
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉
တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတွေကို ဘာကြောင့် ထိုးနှံသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ ကိုဗစ် - ၁၉ ကာကွယ်
ဆေး ထိုးနှံခြင်းက ကိုဗစ် - ၁၉ ကပ်ရောဂါကို ရပ်တန့်နိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်။ လက်ရှိကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုတွေက တစ်နေ့ထက်တစ်နေ့များနေပြီး သေဆုံးမှုတွေက လည်း မြင့်တက်နေတဲ့အတွက် ကာကွယ်ဆေးထိုးနှံ ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေကနေပြီး အထူးကြိုးစား ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ ဘာလို့ထိုးရတာလဲနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၁၉ ရက်မှာ နောက်ဆုံးတည်းဖြတ်ပြင်ဆင်ခဲ့တဲ့ ကာကွယ်ဆေးနဲ့ ကာကွယ်ဆေးထိုးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အမေး/အဖြေတွေကို ကိုးကားပြီး ဖြေကြားသွားပါမယ်။ အရင်ဆုံး ‘ကာကွယ်ဆေးထိုး ခြင်း’က ဘာလဲဆိုတာကို ရှင်းပြချင်ပါတယ်။
‘ကာကွယ်ဆေးထိုးခြင်း’ က အလွန်ရိုးရှင်းသော၊ လွယ်ကူသော၊ စိတ်ချရသော ကာကွယ်နည်း တစ်ရပ်ဖြစ်ပါတယ်။ ရောဂါတစ်ခုကို ကာကွယ်ဆေး ထိုးခြင်းနဲ့ ကာကွယ်ခြင်းသည်သာလျှင် အကောင်း ဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဝင်ရောက် ကူးစက်ပြီးမှ ရောဂါပိုးရဲ့ အန္တရာယ်ကို ကာကွယ်တားဆီးဖို့အတွက် ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်းအားတွေက ထုတ်လုပ်ဖို့ ပြင်မယ်ဆိုရင် နောက်ကျနိုင်ပါတယ်။ ဒီကြားထဲ ရောဂါကြောင့် ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ဝေဒနာ တွေ ခံစားရနိုင်ပါတယ်။ အသက်သေဆုံးတဲ့အထိ လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုရောဂါဖြစ်ပွားတာကို တကယ်ရောဂါမဖြစ်စေဘဲနဲ့ ရောဂါပိုးဝင်ရောက်တဲ့ ပုံစံမျိုး အတုဖန်တီးပြီး ကိုယ်ခံအားစနစ်ကို ကြိုတင် ပြင်ဆင်အလုပ်လုပ်ခိုင်းခြင်းဖြင့် ကိုယ်ခံအားစနစ် က ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး ရောဂါပိုးဝင် ရောက်လာပါက အလွယ်တကူ အမြန်ဆုံးတိုက်ထုတ် နိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။
တချို့တွေက ကာကွယ်ဆေးထိုးရင် ဒီရောဂါပိုး ကူးစက်မှာလားလို့ မေးပါတယ်။ မကူးစက်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းနဲ့ ရောဂါပိုးကူးစက်တာက မဆိုင်ပါဘူး။ တချို့တွေက ပြီးခဲ့တဲ့ရက်ကမှ ကာကွယ်ဆေးထိုးလိုက်တယ်၊ နောက်နှစ်ရက်မှာ ကိုဗစ် - ၁၉ ရောဂါလက္ခဏာတွေ ပေါ်လာတယ်၊ စမ်းသပ်ကြည့်တော့ ကိုဗစ် - ၁၉ တွေ့တယ်၊ ဒါတွေ က ကာကွယ်ဆေးထိုးလို့ ရောဂါပိုးပေါ်လာတာ လားဆိုရင် မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ကာကွယ်ဆေးထိုးပေးခြင်းသည် စိတ်အချရဆုံး၊ ဘေးအကင်းဆုံး ကာကွယ်မှုဖြစ်ပါတယ်။
