
မြတ်မင်းလှိုင်
ရှေးလွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်ကြီးကို ပုပ္ပဝတီဟု ခေါ်တွင်ခဲ့သည်။ ထိုပုပ္ပဝတီပြည်၌ ဝသဝတ္တီမင်း၏ သားတော် ဧကရာဇ်သည် မင်းပြုလေသည်။ ထိုဧကရာဇ်မင်း၏သားတော်ကြီးမှာ စန္ဒကုမာရ အိမ်ရှေ့အရာ စံစားလေသည်။ ဧကရာဇ်မင်း၏ ပညာရှိ ပရောဟိတ်သည်ကား ခဏ္ဍဟာလဖြစ်လေသည်။
ထိုခဏ္ဍဟာလပုဏ္ဏားအား ပညာရှိသောသူဖြစ်၍ တရားဆုံးဖြတ် ခြင်းပြုရာ လွှတ်တော်သဘင်၌ တရားစီရင်ဆုံးဖြတ်ရန် အပ်နှင်းထား လေသည်။ မမှန်မကန်စီရင်လေ့ရှိပြီး တံစိုးလက်ဆောင် လာဘ်စား ခြင်းတွင် လွန်ကဲလှသည်။ တစ်နေ့အသောအခါတွင် ထိုပုဏ္ဏား၏ စီရင်ဆုံးဖြတ်မှုတွင် တရားရှုံးနိမ့်ခဲ့ရသော ယောကျာ်းတစ်ဦးသည် တရားဆုံးဖြတ်ရာ လွှတ်သဘင်မှ ကြွေးကြော်လျက် ထွက်ခွာလေ သည်။ ထိုအခါ နန်းတော်သို့ ဝင်လာသော စန္ဒကုမာရအား မြင်လေ လျှင် မင်းသား၏ ရှေ့သို့ပြေးဝင်လာကာ ခြေရင်း၌ ဝပ်ဆင်းငိုကြွေး လေသည်။ မင်းသားက အဖြစ်မှန်ကို မေးမြန်းသည့်အခါ ခဏ္ဍဟာလ ပုဏ္ဏားသည် တရားဆုံးဖြတ်ရာ၌ တံစိုးလက်ဆောင်ရယူပြီး မမှန် မကန်ဆုံးဖြတ်သဖြင့် မိမိတရားရှုံးခဲ့ရပါကြောင်း လျှောက်တင်လေ သည်။ ထိုအခါ စန္ဒကုမာရမင်းသားလည်း အမှန်အတိုင်း ဖြစ်စေရမည် ဟု နှစ်သိမ့်စကားဆိုကာ တရားဆုံးဖြတ်ရာ လွှတ်သဘင်သို့ ပြန်လည် ခေါ်ဆောင်လာ၏။ ထို့နောက်မင်းသားသည် မြင့်သောတရားသူကြီး နေရာ၌နေ၍ အမှုကိုပြန်လည်စစ်ဆေးကာ ဖြောင့်မှန်သည့်အတိုင်း စီရင်ဆုံးဖြတ်တော်မူလေသည်။ ထိုအခါ လွှတ်တော်သဘင်၌ရှိသော ပရိသတ်အပေါင်းတို့သည် အိမ်ရှေ့မင်းသည် ကောင်းစွာစီရင်ဆုံးဖြတ် ပေသည်ဟု ကြွေးကြော်၍ ကောင်းချီးပေးကြကုန်၏။
ထိုအဖြစ်အပျက်ကို ဧကရာဇ်မင်းကြားသိလျှင် လွန်စွာဝမ်းမြောက်တော်မူသောကြောင့် ခဏ္ဍဟာလ ပုဏ္ဏားအား ရာထူးမှချပြီး စန္ဒ ကုမာရမင်းသားအား တရားသဘင်၌ တရားဆုံးဖြတ်ရန် အပ်နှင်းလေ သည်။ ထိုနေ့မှစပြီး ခဏ္ဍဟာလ ပုဏ္ဏားသည် လာဘ်လာဘပျက်ခဲ့ရ သဖြင့် အိမ်ရှေ့မင်းသားအား ရန်ငြိုးဖွဲ့ပြီး မင်းသားပျက်စီးရာ ပျက်စီး ကြောင်း ကိုသာအခွင့်စောင့်ဆိုင်းနေလေသည်။
