ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး မြို့တော်စိမ်းလန်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဩဂုတ်  ၂၄


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ  ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင်  ရန်ကင်းမြို့နယ် (၈)ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်း၌    ရွေ့လျားဈေးကား   (Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို  ဝန်ထမ်းမိသားစုများ  ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန်၊   ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များအား  လိုက်နာ ဆောင်ရွက်နိုင်ရန် လိုက်လံကြည့်ရှုကြပ်မတ် စစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက်  မြို့တော်ဝန်နှင့်အဖွဲ့သည်  အဆိုပါဝင်းအတွင်းရှိ ဘောလုံးအားကစားကွင်း၌   ပန်းဥယျာဉ်နှင့်  အားကစားကွင်းများဌာနမှ ဆောင်ရွက်နေသော  မြက်နှင့်သစ်ပင်ချုံနွယ်များ   ရှင်းလင်းခြင်းကို လည်းကောင်း၊  နှင်းဆီလမ်းနှင့်  ကံဘဲ့ဘူတာရုံလမ်းတစ်လျှောက် ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ  ဆယ်ယူရှင်းလင်းနေမှုနှင့် ဆည်မြောင်းချောင်းအတွင်း    Excavator ယာဉ်ဖြင့်   အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊  ရန်ကင်းမြို့နယ်အတွင်းရှိ Fire Hydrant မီးသတ်ရေငုတ် ၂၆ ခုကို ကောင်းမွန်စွာ အသုံးပြုနိုင်ရေး နှင့်  ကံဘဲ့ဘူတာဈေးတာဝန်ခံရုံး   တည်ဆောက်မည့်  မြေနေရာကို လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်မြတ်ထွန်းလမ်း (မဟာဗန္ဓု လလမ်းနှင့် ကုန်သည်လမ်းအကြား)  ရေမြောင်းအတွင်း  အမှိုက်နှင့် မြောင်းချေးများ    စုပေါင်းဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကုန်သည်လမ်းရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ  ၁၂ ထပ်ခွဲရုံး  ရုံးဝင်းအတွင်း Basement ပါ (၁၆)ထပ်   ရုံးအဆောက်အအုံ ဆောက်လုပ်နေမှုကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး     Sinovas Vaccing ထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Social Distancing ဖြင့် စနစ်တကျ စောင့်ဆိုင်းခြင်း၊ မှတ်ပုံတင်ခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို လိုက်လံကြည့်ရှုအားပေးသည်။ ယနေ့တွင်      အင်ဂျင်နီယာဌာန (ရေပေးဝေရေးနှင့် သန့်ရှင်းမှု)  ရေဆိုး စီမံခန့်ခွဲမှုဌာနခွဲမှ  ဝန်ထမ်း ၈၉ ဦးကို  ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။  


သတင်းစဉ်