သို့သော် ကာကွယ်ဆေးထိုးပြီးပါက ခန္ဓာကိုယ် အနေနဲ့ ကိုယ်ခံစွမ်းအားရရှိဖို့အတွက် အလုပ်လုပ်ဖို့ အချိန်ပေးရပါတယ်။ ကာကွယ်ဆေးထိုးပြီး အနည်း ဆုံး ရက်သတ္တ နှစ်ပတ်ခန့် ကိုယ်ခံအားအတွက် အချိန်ပေးရပါတယ်။ ဒီကြားထဲမှာ ရောဂါကူးစက်နိုင် ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးပြီးပါက ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်း တွေကို ဆက်လက်လိုက်နာကျင့်သုံးရဦးမှာ ဖြစ်ပါ တယ်။ ဒါဆိုရင် မသိလိုက်ဘဲနဲ့ ကာကွယ်ဆေးထိုး မိရင် ဘာဖြစ်နိုင်သလဲ၊ ဘာမှဆိုးကျိုးမဖြစ်နိုင်ပါဘူး။ ကာကွယ်ဆေး ထိုးထားတဲ့အတွက် ဆိုးကျိုးမရှိ ပါဘူး။
ဒါကြောင့် ကာကွယ်ဆေးထိုးတဲ့အခါမှာ လက်ရှိ ဝေဒနာခံစားနေရတဲ့သူတွေ၊ ဖျားနာပြီး အနံ့ ပျောက်တဲ့သူတွေကို ဆေးမထိုးပေးပါဘူး။ ဘာ ကြောင့် မထိုးပေးတာလဲဆိုရင် လက်ရှိမှာ သူတို့တွေ ခံစားနေရတဲ့ဝေဒနာသည် ကိုဗစ် - ၁၉ ဖြစ်နိုင်ပါ တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးရင် ထူးခြားပြီး အကျိုးမရှိပါဘူး။ ဘာကြောင့်လဲ၊ ရောဂါပိုးတစ်ခု ဝင်လာပြီးသွားပြီဆိုရင် သူ့အတွက် အလုပ်လုပ်ဖို့ အချိန်ပေးရပါတယ်။ သူ့အတွက် ကိုယ်ခံအားတည် ဆောက်ဖို့ အချိန်ပေးရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်မှ ကာကွယ်ဆေး ထိုးနှံဖို့ လိုပါတယ်။
ဒီနေရာမှာ ရောဂါပိုးဝင်ရောက်ပြီးသူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် အနည်းဆုံး ခြောက်လကြာမှ ထိုးနှံပေးဖို့ ပြောထားပါတယ်။ ဘာဖြစ်လို့လဲ၊ သူက ရောဂါပိုးဝင်ရောက်ခဲ့ပြီး ကိုယ်ပိုင် ကိုယ်ခံစွမ်းအားက အလုပ်လုပ်နေပြီဖြစ်တဲ့ အတွက် ဒါကလည်း ကာကွယ်နိုင်မှုရပါတယ်။ ဒီလို မျိုး ကာကွယ်နိုင်မှု မရှိတဲ့သူတွေကို ဦးစားပေးပြီး ထိုးဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါက အရေးကြီးပါတယ်။ တချို့တွေက ကာကွယ်ဆေး ပထမအကြိမ် ထိုးတယ်၊ ထိုးပြီး နောက်တစ်ပတ် အကြာမှာ အကြောင်းကြောင်းကြောင့် ရောဂါ ပိုးကူးစက်ခံရတယ်။ ဒုတိယအကြိမ် ဘယ်တော့ ထိုးရမလဲ ဒါမျိုးတွေ ပြောပါတယ်။ ဒုတိယ အကြိမ်ကို ရောဂါပိုးဝင်ရောက် ကူးစက်ခံရတဲ့ရက် ကနေစပြီး ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံနိုင်ပါတယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟိုဌာန (CDC)က ပြောထားတာ ရှိပါတယ်။
ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ရောဂါ ပြင်းထန်စွာခံစားရမှုတွေ၊ ဆေးရုံတက်ရောက်ရမှု တွေ၊ သေဆုံးမှုတွေကနေ ကာကွယ်နိုင်တယ်ဆိုတာ က အသေအချာဖြစ်ပါတယ်။ ကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကြီးကို ထိုးလိုက်တဲ့ကာကွယ်ဆေးနဲ့ဆိုင်တဲ့ ရောဂါပိုးဝင်ရောက်လာ ပါက သူနဲ့သက်ဆိုင်တဲ့ ကာကွယ်နိုင်မှုရဖို့အတွက် ဆောင်ရွက်ပေးပါတယ်၊ မိမိရဲ့ ကိုယ်ခံအားစနစ် ကြီး