နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၃၀၀)၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ စတင်ဖွင့်လှစ်

တစ်ရက်လျှင် လီတာ ၄၀ ဆံ့အိုး ၉၀၀ ခန့် ထုတ်လုပ်နိုင်

နေပြည်တော်   သြဂုတ်   ၆


နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီး ရပ်ကွက်ရှိ  နေပြည်တော်  ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀) ဝင်းအတွင်း တည်ဆောက်ထား သည့်  ကျန်းမာရေးဝန်ကြီးဌာန၊   ကုသရေး ဦးစီးဌာန အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံ (Liquid Oxygen Plant)  (နေပြည်တော်)ကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်သည်။

 


ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး  မင်းနောင်နှင့်   တာဝန်ရှိသူများ သည်  နံနက် ၁၀ နာရီတွင် ယနေ့စတင်ဖွင့်လှစ် သည့်  အောက်ဆီဂျင်ထုတ်လုပ်သည့်  စက်ရုံ သို့  ရောက်ရှိကြပြီး စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှု   အခြေအနေကို  လှည့်လည် ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင် ထုတ်လုပ်မှုအဆင့်ဆင့်၊    ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ဖြူးသွားမည့် အခြေအနေများကို လိုက်လံ ရှင်းလင်းပြသကြသည်။

 


ထို့နောက်   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်ခိုင်ဝင်းက        အောက်ဆီဂျင်ထုတ်လုပ်မှု အဆက်မပြတ်စေရေးအတွက်       လိုအပ်သည့် အောက်ဆီဂျင်အရည်  (Liquid  Oxygen) နှင့် အောက်ဆီဂျင်အိုးများ   ဖြည့်တင်းပေးသွားမည့် အခြေအနေကို    ရှင်းလင်းပြောကြားပြီး      ကြိုတင် စီမံဆောင်ရွက်ထားရန်       လိုအပ်သည်များကို မှာကြားသည်။

 


ယနေ့   စတင်ဖွင့်လှစ်သည့်  အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်)သည် မြေအကျယ်အဝန်း အလျား ၁၀၂ ပေ၊ အနံ ၆၆ ပေပေါ်တွင် တည်ဆောက်ထား သည့်  Steel   Structure  အမျိုးအစားဖြစ်ပြီး အောက်ဆီဂျင်ဖြည့်စင်၊ ရုံးခန်းနှင့် သိုလှောင်ခန်းတို့ ပါဝင်သည့် အဆောက်အဦနှစ်လုံးပါဝင်ကာ ၁၀ မိနစ် လျှင် လီတာ ၄၀ ဆံ့အိုး ၁၀ လုံး ထုတ်လုပ်နိုင်ကြောင်း နှင့် တစ်ရက်လျှင်   လီတာ  ၄၀  ဆံ့အိုး ၉၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

 


ထို့ပြင်   အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်) မှ ထွက်ရှိ သည့်  အောက်ဆီဂျင်အိုးများကို  နေပြည်တော်ရှိ ပြည်သူ့ဆေးရုံများနှင့်  တပ်မတော်ဆေးရုံများသို့ အဓိက ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး    ပိုလျှံပါက တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ  ပြည်သူ့ဆေးရုံ များသို့       ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သိရသည်။ 


သတင်းစဉ်