ဧကရာဇ်မင်းသည် အလွန်ပညာနည်းလှသောမင်းဖြစ်သည်။ တစ်နေ့သ၌ ထူးဆန်းတင့်တယ်သော တာဝတိံသာနတ်ပြည်၌ အိပ်မက်မြင်မက်လေသည်။ အိပ်ရာမှနိုးလျှင် ထိုတာဝတိံသာနတ်ပြည် သို့ ရောက်လိုစံစားပျော်မွေ့လိုသောစိတ်ကြောင့် နံနက်မိုးသောက်သော အခါ ခဏ္ဍဟာလပုဏ္ဏားအား အကြောင်းစုံပြောကြားကာ အကြံ တောင်းလေသည်။ ခဏ္ဍဟာလ ပုဏ္ဏားသည် စန္ဒကုမာရ အိမ်ရှေ့ မင်းသား၏ ပျက်စီးအောင်ပြုရန် အခွင့်ရပြီဟုဝမ်းမြောက်စွာဖြင့် “သူတစ်ပါး စွန့်နိုင်လှူနိုင်ခဲ့သော အတိဒါနကိုပြုခြင်း၊ မသတ်အပ်သော သူတို့ကို သတ်ခြင်းတို့ဖြင့် နတ်ပြည်သို့ရောက်ကြကုန်၏”ဟု လျှောက် တင်၏။ ထိုအခါမင်းကြီးက အဓိပ္ပာယ်ကိုမသိ၍ ထင်ထင်ရှားရှား လျှောက်တင်ရန် မိန့်ကြားလေ၏။
ထိုအခါ ခဏ္ဍဟာလ ပုဏ္ဏားသည် ရဟန်း၊ ပုဏ္ဏား၊ ဖုန်းတောင်းယာ စကာတို့အားအဝတ်အစား စသည်တို့ကို ပေးကမ်းစွန့်ကြဲခြင်းသည် ဒါနသာဖြစ်သည်။ မိမိရင်သွေး မိဖုရား၊ သူကြွယ်၊ နွားလာဥဿဘ၊ အာဇာနည်မြင်း စသည်လေးခုစီ၏ ဦးခေါင်းကို သံလျက်ဖြင့်ဖြတ်လျက် ရွှေခွက်ဖြင့် လည်ချောင်းသွေးကို ခံယူပြီး တွင်း၌ထည့်လျက်ပူဇော်ခြင်း ဟူသောအတိဒါနကို ပြုခြင်ဖြင့် နတ်ပြည်သို့ရောက်နိုင်၏ဟု လျှောက် တင်လေသည်။
ထို့သို့ ဧကရာဇ်မင်းနှင့် ခဏ္ဍဟာလ ပုဏ္ဏားတို့သည် အတိဒါနစီရင်ရန် နှီးနှောပြောဆိုနေကြသည်ကို နန်းတော်တွင်း၌ ခစားကြလျက်ရှိသော ပရိသတ်မှူးမတ်အပေါင်းမောင်းမမိဖုရား အပေါင်းတို့ကြားလျှင် တုန်လှုပ်ကြောက်လန့်လျက် ငိုကြွေးကြလေသည်။ ပုဏ္ဏားလည်း ယဇ် ပူဇော်ခြင်းကို အမြန်ပြုလုပ်ရန် တိုက်တွန်းပြီး ကိုယ်တိုင်ယဇ်တွင်းကို စီရင်လေသည်။ တရားစောင့်သော ရဟန်းပုဏ္ဏားတို့တွေ့ရှိက တားမြစ် မည်ကို စိုးရိမ်သဖြင့် ယဇ်တွင်းကို မဝင်နိုင်အောင် ကာရံထားလေသည်။
