ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်    ဩဂုတ်    ၁၁


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို  လုပ်ဆောင်လျက်ရှိပြီး  ပြီးစီးသည့်နေရာများတွင် စနစ်တကျ လက်ခံ၍  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်   အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊        ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍  သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 


ညှိနှိုင်းဆောင်ရွက်ပေး


ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို   ယနေ့တွင်   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊    အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  


ထိုသို့  ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၂၀၄ ဦးနှင့် အမျိုးသမီး ၁၈၅ ဦး စုစုပေါင်း ၃၈၉ ဦးကို လည်းကောင်း၊    ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၃ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၅၆ ဦး နှင့် အမျိုးသမီး ၂၂၈ ဦး  စုစုပေါင်း ၄၈၄ ဦးကို လည်းကောင်း၊  ရဲမွန်တပ်မြို့ရှိ  နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၈၆ ဦး နှင့် အမျိုးသမီး ၅၉ ဦး စုစုပေါင်း ၁၄၅ ဦးကို လည်းကောင်း   အသီးသီး လက်ခံထားရှိကြောင်း သိရသည်။


ကူညီဆောင်ရွက်ပေး


အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။


ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ တက္ကသိုလ်၌ ကိုဗစ်- ၁၉ ရောဂါ အတည်ပြုပိုးတွေ့ လူနာများထားရှိရန် ကုသဆောင်များနှင့် သီးသန့် စောင့်ကြည့်လူနာများ          ထားရှိရန်အတွက်  Quarantine Center များ ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို    တြိဂံဒေသတိုင်းစစ် ဌာနချုပ်  တိုင်းမှူး  ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

          
သတင်းစဉ်