ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

ရောဂါဖြစ်ပွားမှုကို  ရှစ်ဆလျော့စေတယ်၊ ဆေးရုံ တက်ရောက်ရမှုနဲ့ သေဆုံးမှုကို ၂၅ ဆ လျော့စေတဲ့အတွက် 
ကာကွယ်ဆေး လုံးဝ (လုံးဝ) ထိုးသင့်တယ်ဆိုတာကို သိစေချင်ပါတယ်


ထက်လျှံ

မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ  ဩဂုတ်  ၅  ရက်  ည ၈ နာရီ   သတင်းအပြီးတွင်   ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-  ၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို    ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း      ကိုဗစ် - ၁၉ တတိယလှိုင်း   ဖြစ်ပွားနေတာ နဲ့ ပတ်သက်ပြီး  ကျန်းမာရေးဝန်ကြီးဌာန  ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲမှ    ညွှန်ကြားရေးမှူး   ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ရောဂါဖြစ်ပွားမှုတွေနဲ့အတူ     ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ကာကွယ်ဆေးရဲ့  အကျိုးကျေးဇူး တွေက ဘယ်လိုရှိမလဲဆိုတာကို ပြောပြပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။    ။    မြန်မာနိုင်ငံမှာဆိုရင် ယခု          အချိန်အထိ ကာကွယ်ဆေးထိုးနှံပြီးတဲ့  လူဦးရေက တဖြည်း ဖြည်းနဲ့   များပြားလာနေပါတယ်။    စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၈ သန်းကျော် ဖြစ်တဲ့အတွက်ကြောင့်      မိမိတို့ရည်မှန်းထားတဲ့ အသက်  ၁၈ နှစ်နှင့်အထက် လူဦးရေရဲ့  ၆ ရာခိုင် နှုန်းကျော်   ထိုးနှံပြီးပြီဆိုတာကို      သတင်းကောင်း ပါးလိုပါတယ်။
လက်ရှိကာကွယ်ဆေး     ရောက်ရှိနေတာက  သုံးသန်းဖြစ်ပါတယ်။    ဒီဩဂုတ်လအတွင်းမှာ ကာကွယ်ဆေး သုံးသန်းထပ်မံရောက်ရှိမှာဖြစ်တဲ့ အတွက် ကာကွယ်ဆေး ခြောက်သန်းက ပြည်သူ တွေကို   ထိုးနှံပေးဖို့အတွက်     အဆင်သင့်အနေ အထားရောက်ရှိမှာဖြစ်ပါတယ်။ ကာကွယ်ဆေး တွေကို   ကုန်းကြောင်းနဲ့  လေကြောင်းတွေကနေ တစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ ကာကွယ်ဆေးထိုးနှံပေးရမယ့် လူအုပ်စုတွေဆီကို ရောက်ရှိထိုးနှံနိုင်ဖို့အတွက် ပို့ဆောင်ပေးခဲ့တာကို ပြည်သူအများ သိရှိပြီးဖြစ် ပါတယ်။

 


ယခုအချိန်တွင်  တိုင်းဒေသကြီးနဲ့  ပြည်နယ် အသီးသီးမှာ ကာကွယ်ဆေးတွေကို သက်ဆိုင်ရာ စုရပ်အလိုက် ရောဂါကူးစက်မှုမရှိအောင်နဲ့  လူစု လူဝေးမဖြစ်အောင်   စနစ်တကျ  ထိုးနှံပေးနိုင်ဖို့ အတွက် ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးကော်မတီတွေအနေနဲ့    ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ မှာ    ကာကွယ်ဆေးထိုးနှံတာနဲ့    ပတ်သက်ပြီး ဘယ်လောက်အထိ   အကျိုးကျေးဇူးတွေရှိသလဲ၊ ကာကွယ်ဆေးထိုးနှံပြီးရင်    ရောဂါကူးစက်ခံရဦး မှာလား၊ ရောဂါကူးစက်ခံရရင် ဘယ်လောက်အထိ ဆိုးနိုင်သလဲ ဒါတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။
တချို့တွေက  ကာကွယ်ဆေးနဲ့  ပတ်သက်ပြီး ယခုထိုးနှံပေးနေတဲ့   တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့   (WHO) က   အသိ အမှတ်ပြုရဲ့လား၊ ဒီဟာတွေက ခုနကပြောသလို ကာကွယ်ဆေးတွေထိုးနှံတဲ့အခါမှာ ထိရောက်မှုက ဘယ်လိုမျိုးတွေရှိသလဲ    ဒါတွေနဲ့ပတ်သက်ပြီး သိချင်ကြပါတယ်။
ယခုထိုးနှံပေးနေတဲ့ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေက သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့  ပြည်နယ်အသီးသီးကို  ရောက်ရှိနေပြီး   တချို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြည်သူတွေကို စတင်ထိုးနှံပေးနေပြီလို့   သိရပါတယ်။   ဩဂုတ်  ၁ ရက်ကစတင်ပြီး      ရန်ကုန်တိုင်းဒေသကြီးနဲ့ နေပြည်တော်တို့မှာ      စတင်ထိုးနှံပေးနေပါပြီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အမြန်ဆုံး          ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။
ဒီလိုကာကွယ်ဆေးတွေကို ထိုးနှံပေးတဲ့အခါမှာ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်တဲ့  လူအုပ်စုတွေ ဦးစားပေးပါတယ်။ နောက်တစ်ခုက  ကျန်းမာရေး ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ(Volunteer)အနေနဲ့ ရောဂါ ဖြစ်ပွားတဲ့သူတွေကို ကုသမှုတွေပေးနေတဲ့အခါမှာ သူတို့ကိုယ်တိုင်ကျန်းမာမှ ကုသပေးနိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် သူတို့တွေကလည်း  ဦးစားပေး ဖြစ်ပါတယ်။  တချို့ကိစ္စရပ်တွေမှာ  ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာတွေ လည်ပတ်နိုင်ဖို့အတွက် အရေးပါတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့ ပို့ဆောင်ဆက်သွယ်ရေးတွေ၊ တခြားသော ဝန်ကြီး ဌာနမှာရှိတဲ့ ဝန်ထမ်းတွေ ဒါတွေကိုလည်း  ထိုးနှံ ပေးပါတယ်။ 