ဧကရာဇ်မင်းသည် မင်းချင်းတို့ကိုခေါ်၍ မိဖုရားနှင့်အတူ သားတော် လေးပါး ဖြစ်သောစန္ဒကုမာရ၊ သူရိယကုမာရ၊ ဘဒ္ဒသေန၊ ဝါမဂေါတ္တတို့ကို ခမည်းတော် မင်းယဇ်ပူဇော်တော်မူမည့်အကြောင်းကို ပြောဆိုခေါ် ဆောင်စေလေသည်။ မင်းချင်းတို့သည် ရှေးဦးစွာ အိမ်ရှေ့စံ စန္ဒကုမာရ မင်းသားထံသို့ ရောက်ရှိ၍ အကြောင်းစုံ လျှောက်တင်ကြလေသည်။ စန္ဒကုမာရမင်းသားလည်း မိမိအပေါ် ခဏ္ဍဟာလ ပုဏ္ဏားသည် အငြိုး ထား၍ ကြံစည်ကြောင်း သိရှိလေလျှင် မိမိကြောင့်ကျန်သူများ မသေ ထိုက်ပါဘဲလျက် သေကြရတော့မည်။ ခမည်းတော်မင်းကြီးကို ဖူးမြင်ရ လျှင် ထိုသူတို့သေဘေးမှ လွတ်အောင်ဆောင်ရွက်မည်ဟု စိတ်နှလုံးသွင်း ကာ မင်းချင်းတို့နှင့် အတူလိုက်ပါသွားလေသည်။
မင်းချင်းတို့သည် သားတော်လေးပါးကို မင်းရင်ပြင်၌ သင့်တင့်စွာ ထား၍ မင်းကြီးထံသားတော်လေးပါးတို့ ရောက်ကြပြီဖြစ်ကြောင်း လျှောက်တင်ကြလေသည်။ ထိုအခါမင်းကြီးက သမီးတော်လေးပါး ဖြစ်သော ဥပသေနာ၊ ကောကိလာ၊ မုဒိတာ၊ နန္ဒာတို့ကိုလည်း ခေါ်ဆောင်၍ မောင်တော်များ အနီးနေစေရန် အမိန့်ချလေသည်။ ထို့နောက် မိဖုရားကြီးများ ဖြစ်သော သောဝဇယာ၊ ဧရာဝတီ၊ ကေသိနီ၊ သုနန္ဒာနှင့် သူဋ္ဌေးကြီး လေးဦးဖြစ်သော ပုဏ္ဏမုခ၊ ဘဒ္ဒိယ၊ သိင်္ဂါလ၊ ဝၑု တို့ကိုလည်း အသီးသီးခေါ်ဆောင်စုစည်းထား ရှိစေလေသည်။
မိဖုရား၊ သားတော်များ၊ သမီးတော်များကို ခေါ်ဆောင်စဉ်က ပြည်သူပြည်သားအပေါင်းတို့က တစ်ခွန်းသောစကားကိုမျှ မဆိုကြသော် လည်း သူဋ္ဌေးလေးဦးကို ခေါ်ဆောင်ချိန်တွင် သူဋ္ဌေးတို့၏ ဆွေမျိုးသား ချင်း အပေါင်းတို့ပူဆွေးချောက်ချားကြလေသည်။ ထို့ကြောင့် သူဋ္ဌေး လေးယောက်တို့ကို သတ်၍ယဇ်ပူဇော်ခြင်း မပြုရလေအောင်မင်းကြီးကို အသနားခံရန်အတွက် သူဋ္ဌေးတို့ကို ခြံရံ၍ လိုက်ပါလာကြလေသည်။ မင်းချင်းတို့လည်း သားမယားပြည်သူပြည်သား အပေါင်းတို့ကို ဖယ် ထုတ်၍ သူဋ္ဌေးလေးဦးကို ခေါ်ဆောင်လာခဲ့လေသည်။
