
မန္တလေး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၏ ကြီးကြပ်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီ အစီအစဉ် ဖြင့် ယူနန်ပြည်သူများက မြန်မာပြည်သူ များထံသို့ ကိုဗစ်လူနာများကုသရာတွင်အသုံးပြုရန် အောက်ဆီဂျင်အရည် ၂၅ တန် လှူဒါန်းခြင်းကို ယနေ့ ညနေ ၄ နာရီ က မန္တလေး အထွေထွေရောဂါကုဆေးရုံ ကြီးတွင်ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဦးသိန်းဌေး၊ ဦးမျိုးအောင်၊ ဦးယဉ်ထွေး၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် တာဝန်ရှိသူ များ၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုရန်ပုံငွေရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၎င်းနောက် မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ယူနန်ပြည်သူများ က လှူဒါန်းထားသော အောက်ဆီဂျင် အရည်တန် ၂၀၀ မှ ဇူလိုင်၂၈ ရက်တွင် ပထမ အကြိမ် ၂၅ တန်ရောက်ရှိပြီး ယခု ဒုတိယ အကြိမ် ၂၅ တန်ရောက်ရှိလာရာ ၎င်းနှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီမှအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လွှဲပြောင်း ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် မန္တလေး အထွေထွေ ရောဂါကုဆေးရုံအုပ်ကြီးတို့က လက်ခံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ခြင်း၊ ကုသခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းတာဝန်များအား မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနတို့မှ ဦးဆောင်၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်လူနာများ၏ လိုအပ်ချက်ကို အရှိန်အဟုန်မြှင့် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်