 


နောက်တစ်ချက်က ရောဂါဖြစ်ပွားကူးစက်ရင် အစုလိုက်၊ အပြုံလိုက် ကူးစက်နိုင်တဲ့ ဘိုးဘွား ရိပ်သာတို့၊ အကျဉ်းထောင်တို့ ဒီလိုနေရာတွေကို လည်း ရောဂါကူးစက်မှုကနေ အမြန်ဆုံးထိန်းချုပ် နိုင်ဖို့အတွက် ထိုးနှံပေးပါတယ်။ ပြောချင်တာက အခုကာကွယ်ဆေးထိုးပေးဖို့ ရွေးချယ်ထားတဲ့ အုပ်စု တွေသည် ကာကွယ်ဆေးထိုးနှံထားရင် ရရှိမယ့် အကျိုးကျေးဇူးက အများဆုံးရနိုင်မယ့် လူအုပ်စုတွေ ကို ပိုပြီးဦးစားပေးရွေးချယ်ထားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ အသက် ၆၅ နှစ်အထက်လို့ ပြောပေ မယ့်  ကာကွယ်ဆေးတွေ ထပ်ပြီးရရှိလာပြီဆိုရင် နောက်ထပ် အသက် ၆၀ အထက်၊ ၅၅ နှစ်အထက်၊ တဖြည်းဖြည်းနဲ့ အသက်အပိုင်းအခြားကို လျှော့ပြီး ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒါကိုလည်း စိတ်မပူကြဖို့ ပြောလိုပါတယ်။ မိမိအလှည့်ကို စောင့်ဖို့အတွက်က စိတ်ရှည်ရှည်နဲ့   စောင့်ဖို့လိုပါတယ်။  ဒီနေရာမှာ ကာကွယ်ဆေးထိုးနှံတဲ့သူတွေက ဘယ်လိုအကျိုး ကျေးဇူးတွေ     ရနိုင်သလဲ၊     ဒါနဲ့ပတ်သက်ပြီး အမေရိကန်ရောဂါထိန်းချုပ်မှုနှင့်   ကာကွယ်ရေး ဗဟိုဌာန(CDC) ကနေ ဇူလိုင်  ၂၉ ရက်မှာ ထွက်ပေါ် လာတဲ့    သူတို့ရဲ့   သုတေသနတွေ့ရှိချက်တွေကို ပြည်သူတွေကို တင်ပြလိုပါတယ်။
ဒီမှာဘာထူးခြားသလဲဆိုတော့ ကာကွယ်ဆေး ထိုးထားတဲ့အခါ  ကာကွယ်ဆေးမထိုးထားသူနဲ့ နှိုင်းယှဉ်ရင် ရောဂါဖြစ်ပွားမှု   ၈  ဆ  လျော့နည်းပါ တယ်။ ဒါဆို ရောဂါဖြစ်ပွားမှုက လျော့တယ်၊ ဆေးရုံ တက်ရောက်ရမှုကရော ဒါလည်း ၂၅ ဆ လျော့နည်းပါ တယ်။ ကာကွယ်ဆေးထိုးထားသူအနေနဲ့ ရောဂါ ကြောင့် သေဆုံးမှုကလည်း ၂၅ ဆ လျော့နည်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးနှံသင့်တာကို တိတိကျကျ သိနိုင်ပြီဖြစ်ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု သည် ၇၀ နဲ့ ၉၀ ရာခိုင်နှုန်း ရှိပါတယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။   ဒီကာကွယ်ဆေးတွေထဲမှာ   ယခု ထိုးနှံပေးမယ့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm  နဲ့   Sinovac    ကာကွယ်ဆေးတို့ အပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးတွေ ထိုးနှံထားရင် ရောဂါပြင်းထန်စွာ  ခံစားရမှုတွေ၊ ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုကနေ  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က       အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေက   ၉၀   ရာခိုင်နှုန်းအထက် ကာကွယ်ပေးနိုင်တယ်လို့ ပြောထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး တချို့တွေက ၉၀ ရာခိုင်နှုန်း အထက် ကာကွယ်တယ်ဆိုတော့ ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။ ဆေးပညာမှာ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်၊ ကုသပေးနိုင် တယ်ဆိုတာမရှိပါဘူး။ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးတွေကို အဓိကထုတ်လုပ်ရတဲ့ ရည်ရွယ်ချက် အနေနဲ့ ကူးစက်ရောဂါတွေ ဖြစ်လာပါက ကူးစက် ရောဂါတွေကြောင့် ရောဂါပြင်းထန်စွာ ခံစားရမှုတွေ၊ သေဆုံးမှုတွေကနေ လျော့ကျနိုင်အောင် ရည်ရွယ် ထုတ်လုပ်တာဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတွေသည် မသေဆေး မဟုတ်ပါဘူး။

