
နေပြည်တော် ဩဂုတ် ၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် လိုအပ်သည့် ကာကွယ်ဆေး Sinopharm နှင့် ဆေးပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ဟားခါးမြို့သို့ ဆေး ၈၄၁ လုံးနှင့် ဆေးထိုးအပ် ၁၆၈၂ ချောင်း၊ ထန်တလန်မြို့သို့ ဆေး ၈၁၆ လုံးနှင့် ဆေးထိုးအပ် ၁၆၃၂ ချောင်း၊ မတူပီမြို့သို့ ဆေး ၉၀၈ လုံးနှင့် ဆေးထိုးအပ် ၁၈၁၆ ချောင်း၊ ဖလမ်းမြို့သို့ ဆေး ၈၁၅ လုံးနှင့် ဆေးထိုးအပ် ၁၆၃၀၊ တီးတိန်မြို့သို့ ဆေး အလုံး ၁၄၂၀ နှင့် ဆေးထိုးအပ် ၂၈၄၀၊ တွန်းဇံမြို့သို့ ဆေးအလုံး ၅၂၀ နှင့် ဆေးထိုးအပ် ၁၀၄၀၊ ကန်ပက်လက်မြို့သို့ ဆေး ၂၂၁ လုံးနှင့် ဆေးထိုးအပ် ၄၄၂ ချောင်း၊ မင်းတပ်မြို့သို့ ဆေး ၈၃၇ လုံးနှင့် ဆေးထိုးအပ် ၁၆၇၄ ချောင်းတို့ကို ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်ဖြင့် ကလေးလေဆိပ်နှင့် ကျောက်ထုလေဆိပ်သို့ ပို့ဆောင်ပေးပြီး ထိုမှတစ်ဆင့် သက်ဆိုင်ရာနေရာများသို့ တပ်မတော်ရဟတ်ယာဉ်များ၊ မော်တော် ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စု လူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံ ခက်ခဲသောဒေသများသို့ တပ်မတော် (လေ) ရှိ ပို့ဆောင်ရေးလေယာဉ် များနှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်း ခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်