တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် အိမ်သုံးအောက်ဆီဂျင်စက် အလုံး ၁၄၀ လွှဲပြောင်းပေးအပ်

နေပြည်တော်   ဩဂုတ်   ၂၄


တရုတ်ပြည်သူ့သမ္မတနိုင်ငံက   မြန်မာနိုင်ငံသို့   လှူဒါန်းသည့်  အိမ်သုံး အောက်ဆီဂျင်စက် အလုံး ၁၄၀ သည်  ဩဂုတ် ၂၂ ရက်  ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး လှူဒါန်းပစ္စည်း များ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာချန်းဟိုင်က  တရုတ်နိုင်ငံမှ   မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး   အကူအညီပေးခြင်းသည်   အပြန်အလှန် ဖေးမကူညီသည့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အဓိပ္ပာယ် ဖွင့်ဆိုလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံအားပေး၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည်   ကပ်ရောဂါတိုက်ဖျက်ရေး   တိုက်ပွဲအတွင်း၌ စာမျက်နှာသစ် ဆက်လက်ရေးသားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့လျက်ရှိပြီး ယူနန်ပြည်နယ် တရုတ်-မြန်မာ အထူးလမ်းကြောင်းမှ အောက်ဆီဂျင်အရည် စသည့် ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ဆောင်နိုင်ရေး ကူညီပေးလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊   မြန်မာနိုင်ငံရှိတရုတ် လုပ်ငန်းရှင်များကလည်း  လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်း၊ နားမကြားသော ကလေး များကျောင်း၊ ကလေးဆေးရုံ  စသည့် မြန်မာနိုင်ငံနယ်ပယ်အသီးသီး သို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များ လှူဒါန်းပေးလျက်ရှိပြီး  နှစ်နိုင်ငံ ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ် ရေးကို အားဖြည့်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ အတူတကွ ကြိုးပမ်းမှုကြောင့် လက်ရှိမြန်မာနိုင်ငံ၏ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်မှုတွင်  အကျိုးထိရောက်မှုရှိသည်ကို   တွေ့ရှိရကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက်အကူအညီပေးအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကပ်ရောဂါကို ဆောလျင်စွာ သေချာပေါက် အနိုင်ယူနိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။


အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ  တတိယလှိုင်းကို  ထိန်းချုပ် ကာကွယ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့် အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနီးကပ်ဦးစီးပြီး ကျန်းမာရေးဝန်ကြီး ဌာန ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုနှင့် စေတနာရှင်များ၏ ကြိုးပမ်း အားထုတ်မှုကြောင့် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်တကွ ဆေးနှင့် ဆေးပစ္စည်းများ၊     အိမ်သုံးအောက်ဆီဂျင်စက်အစရှိသော ထောက်ပံ့မှုများ၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး  အတွေ့အကြုံများဝေမျှခြင်း   အစရှိသည်တို့ကို ကြည့်ခြင်းဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ခိုင်မြဲစွာတည်ရှိလျက်ရှိကြောင်း တွေ့မြင်နိုင်ပြီး မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့်  ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်  များစွာအထောက်အကူပြုပြီး မြန်မာပြည်သူလူထု၏ အသက်ပေါင်း များစွာကို ကယ်တင်ပေးနိုင်ကြောင်း။


ယခုလှူဒါန်းသည့် အိမ်သုံးအောက်ဆီဂျင်စက် အလုံး ၁၄၀ အပါ အဝင် ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများအတွက် တိုက်ရိုက်ရောက်ရှိအောင်  အမြန်ဆုံးပို့ဆောင်ပေးပြီး  အကျိုးရှိစွာ အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အဓိကလိုအပ်သော CDC(Center for Disease Control) ကို နေပြည်တော်တွင် တည်ဆောက်နိုင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ   ကူညီဆောင်ရွက်ပေးနေသည့်အတွက်  အကျိုးရှိပြီး ကျေးဇူးတင်ရှိကြောင်း၊ ကပ်ရောဂါထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။                    

 

     သတင်းစဉ်