသွားသော ပေ(၁၂၀ x ၁၄) ပလောင်ကုန်းဆာ ကွန်ကရစ်တံတားအား ယာယီ ဘေလီတံတား တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း
(တောင်ကြီး)