
ရန်ကုန် ဇူလိုင် ၂၈
လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပမှ ဝယ်ယူရောက်ရှိလာသော ကာကွယ် ဆေးများ စတင်ထိုးနှံမှု ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင် အတွင်းရှိ အကျဉ်းသား/အချုပ်သား ၆၁၀ ကို ယနေ့ နံနက်ပိုင်းတွင် စတင်ထိုးနှံပေးခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ သိရသည်။
ကာကွယ်ဆေးထိုးဖို့ ဆန္ဒပြု
“ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဒီနေ့ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသား တွေကို ပထမဆုံးစတင်ထိုးနှံပေးတာ ဖြစ်ပါတယ်။ အရင်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းကတော့ မထိုး ဖြစ်ခဲ့ဘူး။ အခုလည်းထောင်အတွင်း အကျဉ်းသား တွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတော့ မရှိသေးဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကနေ့ ကနဦးထိုးနှံပေးတာ ဖြစ်ပါတယ်။ အကျဉ်း သား/အချုပ်သား ဆန္ဒပြုတဲ့သူနဲ့ ဆေးထိုးဖို့ အကျုံး ဝင်တဲ့သူအားလုံးကို စာရင်းကောက်ခံပြီး ထိုးနှံပေး သွားမှာပါ။ တချို့ကလည်း ရောဂါအခံ အခြေအနေ တစ်ရပ်ရပ်ကြောင့် မထိုးကြတဲ့ သူတွေလည်းရှိတယ်။ အခုလတ်တလောမှာတော့ ကာကွယ်ဆေးထိုးဖို့ ဆန္ဒပြုထားတဲ့သူ ၂၅၀၀ ကျော်ရှိပါတယ်။ စာရင်းပေး ထားတဲ့ အားလုံးကိုတော့ ကာကွယ်ဆေးထိုးနှံပေး သွားမှာပါ”ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ထပ်မံထိုးနှံပေးသွားမည်
အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်း သား/အချုပ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ယခုကဲ့သို့ ထိုးနှံပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် အကျဉ်းဦးစီးဌာနမှ တာဝန်ယူကာ စတင်ထိုးနှံပေး ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို အင်းစိန်ထောင်အတွင်း ဆေးရုံ၌ပင် အကျဉ်းထောင် ဆရာဝန်ကြီးများနှင့် သူနာပြုဆေးဝန်ထမ်းများက အကျဉ်းသား/အချုပ်သား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၁၀ ကို ကြိုတင်ကျန်းမာရေးဆေးစစ်မှု များပြုလုပ်ကာ ယနေ့နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးဖြန့်ဝေရရှိမှုအပေါ် မူတည်ကာ နောက်ရက်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထပ်မံထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်
အဆိုပါ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုတွင် အကျဉ်း ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးဇော်ဇော်၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်း အောင်၊ အကျဉ်းထောင်ဆေးရုံမှ ဆေးရုံအုပ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံလင်းထွန်း နှင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ ဆေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည်။
လတ်တလောတွင် ရန်ကုန်မြို့ အင်းစိန်ဗဟို အကျဉ်းထောင်၌ အကျဉ်းသား/အချုပ်သား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၉၀၀၀ ကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံမည့် စာရင်းပေးသူများမှာ စုစုပေါင်း ၂၅၀၀ ကျော်ရှိကြောင်း သိရသည်။
သတင်း-မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