
နေပြည်တော် ဩဂုတ် ၂၃
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် (၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ 4th International Maritime Security Symposium (2021) အခမ်းအနားကို “လုံခြုံမှု၊ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် အပြည်ပြည်ဆိုင်ရာ
ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ယနေ့တွင် Hybrid Symposium (Online and Offline) စနစ်ဖြင့် ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော တပ်မတော်(ရေ)မှ ကိုယ်စားလှယ် အရာရှိကြီးများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာစစ် သံမှူး(ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ၊ ဩစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ စပိန်၊ တူရကီ၊ အမေရိကန်၊ ဗြိတိန်၊ ဗီယက်နမ် စသည့်နိုင်ငံပေါင်း ၅၄ နိုင်ငံမှ ရေတပ် ဦးစီးချုပ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ ရေတပ် ဦးစီးချုပ် Admiral Yudo Margono က (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်း လုံခြုံ ရေး နှီးနှောဖလှယ်ပွဲ(4th IMSS 2021) အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ် ပေးကာ အင်ဒိုနီးရှား ရိုးရာယဉ်ကျေးမှု အစီအစဉ် များဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် အင်ဒိုနီးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ညှိနှိုင်း ကွပ်ကဲရေးမှူးနှင့် အင်ဒိုနီးရှား ဒုတိယကာကွယ်ရေး ဝန်ကြီးတို့က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြသည်။
ယင်းနောက် အင်ဒိုနီးရှားနိုင်ငံ၏ မြို့ပြရှုခင်း များကို ဗီဒီယိုဖြင့်ပြသကာ မိတ်ဆက်ခဲ့သည်။ ထို့နောက် နှီးနှောဖလှယ်ပွဲ ပထမနေ့ကို ပင်လယ်ပြင် ရေကြောင်းစိန်ခေါ်မှုနှင့် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ “အပြည်ပြည်ဆိုင်ရာ ရေကြောင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း ကိစ္စ များ"၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ “ကိုဗစ်-၁၉ ရောဂါ၏ အဘက်ဘက်မှ စိန်ခေါ်မှုများနှင့် နှောင့်နှေးကြန့်ကြာမှုများအား ကျော်လွှားနိုင်ရန် စစ်ဘက်နှင့် အရပ်ဘက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကဏ္ဍများ”၊ “ သင်္ဘောများ၏ ကုန်တင်ပို့မှုနှင့် ဆိပ်ကမ်းအပေါ်သက်ရောက်မှု
ကိစ္စရပ်များ”၊ အာရှရွက်လွှင့် သင်တန်းကျောင်းအဖွဲ့ အစည်းနှင့် အာရှရွက်လွှင့်ပြိုင်ပွဲအစီအစဉ်များ တည်ထောင်ခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ နှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး(HADR)နှင့်
ပတ်သက်၍ “ဆယ်စုနှစ်အတွင်း အင်ဒို-ပစိဖိတ် ဒေသ ၌ ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု”၊“သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သံတမန်ရေးနည်းလမ်းကို အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတစ်ခုကဲ့သို့ အာဆီယံဒေသအတွင်း ပြောင်းလဲကျင့်သုံးမည့် အစီ အစဉ်” ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးကဏ္ဍတွင် တပ်မတော် (ရေ)အနေဖြင့် အသင့်ဖြစ်မှုအဆင့်အလိုက် ပြင်ဆင် ဆောင်ရွက်သင့်သည့် အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။
ယနေ့နှီးနှောဖလှယ်ပွဲတွင် ခေါင်းစဉ်များကို အပိုင်း ၃ ပိုင်းခွဲခြား၍ ရေတပ်ဦးစီးချုပ်များ၊ နိုင်ငံ တကာ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက Power Point Presentation ဖြင့် အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။
(၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
ရေကြောင်းလုံခြုံရေးနှီးနှောဖလှယ်ပွဲ (4th IMSS 2021) အခမ်းအနားကို ဩဂုတ် ၂၄ ရက်တွင် ဒုတိယနေ့ အဖြစ် “သီးသန့်စီးပွားရေးဇုန်များတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် သတင်းထောက်လှမ်းခြင်းဆိုင်ရာ လှုပ်ရှားမှုများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ”၊ “ရေကြောင်း လုံခြုံရေး ဆိုင်ရာ သတင်းအချက်အလက် ဖလှယ်မှု တည်ဆောက်ခြင်း” နှင့် “မောင်းသူမဲ့ရေယာဉ်များအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ရှုထောင့်များ” စသည့်ခေါင်းစဉ်များဖြင့် နှီးနှောဖလှယ်ပွဲကို အပိုင်း ၃ ပိုင်းခွဲခြား၍ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်