တောင့်တင်းခိုင်မာအောင် တည်ဆောက်ပေး တာဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးနှံပေးလိုက်တဲ့အခါ ကိုယ်ခံအားစနစ်ကို ရောဂါနဲ့ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ရမယ့်ဆိုတဲ့ လမ်းညွှန်ချက်တွေပေးပါတယ်။ ကိုယ်ခံအားစနစ်ကနေ Antibody ထုတ်ပါတယ်။ Antibody ကနေ ရောဂါဝင်ရောက် ကူးစက်လာ တဲ့အခါ ရှေ့တန်းခံစစ်အနေနဲ့ တိုက်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး တွေမှာ ရောဂါပိုးအရှင်ကို မထည့်ထားပါဘူး။ ပိုး တွေရဲ့ အာနိသင်လျော့အောင်နဲ့ အစွမ်းမဲ့အောင် လုပ်ထားပါတယ်။ သို့သော် ကာကွယ်ဆေးက ခန္ဓာ ကိုယ်ထဲမှာ ကိုယ်ခံအားစနစ်တက်အောင်၊ လှုံ့ဆော် နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီလိုဖန်တီး ထားတဲ့အတွက် ခန္ဓာကိုယ်ထဲကနေ ရောဂါပိုးဝင် ရောက်လာပါက တိုက်ထုတ်နိုင်ဖို့နဲ့ ကိုယ်ခံစွမ်းအား တွေ ရှိနေဖို့အတွက် ဆောင်ရွက်ပေးပါတယ်။
ကာကွယ်ဆေးအများစုက ထိုးဆေးအနေနဲ့ ဖြစ်ပါတယ်။ တချို့ ကာကွယ်ဆေးတွေက သောက် ဆေးအနေနဲ့ လာပါတယ်။ တချို့ကာကွယ်ဆေး တွေက နှာခေါင်းကနေ ရှူရတဲ့ ရှူဆေး/ ဖျန်းဆေး အနေနဲ့ လာတာရှိပါတယ်။ ယခုကိုဗစ် - ၁၉ ရောဂါ နဲ့ပတ်သက်ပြီး သောက်ဆေးတွေ ဖော်ထုတ်နေတဲ့ ကိစ္စတွေ ရှိပါတယ်။ နှာခေါင်းကနေ ရှူသွင်းနိုင် အောင် ထုတ်လုပ်နေတဲ့ဆေးတွေရှိပါတယ်။
အစီအစဉ်မှူး ။ ။ ကာကွယ်ဆေးတွေ ထိုးနှံတဲ့
အခါ ကာကွယ်ဆေးက ဘယ်လို အလုပ်လုပ်လဲဆိုတာ ပြောပြပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ ကာကွယ်ဆေးထိုးခြင်း
က ရောဂါမဖြစ်ဖို့ အတွက် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးတာဖြစ် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံ အားစနစ်က သူ့ကိုတိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားတွေ ထုတ်လုပ်ပေးခြင်းကို ဆောင်ရွက်တာဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးနှံတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေပြီး ကိုယ်ခံအားတွေထုတ်ပါ တယ်။ ဒီထုတ်လိုက်တဲ့ ကိုယ်ခံအားတွေက အလုပ် (၃)ခုလုပ်ပါတယ်။ (၁) ခန္ဓာကိုယ်ထဲ ဝင်ရောက်လာ တဲ့ ရောဂါပိုး (သို့မဟုတ်) ဗက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်ဖြစ်ဖြစ် ကျူးကျော်လာတဲ့ ဒီရောဂါပိုးမွှားတွေကို သက်ဆိုင်တဲ့ကာကွယ်ဆေးနဲ့ တိုက်ထုတ်ဖို့ မှတ်မိအောင်လုပ်ပါတယ်။ (၂) ခန္ဓာ ကိုယ်ထဲကို ဝင်ရောက်ကျူးကျော်လာတဲ့ ရန်သူ အတွက် Antibody တွေ ထုတ်ပါတယ်။
Antibody ဆိုတာကလည်း ပရိုတင်းတွေဖြစ်ပါ တယ်။ သူက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ Antibody ဆိုတဲ့ ပရိုတင်းတွေကိုထုတ်ပြီး ရောဂါကို တိုက်ခိုက်ဖို့အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ (၃) ရောဂါဝင်ရောက်လာပြီး နောက်ပိုင်းမှာ ဒီရောဂါ ကို မှတ်မိသိရှိအောင် လုပ်ပါတယ်။ ရောဂါပိုး ဝင်ရောက်ခဲ့ပြီးလို့ ပျောက်ကင်းသွားတဲ့ အချိန် အတော်ကြာပြီး ထပ်မံဝင်ရောက်လာပါက ဒီရောဂါ ကို တိုက်ထုတ်ကာကွယ်နိုင်အောင် ဆောင်ရွက်ပါ တယ်။ ဒီအချက် (၃)ချက်ကို ကာကွယ်ဆေးတွေက အလုပ်လုပ်ပါတယ်။