 


လူတစ်ယောက်အနေနဲ့ သူ့မှာ  နဂိုကတည်းက သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့ရောဂါ စသဖြင့် ဒီလို ရောဂါအခံတွေရှိနေမယ်၊  အသက်ကလည်းကြီး နေမယ်၊ အဝလွန်တာ ဒီလိုမျိုး ကိုဗစ်ရောဂါ ပိုဖြစ် စေတဲ့၊  ဆိုးစေတဲ့  အကြောင်းအရင်းကရှိနေမယ် ဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေး  ထိုးနှံပေမယ့် သူတို့အနေနဲ့ သေဆုံးမှုအနည်းငယ်ရှိနိုင်တာကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။ ဒါဆိုရင် ရောဂါ ဖြစ်ပွားမှုကို ရှစ်ဆလျော့စေတယ်၊ ဆေးရုံတက် ရောက်ရမှုနဲ့ သေဆုံးမှုကို ၂၅  ဆ  လျော့စေတဲ့ အတွက် ကာကွယ်ဆေး လုံးဝ (လုံးဝ) ထိုးသင့် တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါက ကာကွယ် ဆေးထိုးနှံပြီးသူနဲ့ ကာကွယ်ဆေးမထိုးရသေးသူ တို့ကို      သိသာထင်ရှားအောင်   ပြောပြခြင်းဖြစ် ပါတယ်။
ကာကွယ်ဆေးမထိုးထားရင် ဘယ်လောက် တောင် အန္တရာယ်များနိုင်သလဲဆိုတာကို ဘယ်လ် ဂျီယံနိုင်ငံက အသက် ၉၀ နှစ် အမျိုးသမီးဖြစ်စဉ် က သက်သေပြနေပါတယ်။ သူမဟာ ကာကွယ်ဆေး မထိုးထားတဲ့အတွက်ကြောင့် မျိုးရိုးဗီဇပြောင်းလဲ ထားတဲ့ ‘အယ်လ်ဖာ’နဲ့ ‘ဘီတာ’ ပိုးနှစ်မျိုးလုံးကို သူတစ်ယောက်တည်းမှာပဲ  ကူးစက်ခံရတယ်ဆိုတဲ့ ထင်ရှားတဲ့သက်သေရှိပြီးဖြစ်ပါတယ်။ ကာကွယ် ဆေးမထိုးထားဘူးဆိုရင် ဗီဇပြောင်းကိုဗစ်ပိုးတွေ က တစ်ကောင်သာမက နှစ်ကောင် တစ်ပြိုင်တည်း ဝင်ရောက်ကူးစက်ခံရနိုင်တယ်ဆိုတာကို သိစေချင် ပါတယ်။
အစီအစဉ်မှူး။    ။    ကာကွယ်ဆေး  ထိုးထားပြီး သူတွေအနေနဲ့       ရောဂါပိုး ကူးစက်ခံရနိုင်မှုအခြေအနေရှိသလားဆိုတာကို ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။    ။    ဒါနဲ့      ပတ်သက်ပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူထဲမှာလည်း ရောဂါပိုးကူးစက်နိုင်တဲ့ အခွင့် အလမ်းရှိပါတယ်။ ဒါကို Breakthrough Infection လို့ခေါ်ပါတယ်။ Breakthrough Infection ဆိုတာ က ကိုဗစ်ရောဂါကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုး ထားတယ်၊ ဒုတိယအကြိမ်ထိုးနှံပြီးလို့ နှစ်ပတ် ကျော်သွားပြီး နောက်ပိုင်းမှာ သူ့ကို ထပ်မံစမ်းသပ် ကြည့်လိုက်လို့ ရောဂါပိုးတွေ့ရှိတယ်၊ ပိုးကူးစက်ခံ ရတယ်   ဒါမျိုးတွေရှိနိုင်ပါတယ်။  ဒါမျိုးတွေကို အခုထက်ထိ သုတေသနပြုနေဆဲဖြစ်ပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဗဟိုဌာန(CDC) က  ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးပြီးသူတွေမှာလည်း   ရောဂါပိုးပြန်လည် ကူးစက်မှု    အနည်းငယ်ဖြစ်နိုင်ခြေရှိတယ်လို့  ပြော ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့  လူတွေက    ဘာပြောလဲဆိုရင်   “ကာကွယ်ဆေးထိုးထားလည်း 
ပြန်ဖြစ်တာပဲ၊ ဘာလုပ်မှာလဲ၊ ဘာလို့ထိုးထားမလဲ၊ အသားနာတာပဲရှိတယ်”  ဒီလိုမျိုး   ပြည်သူတွေ ကြားထဲမှာ ဝိဝါဒကွဲပြားစရာဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးထားခြင်းရဲ့    အလွန်ထင်ရှားတဲ့ ကောင်းကျိုးတွေရှိပါတယ်။

 