ထို့နောက် ဆင်တော် လေးစီးဖြစ်သော အဘယင်္ကရ နာဠာဂိရိဆင်း၊ အစ္စုဂ္ဂတဆင်၊ ဝရုဏဒန္တဆင်၊ မြင်းလေးစီးဖြစ်သော ကေသီနိမြင်း၊ သူရာမုခမြင်း၊ ဝိနတမြင်း၊ ပုဏ္ဏကမြင်း၊ နွားလာဥဿဘ လေးစီးဖြစ်သော ယုထပတိ၊ အနေဇ၊ နိသဘ၊ ဂဝံပတိ စသည်တို့ကို ယူဆောင်၍ သင့်ရာ နေရာတွင် ထားစေလေသည်။
ထိုအခါ အမတ်တို့သည် ဧကရာဇ်မင်း၏ မယ်တော်ထံသွား၍ မင်းကြီးသည် မိဖုရားသားတော် သမီးတော်တို့ကို သတ်၍ယဇ်ပူဇော်တော့ မည့်အကြောင်း လျှောက်ထားကြလေသည်။ ထိုသို့ကြားလျှင် မယ်တော် သည် သားတော်ဧကရာဇ်မင်းထံသို့ သွားရောက်၍မေးလေသည်။ ဧကရာဇ်မင်းက မိမိနတ်ပြည်သို့ ရောက်လို၍ ယဇ်ပူဇော်မည်ဖြစ် ကြောင်းဆိုလေသည်။ ထိုအခါ မယ်တော်က သူတပါးကို အပြစ်မဲ့ ညှဉ်း ဆဲသတ်ဖြတ်၍ ယဇ်ပူဇော်သဖြင့် နတ်ပြည်သို့ရောက်၏ဟူသော သူမိုက် တို့စကားကို မယုံသင့်၊ သူတစ်ပါးကိုသတ်ခြင်းဖြင့် အပယ်လေးပါးတို့သာ လာကြောင်း၊ နတ်ရွာသို့ရောက်လိုလျှင် အလှူပေးခြင်း ပြုသင့်ကြောင်း ကောင်းမှုတို့ကို ပြောကြားလေသည်။ ဧကရာဇ်မင်းသည် မယ်တော်၏ စကားကိုနာယူခြင်းမယူဘဲ သူတစ်ပါးတို့ ပြုနိုင်ခဲ့သော ယဇ်ပူဇော်ခြင်း ဖြင့် နတ်ပြည်ရောက်ကြောင်း ကောင်းမှုပြုပါမည်ဟု ဆို၏။ ထိုအခါ မယ်တော်သည် မိမိ၏စကားကို နာယူခြင်းမရှိသဖြင့် ငိုမြည်တမ်းလျက် ထွက်ခွာသွားလေသည်။
ထို့နောက်ခမည်းတော် ဝသဝတ္တီမင်းသည် ထိုအကြောင်းကိုကြား သဖြင့် ကြွရောက်တော်မူလာပြီး မယ်တော့်နည်းတူဖျောင်းဖျပြောဆိုသော်လည်း ဧကရာဇ်မင်းသည် နားဝင်ခြင်းမရှိပေ။ ထို့ကြောင့် ခမည်း တော်ဝသတ္တိမင်းသည်လည်း လက်လျှော့ရပြန်လေသည်။
အပေါင်းတို့ သေဘေးမှ လွတ်မြောက်ရေးအတွက် လျှောက်ထား တောင်းပန်ပြန်လေသည်။ ခမည်းတော်မင်းကြီး ကျွန်ုပ်တို့ကို သတ်တော် မူ၍ ယဇ်ပူဇော်ခြင်းမပြုဘဲ ခဏ္ဍဟာလပုဏ္ဏားထံ ကျွန်အဖြစ်ပေးလိုပါ ကပေးပါ။ ထိုသို့မပြုလိုလျှင် ဆင်ချေးကျုံး၊ မြင်းချေးကျုံးအဖြစ် ထားတော်မူပါ။ ထိုသို့မပြုလိုလျှင် တိုင်းပြည်မှ နှင်ထုတ်တော်မူပါလော့။ ခွက်လက်ဆွဲ၍တောင်းစားပါမည်။ အသက်ကို ချမ်းသာပေးတော်မူပါဟု သနားစဖွယ် တောင်းပန်လျှောက်ထားလေသည်။ ဧကရာဇ်မင်းသည် သားတော်အိမ်ရှေ့မင်းသား၏ သနားချစ်ခင်ဖွယ် အသွယ်သွယ်တို့ဖြင့် လျှောက်ထားတောင်းပန်သည့်အခါ သား၏ချစ်ခြင်းဖြင့် နှလုံးကွဲအံ့သကဲ့ သို့ဖြစ်၍ မျက်ရည်ယိုစီးငိုကြွေးလေသည်။ ထို့နောက် နတ်ပြည်သို့ မရောက်လျှင်လည်း ရှိစေတော့ဟုဆိုကာ မိဖုရား၊ သားတော်၊ သမီးတော် များနှင့်တကွ သတ္တဝါတို့ကို လွှတ်လိုက်စေလေသည်။
ယဇ်တွင်း၌စီစဉ်နေသော ခဏ္ဍဟာလပုဏ္ဏားထံသို့ ယောကျ်ား တစ်ယောက်သည် ရောက်ရှိလာပြီး သားတော်၊ သမီးတော်တို့ကို လွှတ် လိုက်လေပြီ၊ သင်၏မယားတို့၏လည်ချောင်းသွေးဖြင့်သာ ယဇ်ပူဇော် လော့ဟုဆိုလေသည်။ ထိုစကားကို ခဏ္ဍဟာလပုဏ္ဏားကြားလျှင် မျက်မှောင်ကြုတ်ပုပ်ညှိုးသည် မည်းသောမျက်နှာထားဖြင့် အရှင်မင်း ကြီးထံသို့ အလျင်အမြန်သွားပြီး အလွန်ပြုနိုင်ခဲသော ယဇ်ပူဇော်ခြင်းကို စီစဉ်ပြီးကာမှ အဘယ်ကြောင့် ဖျက်တော်မူသနည်း။ ဤယဇ်ပူဇော်ခြင်း ကို ပြုသူသာမက သာဓုခေါ်သူပင် နတ်ပြည်သို့ရောက်နိုင်ကြသည်ဟု လျှောက်တင်လေသည်။ ပညာနည်းပြီးအလွန်မိုက်မဲသော ဧကရာဇ်မင်း သည် အမျက်ရန်ငြိုးကြောင့် အတင်းအဓမ္မတိုက်တွန်းနေသော ပုဏ္ဏား၏ စကားကို အမှန်ဟုထင်မှတ်၍ သားတော်၊ သမီးတော်၊ မိဖုရား၊ သူဌေး စသည်တို့ကို ပြန်လည်ဖမ်းဆီးစေပြန်သည်။
ထိုအခါ အိမ်ရှေ့မင်းသား စန္ဒကုမာရသည် ခမည်းတော်မင်းကြီး အကျွန်ုပ်တို့အား ချမ်းသာပေးပြီးမှ အဘယ်ကြောင့် သတ်ရန်ပြုတော် မူပြန်ပါသနည်း။ ခမည်းတော်ကြီးသတ်လိုမူက ငယ်စဉ်ကပင် သတ် သင့်ကြောင်း၊ အကျွန်ုပ်ကဲ့သို့ သားတော်များရှိနေခြင်းကြောင့် နိုင်ငံကို မည်သူမျှ ရန်မမူဝံ့ကြခြင်း မဟုတ်ပါလော။ ထိုသို့ရဲစွမ်းသတ္တိနှင့် ပြည့်စုံ သောသားတော်များကို ယဇ်ပူဇော်ရန် မသင့်ကြောင်း မြို့၏ အစွန်အဖျား တွင် ရှိနေကြသော လူမိုက်၊ လူသွမ်း၊ သောင်းကျန်းသူများကို ခမည်း တော်မင်းကြီး စိတ်နှလုံးအေးချမ်းအောင် နှိမ်နင်းပေးခဲ့သည်မှာလည်း သားတော်ပင်ဖြစ်ပါကြောင်း၊ ထိုသို့ခမည်းတော်၏ အကျိုးကိုသာ လိုလားသော သားတော်နှင့်တကွ အပြစ်မဲ့သတ္တဝါတို့ကို သတ်ရန်မသင့် ပါကြောင်း၊ ပုဏ္ဏားသည် ကျေးဇူးရှင်ကို ပြစ်မှားတတ်သည်ဖြစ်ကြောင်း ဖြင့် ရှင်းလင်းလျှောက်ထားလေသည်။ ထိုအခါ ဧကရာဇ်မင်းကြီးသည် စိတ်နှလုံးယူကျုံးမရဖြစ်ကာ သားတော်များကို လွတ်ပြန်သည်။
ပုဏ္ဏားကြားသိလျှင် မင်းကြီးထံဒေါသမာန်ဖြင့် ရောက်ရှိလာပြီး မင်းကြီးသည် ပြုနိုင်ခဲသော ယဇ်ပူဇော်ပွဲကို စွမ်းဆောင်နိုင်ခြင်းမရှိက ရှေးမဆွကပင် စီရင်ခြင်းမပြုသင့်၊ စွမ်းဆောင်နိုင်ကြောင်းဆို၍ စီစဉ်ပြီး ပါမှ ဖျက်ဆီးခြင်းမပြုသင့်ကြောင်း လျှောက်ထားလေသည်။ မင်းကြီး လည်း သားတော်တို့ကို ပြန်လည်ဖမ်းယူစေပြန်သည်၊ ထိုအခါ အိမ်ရှေ့ မင်းသား စန္ဒကုမာရသည် ခမည်းတော်မင်းကြီးထံ ခဏ္ဍဟာလပုဏ္ဏား စကားမှန်လျှင် ၎င်း၏သားမယားများကို ဦးစွာသတ်၍ ပူဇော်စေပြီး နောက်မှခမည်းတော် မင်းကြီးသည် အကျွန်ုပ်တို့ကို သတ်တော်မူပါ။ ပုဏ္ဏား၏စကားကို မယုံကြည်သင့်ကြောင်း လျှောက်ထားလေသည်။
အိမ်ရှေ့မင်းသားသည် ဤမျှထင်ရှားသိသာစွာ လျှောက်တင် သော်လည်း ခမည်းတော်မင်းကြီးသည် နာယူခြင်းမရှိပေ။ ထို့ကြောင့် မင်းသားသည် မှူးမတ်၊ သူဌေးစသူတို့နှင့် ၎င်းတို့၏ အိမ်ရှင်မတို့အား တောင်းပန်စကားလျှောက်တင်ပေးကြရန် တောင်းပန်ပြောကြားလေ သည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လျှောက်တင်ရန် မဝံ့သဖြင့် မင်းသားသည် မိမိ၏မယားခုနစ်ရာတို့ကို တောင်းပန်စေပြန် သည်။ ခုနစ်ရာသော အိမ်ရှင်မတို့သည် မင်းသားစေခိုင်းသည့်အတိုင်း ဧကရာဇ်မင်းအား တောင်းပန်ကြ၏။ ဧကရာဇ်မင်းသည် မိမိ၏ ချွေးမ တို့ကိုလှည့်၍ပင်မကြည့်ဘဲ တောင်းပန်စကားများကို လက်ခံနာယူခြင်း မရှိပေ။ ထိုအခါမင်းသားသည် မယားခုနစ်ရာတို့အား ခဏ္ဍဟာလပုဏ္ဏား ထံသို့ စေလွှတ်တောင်းပန်စေပြန်သည်။