တကယ်လို့ ရောဂါပိုး တစ်ခုခု ကူးစက်ခံရတယ်၊ ရောဂါပိုး တစ်ခုခုနဲ့ ထိတွေ့မှုရှိလိုက်တယ် ဆိုရင် ကိုယ်ခံအားတွေက လျင်လျင်မြန်မြန်သိရှိပြီး မြန်မြန်ဆန်ဆန် မိမိကို အန္တရာယ်ပေးတဲ့အဆင့် မရောက်ခင်မှာ တိုက်ထုတ်နိုင်ပါတယ်။ ကာကွယ် ဆေးတွေသည် ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားစနစ်တွေ တည်ဆောက်ဖို့အတွက် အလွန်ရိုးရှင်းသော၊ လွယ်ကူသော၊ စိတ်ချရသော နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ ထိုးနှံလိုက်ပြီဆိုရင် ကာကွယ်ဆေးအပေါ်မူတည်ပြီး သက်ဆိုင်ရာ လိုအပ်တဲ့ ကိုယ်ခံအားစနစ်တွေကို တည်ဆောက် ပါတယ်။ တချို့ကိုယ်ခံအားစနစ်တွေက ဆယ်စုနှစ် နဲ့ချီ ခံပြီး တချို့ကိုယ်ခံအားတွေက တစ်သက်လုံးခံ တယ်လို့ ပြောပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေ ထိုးနှံဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးနှံခြင်းသည်သာ စိတ်ချရဆုံး၊ ဘေးကင်း လုံခြုံမှု အရှိဆုံး ရောဂါကို ကာကွယ်ခြင်းဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။
အစီအစဉ်မှူး ။ ။ ကာကွယ်ဆေးတွေက ဘယ်
လို ရောဂါပိုးတွေကို ကာကွယ် သလဲဆိုတာ ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ ဒါကို မပြောခင်မှာ
ဘာလို့ ကာကွယ်ဆေး တွေကို ထိုးနှံရမှာလဲဆိုတာကို ပြောကြားချင်ပါ တယ်။ ကာကွယ်ဆေးသာမရှိရင် ခန္ဓာကိုယ်က ဝင်ရောက်လာတဲ့ ရောဂါပိုးကြောင့် ပြင်းထန်စွာ ဝေဒနာခံစားရမယ်၊ ဆိုးဆိုးရွားရွားခံစားရတဲ့အပြင် သေဆုံးမှုတွေအထိလည်း ဖြစ်နိုင်ပါတယ်။ အသက် အန္တရာယ်ပေးနိုင်လောက်တဲ့ အခြေအနေအထိ မရောက်အောင် ကာကွယ်နိုင်တဲ့အတွက် ထိုးနှံရ ခြင်းဖြစ်ပါတယ်။
ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြင့် နှစ်စဉ်ကလေး လေးသန်းရဲ့ အသက်ကို ကာကွယ်ပေးပါတယ်။ ကာကွယ်ဆေးတွေက ထိရောက်ပါတယ်၊ အရေးကြီးပါတယ်။ ကူးစက် ရောဂါဆိုတာ လူသားတွေလို ပတ်စပို့နဲ့ ဗီဇာ မလို ပါဘူး။ ကမ္ဘာကြီးက Globalization ဖြစ်လာတဲ့အခါ တစ်နေရာကနေ တစ်နေရာကို ကူးလူးဆက်ဆံမှု တွေ များလာပါတယ်။ တစ်နိုင်ငံမှာ ရောဂါဖြစ်ရင် နောက်တစ်နိုင်ငံမှာ အလွယ်တကူ ဖြစ်နိုင်တဲ့ အတွက် ကာကွယ်ဆေးနဲ့ ကာကွယ်ထားခြင်းဖြင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရောဂါတွေ မဝင်ရအောင်၊ မကူးစက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးရခြင်းရဲ့ အဓိကရည်ရွယ် ချက် (၂)ချက်ရှိပါတယ်။ နံပါတ်(၁)က မိမိကိုယ်ကို ကာကွယ်ဖို့၊ နံပါတ်(၂)က မိမိရဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေ ထိုးနှံပေးရခြင်းဖြစ်ပါတယ်။ ဥပမာ - အချို့အသက်အရွယ်ငယ်တဲ့ကလေးတွေ ကာကွယ်ဆေးထိုးဖို့ မသင့်လျော်သေးပါဘူး။ ကာကွယ်ဆေးထိုးဖို့ အကျုံးမဝင်သေးတဲ့ ကလေး တွေ၊ ကိုယ်ခံအားကျနေတဲ့သူတွေ၊ ကာကွယ်ဆေးထဲ မှာပါတဲ့ အချို့ပစ္စည်းတွေနဲ့မတဲ့လို့ ကာကွယ်ဆေး မထိုးရတဲ့ သူတွေရှိပါတယ်။ အခြားသူတွေက ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဒီလိုလူတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေက ဘယ်လိုရောဂါတွေကို ကာကွယ်သလဲဆိုရင် အခုဖြစ်နေတဲ့ ကိုဗစ် - ၁၉ ရောဂါတွေ၊ အမျိုးသမီးတွေမှာ ဖြစ်ပွားမှုများတဲ့ သားအိမ်ခေါင်းကင်ဆာ၊ ကာလဝမ်း၊ ဆုံဆို့၊ ကြက် ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ တုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဦးနှောက်အမြှေး ပါးရောင်၊ ပိုလီယို၊ တိုက်ဖွိုက်နဲ့ ခွေးရူးရောဂါတွေ အပြင် အများကြီး ကာကွယ်နိုင်ပါတယ်။ ရောဂါ တွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေအပေါ် မူတည်ပြီး ဖြစ်ပွားမှုတွေအနေနဲ့ ကွာခြားမှာဖြစ်ပါ တယ်။
ဒီအခါ လက်ရှိအနေအထားအရ အချို့ကာကွယ် ဆေးတွေက စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ အီဘိုလာ၊ ငှက်ဖျား ကာကွယ်ဆေးတွေကို စမ်းသပ် ပြီး အချို့နေရာတွေမှာ ထိုးနှံနေပြီ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး မထိုးနှံသေးပါဘူး။ ထိုးနှံပြီဆိုရင် ဖြစ်ပွား၊ သေဆုံးမှုကျမှာ အသေအချာ ဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ ကာကွယ်ဆေးတွေကို ဘယ်
လို အချိန်မှာ ထိုးနှံရမလဲ၊ ဘယ်လို နည်းစနစ်တွေနဲ့ ထုတ်လုပ်သလဲဆိုတာ ပြောကြား ပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ ကာကွယ် ဆေးကို
ရောဂါပိုး မဝင်ရောက် ခင်ထိုးနှံပါလို့ WHO က ပြောထားပါတယ်။ ရောဂါ ပိုးဝင်ရောက်ပြီးပြီဆိုရင် ခန္ဓာကိုယ်က ကိုယ်ခံ အားကို တိုက်ထုတ်ဖို့ အချိန်ယူရမှာ ဖြစ်တဲ့အတွက် အချိန်မမီဘဲဖြစ်သွားပြီး ရောဂါလက္ခဏာပြင်းထန် တာ၊ ရောဂါဝေဒနာခံစားရတဲ့အဆင့်အထိ ရောက်တာမျိုးတွေ ဖြစ်ပြီးမှ ကိုယ်ခံအားတွေရ တယ်ဆိုရင် အနည်းငယ် နှောင့်နှေးသွားနိုင်ပါ တယ်။
ဒါကြောင့် ကာကွယ်ဆေးကို ရောဂါပိုး မဝင် ရောက်ခင် ထိုးနှံဖို့အရေးကြီးပါတယ်။ ကာကွယ် ဆေးမှာ အထူးသဖြင့် ကလေးငယ်တွေ၊ ဆယ်ကျော် သက်တွေ၊ အသက်ကြီးတဲ့အထိ သူတို့နဲ့ သက်ဆိုင် တဲ့ ကာကွယ်ဆေးတွေ အကျုံးဝင်ပါတယ်။ တချို့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးကတ်တွေနဲ့ သေချာ ထိုးနှံပေးပြီး ဘယ်ကာကွယ်ဆေးက မထိုးမနေရ ထိုးရမယ်စသဖြင့် ဒါမျိုးတွေ ပါဝင်ပြီးသားဖြစ် ပါတယ်။