လက်ရှိအမေရိကန်နိုင်ငံမှာ ကာကွယ်ဆေးထိုးနှံ ပြီးသူ ၁၆၂ သန်းရှိပါတယ်။  ဒီလို   ကာကွယ်ဆေး အမြောက်အမြား ထိုးနှံနိုင်တဲ့အတွက်ကြောင့် ရောဂါ လက္ခဏာပြတဲ့  ရောဂါပိုးတွေ့ရှိသူ   တစ်ပတ်ကို ၃၅၀၀၀ သာ   ရှိပါတော့တယ်။    ဒါကိုကြည့်ရင် ကာကွယ်ဆေးထိုးပြီးသူ ၁၆၂  သန်းရှိတဲ့အတွက် ရောဂါဖြစ်ပွားသူနည်းတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါက    ဘယ်လောက်ကောင်းကျိုးရှိတယ်ဆိုတာ သိနိုင်ပါတယ်။ 
ဒါဆိုရင် Breakthrough Infection တွေ မရှိဘူး လားဆိုတော့ ရှိနိုင်ပါတယ်။   သုတေသနတစ်ခုနဲ့ တစ်ခု  နည်းနည်းကွဲပြားပါတယ်။  အများစုသော သုတေသနက CDC ၀ ဒသမ ၀၂ ရာခိုင်နှုန်း ပဲရှိတယ် လို့ပြောပါတယ်။  တချို့  သုတေသနတွေကတော့  ၀ ဒသမ ၀၅ ရှိတယ်ဆိုတော့ ပြောရရင် ရာခိုင်နှုန်း အားဖြင့်  နည်းပါးတယ်။ သို့သော် အခုနောက်ပိုင်းမှာ ဒယ်လ်တာဗီဇပြောင်းပိုး ပေါ်ထွက်လာတာနဲ့အတူ Breakthrough Infection လို့ခေါ်တဲ့ ကာကွယ်ဆေး ထိုးပြီးတဲ့သူတွေမှာ ပိုးတွေ့ရှိမှုကတော့ ပြန်လည် မြင့်လာတဲ့သဘောရှိပါတယ်။ 
ဆေးထိုးထားပြီးနောက်      ကူးစက်ခံရတယ် ဆိုတာကတော့ လူဦးရေပမာဏ အလွန်နည်းတယ် လို့ပြောပါတယ်။ ဘယ်လိုမှာ ပိုပြီးတွေ့သလဲဆိုတော့ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ခံအား ကျနေတဲ့သူတွေ မှာ ပြန်ဖြစ်နိုင်နှုန်း သာမန်ထက်ပိုများနိုင်ပါတယ်။ သာမန်ပြည်သူလူထုမှာတော့ ဆေးထိုးပြီးပြန်ဖြစ် တယ်ဆိုတာ အလွန်နည်းပါတယ်။ ကာကွယ်ဆေးရဲ့ အကျိုးရှိမှု၊ ထိရောက်မှုက  တကယ်ကို ကောင်းမွန် ပါတယ်လို့  ပြောထားပါတယ်။ ကာကွယ်ဆေးထိုး ပြီး  ပြန်ဖြစ်တယ်ဆိုတာ အလွန်ရှားတယ်၊ ရာခိုင် နှုန်းနည်းတယ်ဆိုပြီး CDC က ပြောပါတယ်။ 

 


ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှုတွေ၊ ကာကွယ် ဆေးထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုတွေ များလာလေလေ Breakthrough ဖြစ်တာ  နည်းလာလေလေဖြစ်ပါ တယ်။ ဒီအပေါ်လည်း မူတည်နေပါတယ်။ ကာကွယ် ဆေးရဲ့ထိရောက်မှုကို          ဘယ်အရာတွေက နှောင့်ယှက်ဖျက်ဆီးနေသလဲဆိုရင်   ကူးစက်မှု တွေကို မြန်ဆန်စေတဲ့၊ ကမ္ဘာမှာ ဖြစ်ပွားမှုများစေတဲ့ ဒယ်လ်တာပဲ ဖြစ်ပါတယ်။ WHO ရဲ့ ဇူလိုင် ၂၇ ရက် နေ့  ထုတ်ပြန်ချက်အရဆိုရင်   ၁၃၂   နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 
အမေရိကန်နိုင်ငံမှာဆိုရင် ဇွန်လကုန်မှာ ၂၀ ရာခိုင်နှုန်းကျော်ကနေ ဇူလိုင်လကုန်မှာ ၈၀ ရာခိုင် နှုန်းကျော်ရှိမယ်လို့ တွက်ဆထားပေမယ့်  တကယ် ဇူလိုင်လကုန်မှာ  ဒယ်လ်တာရဲ့ ကူးစက်မှုက ၈၃ ရာခိုင်နှုန်းဖြစ်နေပြီဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ယူကေမှာတော့ ဖြစ်ပွားမှုရဲ့ ၁၀၀ ရာခိုင်နှုန်း နီးနီးက ဒယ်လ်တာလို့ ပြောရတဲ့အနေအထားဖြစ်ပါတယ်။ 
ကာကွယ်ဆေးနဲ့ ပတ်သက်ရင် ကာကွယ်ဆေး ထိုးနှံထားတဲ့လူတွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်နိုင်သလဲ၊  ထိုးနှံထားသူနဲ့   မထိုးရသေးသူ ဘယ်လိုကွာခြားသလဲဆိုရင် Viral load လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့ပမာဏက ကာကွယ်ဆေးထိုးထားသူမှာ ၄၀ ရာခိုင်နှုန်းလျော့ပါတယ်။ ဒါဟာ  နည်းနည်း နောနော  ပမာဏမဟုတ်ပါဘူး။  ၁ မီလီလီတာမှာ အရင်တုန်းက         ကာကွယ်ဆေးမထိုးထားသူက  ၃ ဒသမ ၈ အထိပွားနိုင်ပေမယ့် ထိုးထားတဲ့အတွက် ၂ ဒသမ ၃ ပဲပွားပါတော့တယ်။
ကူးစက်နိုင်တဲ့ ရက်ကိုကြည့်မယ်ဆိုရင်လည်း ဆေးထိုးထားသူမှာ အလွန်တိုသွားပါတယ်။ ဆေး မထိုးထားတဲ့သူမှာ ကူးစက်နိုင်တဲ့ရက်က ၈ ဒသမ ၉  ရက်အထိရှိနိုင်ပေမယ့် ဆေးထိုးထားတဲ့သူမှာ   ၂ ဒသမ ၇ ရက်၊ ၃ ရက်တောင်မရှိတော့ဘူးဆိုတော့ အတော့်ကို     သိသာသွားတဲ့အနေအထား    ဖြစ်ပါ တယ်။ 
ဆေးထိုးပြီးသားသူတွေမှာ ဖျားနာတဲ့သံသယ လက္ခဏာဖြစ်ပေါ်မှုအနေနဲ့လည်း    နည်းသွားပါ တယ်။ ကာကွယ်ဆေးမထိုးထားတဲ့သူမှာ  ၆၃ ရာခိုင်နှုန်းလောက်က ဖျားတဲ့လက္ခဏာပြပေမယ့် ကာကွယ်ဆေးထိုးထားရင်တော့ ၂၅ ရာခိုင်နှုန်းပဲ ဖျားနာတဲ့လက္ခဏာရှိတတ်ပါတယ်။
ဒါ့အပြင် ကိုဗစ် - ၁၉ ရဲ့  ရောဂါလက္ခဏာတွေ ခံစားရတဲ့အချိန်ကာလကလည်း တိုသွားပါတယ်။ ဆေးမထိုးထားတဲ့သူမှာ ရောဂါလက္ခဏာရဲ့ အချိန် ကာလကြာမှုက ၁၆ ဒသမ ၇ ရက် ကြာပေမယ့် ဆေးထိုးထားသူမှာ ၁၀ ဒသမ ၃ ရက်ပဲ ကြာတဲ့ အတွက်   ရောဂါလက္ခဏာ  ခံစားရချိန်တိုသွားပါ တယ်။   ဒါတွေက  ကျန်းမာရေးဝန်ထမ်းတွေမှာ လုပ်ဆောင်ထားတဲ့ သုတေသနတွေ့ရှိချက်ဖြစ်ပါ တယ်။ 
ဒီတွေ့ရှိချက်အရဆိုရင် ဗိုင်းရပ်စ်ရဲ့ပမာဏက လည်း  ၄၀   ရာခိုင်နှုန်းလျော့ကျမယ်၊  တစ်နည်း အားဖြင့်  သူရောက်ပြီဆိုတာနဲ့   ကိုယ်ခံအားက တိုက်ထုတ်တဲ့အတွက် ခန္ဓာကိုယ်မှာ ကြာကြာမနေ နိုင်ဘူးဆိုတော့ ရောဂါလက္ခဏာဖြစ်ပွားမှု၊ ဖျားနာ နိုင်တဲ့အန္တရာယ်ကလည်း နည်းသွားမယ်၊  ရောဂါ လက္ခဏာတွေခံစားရတဲ့ကာလကလည်း တိုသွား မယ်ဆိုတာတွေက ထူးခြားချက်ဖြစ်ပါတယ်။ 
ဘယ်လောက်အထိ ကာကွယ်ဆေးက ရောဂါ ကူးစက်မှုကို ထိရောက်နိုင်သလဲဆိုရင်  ကာကွယ် ဆေးအပြည့်ထိုးထားတဲ့သူမှာ   ၉၁  ရာခိုင်နှုန်း ထိရောက်ပြီး ကာကွယ်ဆေးတစ်ကြိမ် ထိုးထားသူ၊ အပြည့်မထိုးရသေးသူတွေမှာ    ၈၁  ရာခိုင်နှုန်း ထိရောက်ပါတယ်။ ဒီတွေ့ရှိချက်က ဒီဇင်ဘာ ၁၄ ရက်မှ ဧပြီ ၁၀ ရက်အတွင်းမှာ ကျန်းမာရေးဝန်ထမ်း တွေမှာ  ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်ဖြစ်ပါ တယ်။ 

 


