
ပြည်သူများအား တိုက်ရိုက်အကျိုးဖြစ်စေမည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အကျိုးပြုစေနိုင်မည့် အသုံးစရိတ်များအား အလေးပေး ဆောင်ရွက်ပေးကြစေလို
နေပြည်တော် ဩဂုတ် ၂၄
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်း တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာ ရေးဆိုင်ရာ ကော်မရှင်အတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့တက်ရောက်ကြပြီး ဘဏ္ဍာရေး ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံတော်တွင် ဘဏ္ဍာရေးနှစ်အား ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရန် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေး နှစ်မှစ၍ ဆောင်ရွက်မည်ဖြစ်သည့် အတွက် လက်ရှိဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နောက်ပိုင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ အတွက် ဘတ်ဂျက်အား ကြားကာလ ဘတ်ဂျက်အဖြစ် ရေးဆွဲ ဆောင်ရွက်မည်ဖြစ် ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ချမှတ် ဆောင်ရွက်ရသည့် ကန့်သတ် ချက်၊ တားမြစ်ချက်များအရ လည်းကောင်း၊ နိုင်ငံရေး အဖျက် အမှောင့် လုပ်ရပ်များကြောင့် လည်းကောင်း နိုင်ငံတော်၏ စီးပွားရေး လည်ပတ်မှုအပေါ် ထိခိုက်မှုရှိခဲ့ပြီး နိုင်ငံတော်၏ အခွန်အကောက်ရငွေများကျဆင်း ခဲ့ကြောင်း၊ မိမိတို့အိမ်စောင့်အစိုးရအဖွဲ့အနေဖြင့် မည်သို့ပင်စိန်ခေါ် မှုများရှိစေကာမူ ပြည်သူများ၏ လူမှုစီးပွား လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း။
အလေးပေးဆောင်ရွက်
(၆)လ ဘတ်ဂျက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီး၏ လိုငွေအတွက် ပြည်ထောင်စု မှ ထောက်ပံ့ပေးမည့်ငွေနှင့် မိမိတို့ ဒေသအလိုက်ရရှိသည့် ရငွေများ စုပေါင်း၍ မိမိတို့တိုင်းဒေသကြီး နှင့် ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များ၊ ပြည်သူများအား တိုက်ရိုက် အကျိုးဖြစ်စေမည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ စသည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ အကျိုးပြုစေနိုင်မည့် အသုံးစရိတ်များအား အလေးပေး ဆောင်ရွက်ပေးကြစေလိုကြောင်း။
လုပ်ငန်း စီမံကိန်းများနှင့် ပတ်သက်၍ မပြီးပြတ်သေးသည့် ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ပြည်သူများ အဓိကလိုအပ်နေ သည့် လုပ်ငန်းများကို ဦးစားပေး အလိုက် လျာထားပြီး ဆောင်ရွက် ရန်လိုကြောင်း၊ (၆)လအတွက် ရေးဆွဲသည့် ဘတ်ဂျက်ဖြစ်သဖြင့် လျာထားသည့် အသုံးစရိတ်များ ကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် သုံးစွဲနိုင်ရန် အထူး အရေးကြီးကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ ဒေသန္တရ စီမံကိန်းများကို ပြည်ထောင်စု ဝန်ကြီးဌာနများ၏ ကဏ္ဍများ အလိုက် စီမံကိန်းများနှင့် ချိတ်ဆက်၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ပြည်ပ ချေးငွေ၊ အကူအညီရငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရန်ဖြစ်သည့်အပြင် အစိုးရပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်း ဖော်ထုတ်ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားလို ကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ဦးစားပေး ဆောင်ရွက်သင့်သည့် လုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လထိ (၆)လအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၏ အရအသုံးခန့်မှန်းငွေစာရင်း များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော် က တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ ရငွေ၊ သုံးငွေစာရင်းများ လျာထားမှုနှင့် အကောင်အထည် ဖော် ဆောင်ရွက်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်း ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဘဏ္ဍာငွေရေးဆွဲ မှု၊ ဆက်လက်အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များ နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြသည်။
သုံးသပ်ဆွေးနွေး
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် ယခုခွဲဝေပေးသည့် (၆)လ ပတ်သည် ကြားဖြတ်ကာလ ဘတ်ဂျက်ဖြစ်သည်နှင့်အညီ မိမိတို့ ရငွေအပေါ်တွင် နိုင်ငံတော်အနေ ဖြင့် ပြည်ထောင်စုထောက်ပံ့ငွေ များဖြင့် ပေါင်းစပ်၍ သုံးစွဲရခြင်း ဖြစ်ကြောင်း၊ ယခုကာလအတွင်း မိမိတို့ အိမ်စောင့်အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတကာနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ကျော် လွှားနေရကြောင်း၊ ထိုသို့ ရင်ဆိုင် ကျော်လွှားရာတွင် အဓိကအားဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ခက်ခဲ စေသည့်၊ ယိုင်လဲစေသည့်အပြင် ပြည်သူတို့၏ လူမှုစီးပွားဘဝ ထိခိုက်စေမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား နေရသည့် ကာလဖြစ်ကြောင်း၊ အလားတူ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် စီးပွားရေးဖိအားများသည်လည်း အစိုးရအတွက် စိန်ခေါ်မှု၊ တစ်နည်း အားဖြင့် ပြည်သူများအတွက် စိန်ခေါ်မှုများပင် ဖြစ်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို မိမိတို့ အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ ပြည်သူများနှင့်အတူ စုပေါင်း ညီညွတ်စွာဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ရမည်ဖြစ်ကြောင်း။
ယခု ခွဲဝေပေးလိုက်သည့် ရသုံး ခန့်မှန်းခြေ ဘတ်ဂျက်များနှင့် ပတ်သက်၍ စနစ်တကျသုံးစွဲရန်၊ စိစိစစ်စစ်ဖြင့် သုံးစွဲရန်နှင့် ခွဲဝေ ရရှိသည့် ငွေပမာဏအပေါ်တွင် မူတည်၍ ဘဏ္ဍာငွေသုံးစွဲမှုများ သည်လည်း ဘဏ္ဍာရေးစည်းမျဉ်း များနှင့်အညီ မှန်မှန်ကန်ကန် သုံးစွဲကြရန်လိုပါကြောင်း၊ မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယိုင်လဲနေ သည့် စီးပွားရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုပြီး ပြန်လည်ဦးမော့နိုင်အောင် သုံးစွဲ ရာ၌ မလိုလားအပ်သည့် အသုံး စရိတ်များအား စိစစ်လျှော့ချ သုံးစွဲကြရန် တိုက်တွန်းပါ ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်