ကာကွယ်ဆေးတွေ ဘယ်လိုထုတ်လုပ်သလဲ၊ ကာကွယ်ဆေးတွေ ဘယ်လိုစမ်းသပ်သလဲဆိုတာ ရှင်းပြချင်ပါတယ်။ ကာကွယ်ဆေးတစ်ခု ထုတ်လုပ် ဖို့ အဆင့်ပေါင်းများစွာ၊ ရှုပ်ထွေးမှုပေါင်း များစွာရှိပါ တယ်၊ တကယ့်ကို မလွယ်ကူပါဘူး။ ကာကွယ်ဆေး ကို စတင်စမ်းသပ်တဲ့ အဆင့်မှာ တိရစ္ဆာန်ကို စတင် စမ်းသပ်ရပါတယ်။ ပြီးမှ လူမှာ စမ်းသပ်ရတာဖြစ်ပါ တယ်။ လူမှာစမ်းသပ်တဲ့အဆင့် (၁)မှာ ကာကွယ် ဆေး ၅၄ မျိုးရှိပါတယ်။ အဆင့်(၂)မှာ ၄၁ မျိုးရှိပါ တယ်။ အဆင့်(၃)မှာ ၃၂ မျိုးရှိပါတယ်။ လက်ရှိ အတိုင်းအတာ တစ်ခုအထိ ကန့်သတ်ပြီး အသုံးပြု ခွင့်ရတဲ့ကာကွယ်ဆေး ၁၁ မျိုး ရှိပါတယ်။ အပြည့် အဝ အသုံးပြုလို့ရတဲ့ ကာကွယ်ဆေး ရှစ်မျိုးရှိပြီး ကာကွယ်ဆေးတွေ ထုတ်လုပ်တဲ့ ဖြစ်စဉ်မှာ ဆက် ပြီး စမ်းသပ်ဖို့မသင့်လျော်ဘူးဆိုပြီး စွန့်ပစ်ခံရတဲ့ ကာကွယ်ဆေး ငါးမျိုးရှိပါတယ်။
ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်ဖော်နေ တာလဲဆိုတာကို ပြောချင်ပါတယ်။ လက်ရှိသုံးနေ တဲ့ ကာကွယ်ဆေးတွေက ဆယ်စုနှစ်နဲ့ချီတည်ရှိ နေပြီး လူသန်းပေါင်းများစွာကို ရောဂါဖြစ်ပွား၊ သေဆုံးမှုတွေကနေ ကာကွယ်ပေးလျက်ရှိပါတယ်။ အထူးသဖြင့် အသက်ငယ်လွန်းတဲ့ ကလေးတွေ၊ အသက်ကြီးလွန်းတဲ့ လူကြီးတွေကို အဓိက ကာကွယ်ပေးတာဖြစ်ပါတယ်။
ဘယ်ကာကွယ်ဆေးကမှ ၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်မှုမရပါဘူး။ ကာကွယ်ဆေးတွေကို ဖော်စပ်ရာမှာ အန္တရာယ်ကင်းစေဖို့၊ စိတ်ချရစေဖို့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ပါတယ်။ ပြင်းပြင်း ထန်ထန်လည်း လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါ တယ်။ အကဲဖြတ်တာ၊ စစ်ဆေးတာတွေ လုပ်ပါ တယ်။ ကာကွယ်ဆေးတစ်ခုကို လူတွေမှာ အသုံး ပြုခွင့်ပေးတယ်ဆိုတဲ့အဆင့် မရောက်ခင် အသေ အချာ အဆင့်ဆင့် စမ်းသပ်မှုတွေလုပ်ပါတယ်။
ပထမဦးဆုံး ဒီကာကွယ်ဆေးသည် ဘေးကင်းရဲ့ လားဆိုတာကို တိရစ္ဆာန်တွေမှာ စမ်းသပ်ပါတယ်။ စိတ်ချရတယ်၊ ရောဂါကို ကာကွယ်နိုင်စွမ်းဖြစ်နိုင်ခြေ ရှိတယ်ဆိုရင် လူမှာ စမ်းသပ်ပါတယ်။ လူမှာစမ်းသပ် တာ အဆင့်(၃)ဆင့် ရှိပါတယ်။ ပထမအဆင့်စမ်းသပ် ရာမှာ ကာကွယ်ဆေးရဲ့ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု ကို ကြည့်ပါတယ်။ ကာကွယ်ဆေးတစ်ခုက ဘယ် လောက် ကောင်းကောင်း စိတ်ချရမှုမရှိဘူး၊ ဘေး ထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတဲ့ ဆေးမျိုးကို သုံးလို့မရပါဘူး။ စိတ်ချရပြီ၊ ကာကွယ်နိုင်မှုတွေ အသင့်အတင့် ထွက်လာပြီဆိုရင် (Dosage) ဒီကာကွယ်ဆေးကို ဘယ်လောက်ပေးရင် အကောင်းဆုံးရလဒ်ရမလဲ၊ ပေးလိုက်တဲ့ပမာဏမှာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တွက်ချက်ထားမှုတွေရှိ ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး Dosage ကို လူ နည်းနည်းမှာ စမ်းသပ်တာ ဖြစ်ပါတယ်။ စိတ်ချရပြီ၊ Dosage ကို သိပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ Volunteer တွေကို လူရာနဲ့ချီပြီး စမ်းသပ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေရှိသလား၊ ကိုယ်ခံအားတွေ ရော တက်သလား၊ ကာကွယ်ဆေး ထိုးပြီးတဲ့အခါ သူ့ရဲ့ရလဒ်ကို ကြည့်ပါတယ်။ ကာကွယ်ဆေးထိုးပြီး တဲ့သူမှာ ဘာတွေခံစားရတယ် စသဖြင့် ဖြစ်သမျှ တွေကို အကုန်မှတ်တမ်းတင်ပါတယ်။