လက်ရှိ WHO က   အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေက   ‘ဒယ်လ်တာ’အပါအဝင်  ကိုဗစ် - ၁၉ ရောဂါပိုးဗီဇမျိုးကွဲတွေကို ကောင်းစွာ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကာကွယ် မှုအနေနဲ့    အနည်းငယ်လျော့ကျနိုင်ပေမယ့် ကောင်းစွာကာကွယ်နိုင်ပါတယ်။ ဒယ်လ်တာနဲ့ နဂိုမူလ ကိုဗစ် - ၁၉ ရောဂါပိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကူးစက်မှုက ဒယ်လ်တာက အလွန်လျင်မြန်ပါတယ်။ ဘယ်လောက်အထိ    မြန်သလဲဆိုရင်  အရင်က တကယ့်ကူးစက်မြန်တယ်ဆိုတဲ့   SARS ,  MERS ပိုးတွေ၊ အီဘိုလာရောဂါပိုးတွေ၊ သာမန်အအေးမိ နှာစေးစေတဲ့ ပိုးတွေ၊ ရာသီတုပ်ကွေး Season  Flu တွေ၊ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားတဲ့ Spanish Flu တွေ၊ ကျောက်ရောဂါပိုးတွေထက်စာရင် ပိုပြီးကူးစက်မြန် တယ်ဆိုတော့ ဒယ်လ်တာရဲ့ ကူးစက်မြန်မှုက ဒုက္ခ ပေးနိုင်စွမ်းများတယ်ဆိုတာ   သိစေချင်ပါတယ်။ တချို့သောသူတွေက ‘ဒယ်လ်တာ’ဗီဇပြောင်းပိုးရဲ့အစွမ်းကို    လျှော့တွက်ကြတာရှိပါတယ်။   လျှော့ မတွက်ကြပါနဲ့။ 
နောက်တစ်ခုက ရေကျောက်ရောဂါပိုးနဲ့ဆိုရင် သူ့ရဲ့ကူးစက်နိုင်မှုက တန်းတူလောက်ရှိနေပါတယ်။ ဝက်သက်ရောဂါပိုးကတော့ ‘ဒယ်လ်တာ’ထက်ပိုပြီး ကူးစက်မြန်ပါတယ်။ ကိုဗစ် - ၁၉  ရောဂါပိုးကို ဖြစ်စေနိုင်တဲ့ SARS-CoV-2  ရဲ့မျိုးနွယ်တွေက အများကြီးရှိသော်လည်း လူကို ကူးစက်စေနိုင်တဲ့ မျိုးနွယ်အနေနဲ့ ၇ ခုပဲရှိပါတယ်။ အဆိုးဆုံးကတော့ သုံးခုရှိပါတယ်။ 
အဲဒါတွေကတော့ SARS, MERS နဲ့ အခု ကိုဗစ် - ၁၉ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ က အဆိုးဆုံးဖြစ်ပါ တယ်။ ကျန်တဲ့လူမှာဖြစ်တဲ့ ၄ မျိုးကတော့ သာမန် အအေးမိ၊ ဖျားနာလောက်ဖြစ်ပြီး အကြီးအကျယ် ဒုက္ခမပေးနိုင်ပါဘူး။   ဒါဆိုရင်   သူ့ရဲ့မျိုးနွယ်တွေ ကတော့ SARS တို့၊ MERS တို့ ဖြစ်တယ်ဆိုတာ ပြောလိုခြင်းဖြစ်ပြီး ပေါ့ဆလို့မရဘူးဆိုတာကို သိစေ ချင်ပါတယ်။ 
ကိုဗစ် - ၁၉ ကို စစ်ဆေးတဲ့အခါ  RT  PCR   နည်းပညာမှာ  CT   value   ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ ဖြတ်ပြီးပိုးရှိတယ်၊  မရှိဘူးဆုံးဖြတ်တာ ဖြစ်ပါတယ်။ CT value နိမ့်လေလေ ပိုးကောင်ရေ များလေလေဖြစ်ပါတယ်။ CT value များလေလေ ပိုးကောင်ရေ နိမ့်လေလေဖြစ်ပါတယ်။ ‘ဒယ်လ်တာ’ ပိုးမျိုးဗီဇမှာ CT value က အတော့်ကို နိမ့်ပါတယ်။ 

 


