
နေပြည်တော် သြဂုတ် ၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ဆေးရရှိရေး၊ ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ နည်းလမ်း တကျ ရရှိရေးအတွက် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် သက်ဆိုင်ရာ ကော်မတီများ၊ ဌာနများ၊ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် များ၊ ကုန်သည်များ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိ စေရေးနှင့် ပြည်ပမှ တင်သွင်း ရာတွင် အဆင်ပြေချောမွေ့စေရေး အတွက် အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း ခေါင်းဆောင်သော UMFCCI Task Force ကို စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
Task Force သည် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ကုသရေးနှင့် သက်ဆိုင်သည့် ဆေးဝါးများ၊ ဆေး ပစ္စည်းကိရိယာများ တင်သွင်း ရာတွင် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) သို့ One-Time Permit များ လျှောက် ထားရာတွင် လက်ခံဆောင်ရွက် ပေးခြင်း၊ သက်ဆိုင်ရာဌာန အသီးသီးနှင့် ချိတ်ဆက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ Task Force ရုံးအဖွဲ့ ကို အသင်းချုပ်ရုံးမြေညီထပ်၌ နေ့စဉ်ဖွင့်လှစ်ထားပြီး ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေ သည့် လုပ်ငန်းရှင်များအား ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဖုန်းနံပါတ် ၀၉-၆၇၇၇၂၇၄၀၃၊ ၀၉-၆၇၇၇၂၇၄၀၄၊ ၀၉-၆၇၇၇၂၇၄၀၅ တို့ကို ဆက်သွယ် နိုင်ကြောင်း သိရသည်။
မောင်ဓန