ဒုတိယအကြိမ်စမ်းသပ်ရာမှာ အသက်အရွယ်၊ ကျား/မ ကွဲပြားမှုမရှိစေဘဲ လုပ်ဆောင်ပါတယ်။ တချို့လူတွေကို စမ်းသပ်တဲ့ကာကွယ်ဆေးထိုးပေးပါတယ်။ တချို့လူတွေကို အခြားအန္တရာယ်မရှိတဲ့ ဆေးကိုထိုးပေးပါတယ်။ ဒီလိုနည်းနဲ့ ထိုးတဲ့သူနဲ့ မထိုးတဲ့သူ ဘာတွေကွာခြားသလဲ ဆိုတာကို နှိုင်းယှဉ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကောက်ချက်ချ ပါတယ်။ ကာကွယ်ဆေးသည် ထိရောက်တယ်၊ ဘေးထွက်ဆိုးကျိုးတွေက ဘယ်လိုရှိတယ်၊ ထိုးနှံ တဲ့သူထဲမှာ ဘယ်လောက်က ရောဂါပိုးကူးစက်ခံ ရတဲ့အဆင့် ရောက်တယ်၊ မထိုးနှံတဲ့သူ ဘယ် လောက်က ရောဂါဖြစ်တယ် စသဖြင့် ဒါတွေကို ကြည့်ပါတယ်။ ဒါကအဆင့်(၂)ဖြစ်ပြီး ရောဂါပိုး ကူးစက်မခံရတဲ့သူတွေကို စမ်းသပ်တာဖြစ်ပါတယ်။
အဆင့်(၃)က လူတွေ ထောင်နဲ့သောင်းနဲ့ချီပြီး စမ်းသပ်ပါတယ်။ တချို့တွေကို ကာကွယ်ဆေး ထိုးပေးပါတယ်။ တချို့တွေကို မထိုးပေးပါဘူး။ ဒီအဆင့်မှာ စိတ်ချရမှုလည်း ကြည့်ပါတယ်။ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ကြည့်ပါတယ်။ ထိုးနှံတဲ့သူတွေမှာ ဘယ်လောက်အထိ ကာကွယ် နိုင်မှုရသလဲ၊ ဘယ်လောက်အထိ အန္တရာယ်ကင်း သလဲကို ကြည့်ပါတယ်။ စိတ်ချရတဲ့ အနေအထား ဖြစ်ပြီဆိုရင် နောက်ထပ်အဆင့်တွေဖြစ်တဲ့ ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှု၊ ထိရောက်မှု၊ ကာကွယ်ဆေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်း တွေက ဒါကို အသိအမှတ်ပြုနိုင်ခြင်း ရှိ/မရှိ၊ ပြည်သူ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မူဝါဒချမှတ်သူတွေက ကာကွယ်ဆေးကို ထိုးနှံခွင့် ပေးသင့်/ မပေးသင့် ဒါတွေကို ဆုံးဖြတ်ပါတယ်။ စိတ်ချရပြီ၊ ကာကွယ် ဆေးထိုးနှံပေးပြီဆိုရင် ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်သလဲဆိုတာကို စောင့်ကြည့်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးက ဘယ်လိုလူတွေမှာ ထိုးနှံရင် အကောင်းဆုံးရလဒ်ကို ရမလဲဆိုတာ တွေကို ကြည့်ပါတယ်။ စိတ်ချရတဲ့အဆင့်ရပြီဆို မှသာ ကာကွယ်ဆေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ WHO နဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေက အဆင့်ဆင့်ပြန် ပြီး အကဲဖြတ်စစ်ဆေးပြီး ဒီကာကွယ်ဆေးသည် အရေးပေါ်အသုံးပြုခွင့်ပေးသင့်တဲ့ ကာကွယ်ဆေး ဟုတ်/မဟုတ် ဆုံးဖြတ်တာဖြစ်တဲ့အတွက် အဆင့် တိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ ကာကွယ်ဆေး တွေကိုသာ WHOက အသိအမှတ်ပြုတာဖြစ်ပါ တယ်။ WHO က အသိအမှတ်ပြုပြီးတဲ့ ကာကွယ် ဆေးတွေကိုပဲ အသုံးပြုတာဖြစ်တဲ့အတွက် ပြည်သူ လူထုအနေနဲ့ စိတ်ချယုံကြည်စွာ ထိုးနှံနိုင်တယ် ဆိုတာကို ပြောကြားလိုပါတယ်။