အိန္ဒိယမှာ ကာကွယ်ဆေးထိုးပြီးနောက်ပြန်ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းအချို့ကို      ပြုလုပ်ထားတဲ့ သုတေသနအရ  ‘ဒယ်လ်တာ’ကြောင့် ရောဂါကူး စက်ခံရတယ်ဆိုရင် CT value နိမ့်တယ်ဆိုတာကို တွေ့ရပါတယ်။ ဘယ်လောက်အထိကွာသလဲဆိုရင် ၂ ဒသမ ၅ နည်းပါတယ်။ ‘ဒယ်လ်တာ’ကြောင့်ဆိုရင် CT value က ၁၆ ဒသမ ၅ ရှိပေမယ့် ‘ဒယ်လ်တာ’ မဟုတ်သူတွေမှာ CT value က ၁၉ ရှိတယ်ဆိုတာကို သိစေချင်ပါတယ်။ နောက်တစ်ခုက ‘ဒယ်လ်တာ’ ပိုးကူးစက်ပြီဆိုရင် CT value နိမ့်ခြင်း၊ ပိုးကောင်ရေ များခြင်းက ၁၈ ရက်ကြာတယ်၊ နဂိုမူလပိုးဆိုရင် ၁၃   ရက်ကြာတယ်ဆိုတာကို   တွေ့ရပါတယ်။ ရောဂါပိုးကူးစက်ခံရတယ်၊ ပြန်ဖြစ်တယ် အဲဒါကို Reinfection လို့  ခေါ်ပါတယ်။   Reinfection ကလည်း ‘ဒယ်လ်တာ’ကြောင့်ဆိုရင် ၁ ဒသမ ၄၆ ဆ  များပါတယ်။   လွယ်လွယ်ပြောရမယ်ဆိုရင် တစ်ဆခွဲများပါတယ်။ Reinfection က ယခင်က ပိုးကူးစက်ခံရသူက    ပြန်ပြီးကူးစက်ခံရတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ  ခြောက်လကြာပြီး နောက် ပြုလုပ်တဲ့လေ့လာတွေ့ရှိချက်ဖြစ်ပါတယ်။ ပြောချင်တာက  ခြောက်လအတွင်းဆိုရင် Reinfection  လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံရသူတွေမှာလည်း ပြန်ဖြစ်တာ ရှားတယ်ဆိုတာကို သိစေချင်ပါတယ်။ 
နောက်တစ်ခုက ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာရော     ဆေးမထိုးထားတဲ့သူတွေလို ‘ဒယ်လ်တာ’မျိုး ဗီဇပိုးကူးစက်ခံရနိုင်သလားဆိုရင် ကူးစက်နိုင်ခြေရှိတယ်ဆိုတဲ့   သုတေသနတွေ့ရှိ ချက်တွေ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ကူးစက်နိုင်မှုက အချိန်ကာလတိုတယ်၊   ကူးစက်နိုင်မှုကလည်း နည်းတယ်ဆိုတဲ့   အထောက်အထားတွေရှိပါ တယ်။   CDC ကလည်း       ပြောထားတာရှိပါတယ်။ ‘ဒယ်လ်တာ’ ပိုးကူးစက်ခံရသူတွေက နှာခေါင်းနဲ့ လည်ချောင်းမှာ ပိုးအရေအတွက်  အများကြီးရှိ တယ်။ ‘ဒယ်လ်တာ’ ကူးစက်ခံရသူက အခြားသူ ထက်   ပိုးကို အဆတစ်ထောင်ပိုပြီးသယ်ဆောင်နိုင်တယ်ဆိုတဲ့ အထောက်အထား၊ သုတေသနတွေ လည်းရှိပါတယ်။ 
ကာကွယ်ဆေးထိုးထားတဲ့အတွက် နှာခေါင်းနဲ့ လည်ချောင်းမှာ     ရောဂါပိုးရောက်နေပြီဆိုပြီး ခန္ဓာကိုယ်က အချက်ပေးလိုက်တဲ့အခါ နှာခေါင်းနဲ့လည်ချောင်းမှာရှိနေပြီးသား ကိုယ်ခံစွမ်းအား စစ်သည်တွေက ရောဂါပိုးတွေကို  လာပြီးတိုက် ခိုက်ပါတယ်။ အစပိုင်း ၂ ရက်လောက်မှာတော့ သူတို့အနေနဲ့ လုံလောက်အောင် တိုက်ခိုက်နိုင် စွမ်းမရှိဘူး။ သို့သော် နောက်ပိုင်းမှာ ခန္ဓာကိုယ်က ကိုယ်ခံစွမ်းအားတွေက  စုပေါင်းပြီးတိုက်တဲ့အခါ အဆုတ်ကိုရောက်ရှိဒုက္ခပေးနိုင်တဲ့၊  ဝေဒနာခံစားရ တဲ့အထိဖြစ်နိုင်တဲ့အခြေအနေကို မရောက်တော့ဘဲ သာမန်နှာစေး၊ ချောင်းဆိုး၊ ဖျားတာလောက်နဲ့ပဲ ပြီးသွားပါတယ်။ အစောပိုင်းကာလ ၂ ရက်မှာ  သူက သူများကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် CDC ရဲ့ လမ်းညွှန်ချက်အသစ်က ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးရင်တောင်မှ ရက်အနည်းငယ် သူများကို ကူးစက်နိုင်စွမ်းရှိတဲ့အတွက် လူအများနဲ့တွေ့ဆုံ တဲ့အခါ ပါးစပ်နှာခေါင်းစည်း Mask ကိုပြန်တပ်ဖို့ ထုတ်ပြန်ချက်အသစ်လည်း ရှိပါတယ်။
တချို့တွေကတော့    ပိုးကောင်ရေအနေနဲ့ ဒယ်လ်တာသည် ၁၀ ဆများတယ်လို့ ပြောကြတာ ရှိပါတယ်။ ဒယ်လ်တာမျိုးဗီဇက ရောဂါကိုပြင်းထန် ဆိုးရွားစွာ ဖြစ်စေနိုင်ပါတယ်။ ကနေဒါမှာ  ပြုလုပ် တဲ့ သုတေသနအရဆိုရင် ဆေးရုံတက်ရောက်ရမှုက ၂ ဒသမ ၂ ဆ  များပါတယ်။    အထူးကြပ်မတ် ကုသဆောင်ထဲရောက်ရမှုက   ၃ ဒသမ  ၈၇ ဆ များပါတယ်။ ဒါဆိုရင် ဆေးရုံတက်ရောက်ရမှု  နှစ်ဆကျော်၊ အထူးကြပ်မတ်ကုသဆောင်(ICU) ထဲရောက်ရမှုက  လေးဆနီးနီး   များတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ သေဆုံးမှုက  ၂ ဒသမ ၃၇ ဆိုတော့  နှစ်ဆခွဲလောက်  သေဆုံးနိုင်ပါတယ်။ ဒါဆိုရင် ဒယ်လ်တာမျိုးဗီဇက  လုံးဝပေါ့ဆလို့မရဘူးဆိုတဲ့အနေအထား ဖြစ်ပါတယ်။ 
စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ သုတေသနအရ ဆိုရင်   သူက  အောက်ဆီဂျင်လိုအပ်မှု၊   ICU ရောက်ရှိမှု၊ သေဆုံးမှုတွေကို ၄ ဒသမ ၉ ဆ၊ ၅ ဆနီးနီးပိုများစေတယ်လို့ ပြောပါတယ်။ ဒယ်လ်တာ  မျိုးဗီဇက အဆုတ်ရောင်       နမိုးနီးယားဖြစ်ပွားမှုကို လည်း  ၁ ဒသမ ၈၈ ဆ  (၂ ဆနီးပါး)   ပိုများတယ်လို့ အဓိပ္ပာယ်ရပါတယ်။
စကော့တလန်မှာပြုလုပ်တဲ့  သုတေသနအရ ဆေးရုံတက်ရောက်ရမှုကို   ၁ ဒသမ ၈၅ ဆ (၂ ဆ နီးနီး)များတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒယ်လ်တာ မျိုးဗီဇသည်  ကူးစက်မှုအနေနဲ့  ကာကွယ်ဆေး ထိုးထားသူမှာလည်း      ကူးစက်မှုမြန်စေတယ်၊ ကာကွယ်ဆေးမထိုးထားသူမှာ ကူးစက်ခံရပြီဆိုရင် ရောဂါပြင်းထန်မှု၊ သေဆုံးမှုတွေများနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောလိုခြင်းဖြစ်ပါတယ်။ 
ပြည်သူတွေကိုသိစေချင်တာက ဒယ်လ်တာ မျိုးဗီဇသည် အလွန်ကူးစက်မြန်ပါတယ်။ Lancet မှာပြုလုပ်တဲ့ သုတေသနအရဆိုရင် လူ ၅ ယောက် က ရှစ်ယောက်ကူးစက်နိုင်တယ်ဆိုတော့  သူ့ရဲ့ ကူးစက်နိုင်မှုသည် အလွန်မြန်ပါတယ်။