ထို့အပြင် အိမ်ရှေ့မင်းသား၏ နှမငယ် သေလာမင်းသမီးသည်လည်း ခမည်းတော်မင်းကြီး၏ ခြေတော်ရင်း၌ဝပ်လျက် မောင်တော်လေးပါးကို သတ်မည်ဆိုပါက မိမိတစ်ဦးတည်းသာ ကိုးကွယ်ရာမရှိ ဖြစ်ရပါတော့ မည်ဟု လူးလဲလျက် ငိုကြွေးမြည်တမ်း၏။ သို့သော်မင်းကြီးသည် လက်ခံတော်မူခြင်းမရှိပေ။ အိမ်ရှေ့မင်းသားသည် သားတော် ဝသုလ မင်းသားအား စေလွှတ်တောင်းပန်စေပြန်သည်။ သားတော် ဝသုလ လည်း မိမိမှာနို့ရည်နံ့မပြယ် ငယ်ရွယ်ချိန်တွင် အဖမဲ့သား ဖြစ်ပါတော့ မည်ဖြစ်၍ သနားတော်မူပါဟု တပြောင်းတပြန် လူးလဲ၍ ငိုကြွေး လျှောက်တင်လေသည်။
ဧကရာဇ်မင်းသည် မြေးတော် ဝသုလမင်းသား၏ ငိုကြွေးမြည် တမ်းသော အသံကိုကြား၍ နှလုံးကွဲအံ့သကဲ့သို့ မျက်ရည်ယိုစီးလျက် သတို့သား ဝသုလအား ရင်ခွင်၌ ပိုက်ချီလျက်သားတော်များကို စေလွှတ် စေပြန်သည်။ သို့ရာတွင် ခဏ္ဍဟာလပုဏ္ဏား၏ တိုက်တွန်းမှုကြောင့် သားတော်တို့ကို ဖမ်းယူစေပြန်သည်။ ခဏ္ဍဟာလပုဏ္ဏားလည်း မင်းကြီး သည် သားသမီးတို့ ချစ်မြတ်နိုးစိတ်ရှိ၍ ယဇ်ပူဇော်ခြင်း မပြုနိုင်ပါက ၎င်းအကြံအစည်များ ပျက်ရတော့မည်ကို သိ၍ ယဇ်ပူဇော်ခြင်းကို အမြန် ပြီးစေရန် စီစဉ်တော့သည်။ မင်းသားများနှင့်တကွ သတ္တဝါလေးဦးစီ တို့ကို ယဇ်အတွင်းသို့ ယူဆောင်လာခဲ့ရာ မင်းသမီးခုနစ်ရာတို့လည်း ငိုကြွေးလျက် လိုက်ပါလာကြလေသည်။ ထိုအခါ ပုပ္ဖပြည်တစ်ပြည်လုံး ချောက်ချားနေကြသည်။ ပြည်သူအပေါင်းတို့သည်လည်း အတူတကွ ထွက်လာကြရာ မြို့တံခါးနှင့်မဆံ့ ပြည့်နှက်နေလေသည်။ ခဏ္ဍဟာလ ပုဏ္ဏားသည် ထိုပြည်သူပြည်သားများစွာတို့ကိုမြင်လျှင် မြို့တံခါးကို ပိတ်ထားစေလေသည်။ ပြည်သူအပေါင်းတို့လည်း ထွက်မရသဖြင့် အနီးအနား၌ရှိသော ဥယျာဉ်သို့သွားကြပြီး သည်းထန်စွာငိုကြွေးကြ လေသည်။ ထိုပြည်သူပြည်သားအပေါင်းတို့ ငိုကြွေးသံများကြောင့် ငှက်အပေါင်းတို့သည်လည်း လန့်၍ပျံကြလေသည်။ ထိုပြည်သူများသည် ဥယျာဉ်တော်၌ ငိုကြွေးပြီးနောက် အိမ်ရှေ့မင်းသားဘုရားလောင်း စန္ဒ ကုမာရ စံရာနန်းတော် ပြာသာဒ်ထက်သို့သွား၍ လက်ယာရစ် လှည့် လည်လျက် ငိုကြွေးမြည်တမ်းကြ၏။
(ဆက်လက်ဖော်ပြပါမည်)