အစီအစဉ်မှူး ။ ။ ဖြည့်စွက် ပြောကြားလိုတာ
ရှိရင် ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ ကာကွယ်ဆေးတွေရဲ့
အာနိသင်ထက်မြက်မှု၊ ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှုကို သံသယမရှိပါနဲ့၊ တချို့တွေက ကာကွယ်ဆေးထိုးနှံဖို့ အဟန့်အတား လုပ်နေတာတွေ ရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့သူတွေမှာလည်း ပိုးကူးစက်ခံရတယ် စသဖြင့် ဒါမျိုးတွေ ပြောနေကြတာလည်း ရှိပါတယ်။ ကာကွယ်ဆေးတစ်ခု ထိုးနှံပြီး ကာကွယ်နိုင်မှု ဘယ်တော့ရသလဲဆိုရင် နှစ်ကြိမ်ထိုးရတဲ့ ကာကွယ် ဆေးမှာ နှစ်ကြိမ်အပြည့်ထိုးပြီး နှစ်ပတ်အကြာ နောက်ပိုင်းမှာ ကာကွယ်နိုင်မှုရပါတယ်။ တစ်ကြိမ် ထိုးပြီးရုံနဲ့ ကာကွယ်နိုင်မှုမရပါဘူး။ နှစ်ကြိမ်ထိုးပြီး ပြီးချင်းလည်း ကာကွယ်နိုင်မှု မရပါဘူး။
ကာကွယ်ဆေးထိုးတဲ့အခါ အကြိမ်ပြည့်ထိုးပါ။ စနစ်တကျ ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းတွေ ကို လိုက်နာပြီးထိုးနှံပါ။ ကာကွယ်ဆေးထိုးနှံဖို့ စီစဉ် ပေးရတဲ့ တာဝန်ရှိသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးနှံသူတွေ အန္တရာယ်ကင်းရှင်းစေဖို့၊ ကူးစက်မှု မရှိစေဖို့ စနစ်တကျ ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါ တယ်။ ကာကွယ်ဆေးတွေ များများထိုး၊ မြန်မြန် ကာကွယ်ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအစရှိတဲ့ ကဏ္ဍအသီးသီးမှာ သူများ ထက်နောက်ကျမကျန်ခဲ့ဖို့၊ အမီလိုက်နိုင်ဖို့လိုပါ တယ်။
ဒီလို အမီလိုက်နိုင်ဖို့ဆိုတာက လက်ရှိဖြစ်ပေါ် နေတဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ လက်ရှိ တတိယလှိုင်း ဖြစ်ပွားမှုက အတော်ကြီးကို ထိန်းချုပ်နိုင်တဲ့ အခြေ အနေကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ပြည်သူတွေ ဒီအခြေအနေကောင်းကို လက်လွတ်မခံဘဲ ဆက်ပြီး ရောဂါဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့၊ ရောဂါ ဖြစ်ပွားမှုတွေကနေ အမြန်ဆုံးကင်းလွတ်နိုင်ဖို့ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။
ကိုဗစ် - ၁၉ စည်းကမ်းတွေကို လိုက်နာမယ်၊ ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့သူတွေက အမြန်ဆုံး ထိုးနှံမယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ မြန်မာနိုင်ငံက ကိုဗစ် - ၁၉ အန္တရာယ်ကနေ ကောင်းစွာထိန်းချုပ်နိုင်ပြီး ပုံမှန်လူနေမှုဘဝတွေ အမြန်ဆုံးစတင်နိုင်မှာ ဖြစ်ပါတယ်။ အသက်ဝဝရှူ နိုင်တဲ့နေ့ ရောက်ရှိနိုင်ဖို့ဆိုတာ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမယ့် ဆီဖြစ်တဲ့ အထဲမှာ နှမ်းတစ်စေ့စီရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ပါဝင်တာမို့ ကျွန်မတို့အတူ စုပေါင်းပြီး ကြိုးစား အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင် ပါတယ်ရှင်။