 


နဂိုမူရင်းပိုးထက်  နှစ်ဆကျော်  ကူးစက်မှုမြန်ပါ တယ်။ ဒါဆိုရင် ကူးစက်မှုကလည်း အလွန်မြန်တယ်၊ ပိုပြီး ပြင်းထန်စွာဖြစ်စေနိုင်တယ်၊ ဆေးထိုးပြီးရင် တောင် Breakthrough Infection လို့ခေါ်တဲ့ ပြန်ပြီးရောဂါ ဖြစ်နိုင်စွမ်းကလည်း အနည်းငယ် ရှိတယ်ဆိုတော့ ပေါ့ဆလို့မရပါဘူး။ 
သို့သော် ကာကွယ်ဆေးတွေက ရောဂါပြင်းထန် စွာ ဖြစ်ပွားမှုက ၉၀ ရာခိုင်နှုန်းအထက် ကာကွယ် နိုင်တာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးနှံသင့် တယ်ဆိုတာကို သိစေချင်ပါတယ်။ Mask  ပါးစပ် နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လူအုပ်စု ရှောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေတာ၊  ချောင်းဆိုး၊  နှာချေရင်  အုပ်ဆိုးတာ၊ လေကောင်းလေသန့်ရတဲ့   နေရာတွေမှာနေတာ ဒါတွေက   ကာကွယ်ဆေးနဲ့    အလားတူအရေးပါ တယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး      ပေါ့ဆလို့ မရပါဘူး။ သေချာတာကတော့  ဒီရောဂါကြောင့် သေဆုံးဖို့ရာခိုင်နှုန်းနည်းသွားတာက     အသေ အချာပါပဲ။ သို့သော် နောက်ခံရောဂါရှိသူ၊ အသက် ကြီးသူတွေမှာတော့ ဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်။ 
ဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြည်သူလူထုကို သိစေချင် ပါတယ်။ ကာကွယ်ဆေးထိုးနှံခွင့်ရသူတွေအနေနဲ့ မိမိအတွက်  ဆုလဒ်ကြီးလို့ယူဆပြီး  အမြန်ဆုံး ထိုးနှံပါ။ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးရှိသူ တွေကို      အကြောင်းကြားပေးမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်   ကူးစက်မှုမရှိစေဖို့ ကိုဗစ် - ၁၉ ရောဂါ    ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းတွေအတိုင်း ထိုးနှံပေးမှာဖြစ်ပါတယ်။
ဆန္ဒတွေသိပ်မစောကြပါနဲ့။ တစ်မြို့နယ်ချင်း၊ တိုင်းဒေသကြီးနဲ့  ပြည်နယ်အလိုက်   ကာကွယ် ဆေးထိုးနှံခွင့်ရရှိသူတွေ မကျန်ရအောင် ဆောင်ရွက် မှာဖြစ်ပါတယ်။     ကာကွယ်ဆေးက  လက်ရှိမှာ  သုံးသန်းရှိပါတယ်။ လူ သုံးသန်းကို  ထိုးနှံပေးမှာ ဖြစ်တဲ့အတွက်  ထိုးနှံခွင့်မရမှာကို   စိုးရိမ်စရာ မလိုပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အတည်ပြု ချက်နဲ့ အရေးပေါ်အသုံးပြုခွင့်ရတဲ့ ကာကွယ်ဆေး တွေကို ပြည်သူလူထုကို ထိုးနှံပေးတာဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာနဲ့ ထိုးနှံပါ။ ဒီလိုထိုးနှံခြင်းအားဖြင့် အသက်ကြီးတဲ့သူတွေ၊ ရောဂါနောက်ခံရှိနေသူတွေ ကိုလည်း   ထိထိရောက်ရောက်   ကာကွယ်နိုင် ပါတယ်ဆိုတာ ပြည်သူလူထုကို သိစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။    ။