အားကျစရာ ဓမ္မပါလတို့ရွာ

Type

 

စာချစ်သူ
 

နေ့နှင့် ညတို့သည် ယခင်ကသိပ်မထူးခြား မကွာခြားလှဟု ထင်ခဲ့သည်။ ယခု မျက်မှောက်ကာလမှာတော့ သိသိသာသာ ခြားနားကွာခြားခဲ့လေပြီ။ တစ်လောက၊ တစ်နေ့က မြင်တွေ့ခဲ့ရသည့် မိတ်ဆွေသူငယ်ချင်းများ၊ သူတို့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ဆွေမျိုးမိတ်သင်္ဂဟများသည် နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်   ဆိုသလို သူတို့ချစ်သူခင်သူတို့အား ထာဝရ ကျောခိုင်းနှုတ်ဆက်ခွဲခွာသွားခဲ့ကြလေသည်။


အရေးပေါ်လူနာတင်ယာဉ်များ၏ ဥသြဆွဲသံများ၊ ဘယ်သူကတော့ ဆုံးရှာပြီ၊ ဘယ်ဝှာကတော့ အရေးပေါ်ကြပ်မတ်ကုသခန်းမှာ၊ ဘယ်သူ ဘယ်ဝှာကတော့ ဖျားနေပြီ၊ အနံ့ပျောက်နေပြီဟူသည့် စိတ်မချမ်းမြေ့ စရာ အသံဗလံများကိုလည်း ဝန်းကျင်တစ်ခို ကြားသိမြင်တွေ့နေရပေ သည်။


ကမ္ဘာကြီးဗြောင်းဆန်နေ


ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ အဆက်မပြတ်ရိုက်ခတ်မှု ဒီလှိုင်း များကြားတွင် ယနေ့ကမ္ဘာကြီးသည် ဗြောင်းဆန်နေသည်။ ယခင်က စည်ကားခဲ့သော   အရပ်တို့သည်    ခြောက်ကပ်တိတ်ဆိတ်လျက်၊  မစည်ကားသင့်သောအရပ်တို့သည် သက်ဝင်စည်ကားနေသည်။


ထိုသောအခါ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးပီပီ ငါးရာ့ငါးဆယ် ဇာတ်တော် ဒသကနိပါတ်လာ မဟာဓမ္မပါလဇာတ်ကို ပြန်လည်သတိရမိပါ၏။
“ကိုယ့်မျက်စိအောက်မှာ သေသွားလို့သာ လက်ခံလိုက်ရတယ်။ တကယ်တမ်းကျတော့ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့ မသေထိုက်ဘူး မဟုတ်လား”
ဒိသာပါမောက္ခဆရာကြီး၏ သားကြီး သြရသ နာရေးမှ အပြန်တွင် ဓမ္မပါလသည် သူ့ခေါင်းထဲ၌ ရှုပ်ထွေးနေသော ပြဿနာကို ဤသို့ဖွင့် ပြောလိုက်မိလေသည်။
ဓမ္မပါလလုလင်၏စကားသည် အခြားတပည့်လုလင်များကို အံ့သြ မှင်တက်သွားစေသည်။


“အလို၊ အဆွေဓမ္မပါလ၊ ဘယ်လိုများ ပြောလိုက်ပါလိမ့်။ သတ္တဝါ မှန်သမျှ သေရတဲ့ သဘောကိုများ မသိလေရော့သလား”
“သိပါတယ် အဆွေတို့ရယ်၊ ဒါပေမယ့် ဒီလိုငယ်ငယ်ရွယ်ရွယ် လေးနဲ့တော့ သေကို မသေထိုက်ပါဘူး။ သက်ကြီးရွယ်အိုဖြစ်လာမှသာ သေရတာပါ”
“ဒါဖြင့်ကွယ်၊ သင်္ခါရတရားတို့ရဲ့ မမြဲတဲ့သဘောကို ဘယ်လိုများ ပြောကြရပါ့မလဲ”
“သင်္ခါရတရားတို့ရဲ့  မမြဲတဲ့သဘောကိုတော့  မငြင်းလိုပါဘူး။ ဒါပေမယ့် ဒီလို  ငယ်ငယ်ရွယ်ရွယ်လေးနဲ့တော့ မသေထိုက်တာ အမှန် ပါပဲ”
“ဒါဖြင့် မေးပါရစေ အဆွေဓမ္မပါလ။ ရိုင်းစိုင်းရာရောက်သွားရင် လည်း ခွင့်လွှတ်ပါ။ အဆွေတို့ အိမ်မှာကော လူတစ်ယောက်မှ မသေ ခဲ့ဘူးလား”
“တစ်ယောက်မက သေခဲ့ပါပြီ အဆွေတို့။ ဒါပေမယ့် အခုလို ငယ်ငယ်ရွယ်ရွယ်လေးတွေတော့ တစ်ယောက်မှမပါခဲ့ဘူး။ သက်ကြီး ရွယ်အိုများချည်းပဲ”
“အလို၊ တယ်လည်း ထူးဆန်းလှပါကလား။ အဆွေတို့ရဲ့ တခြား ဆွေမျိုးများကော”
“ငါတို့ရဲ့ ဆွေမျိုးတွေမှန်သမျှ ဘယ်သူမှငယ်ငယ်ရွယ်ရွယ်နဲ့ မသေ ကြရပါဘူး။ ဒါဟာ ဟိုလွန်ခဲ့တဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကတည်းက ရှိလာခဲ့တဲ့ထုံးတမ်းစဉ်လာပါ”


ဓမ္မပါလ၏   ဤစကားများကို  မနီးမနေမှ ကြားလိုက်ရသော ဒိသာပါမောက္ခ ဆရာကြီးအဖို့ အပြန်ပြန်စဉ်းစားဆင်ခြင်စရာ ဖြစ်လာ ရသည်။
တကယ်တော့ဖြင့် ဓမ္မပါလလုလင်မှာ ပညာသင်တပည့် ငါးရာ ထဲတွင် စံပြတပည့်တစ်ဦးဖြစ်၏။ အကျင့်စာရိတ္တ ကောင်းမွန်လှ၏။ ဉာဏ်ပညာထက်မြက်လှသဖြင့်လည်း မိမိသင်ကြားပေးသမျှ အရအမိ သင်ယူနိုင်၏။  ထို့ကြောင့်လည်း  ပညာသင်တပည့်  ငါးရာထဲတွင် အထူးချွန်ဆုံး ဖြစ်လာပေသည်။
အထူးချွန်ဆုံးသော တပည့်က  ဤစကားတစ်ခွန်းကို ဤမျှလောက် ခိုင်ခိုင်မာမာ  ပြောနေခြင်းမှာ ခိုင်မာသော အထောက်အထားရှိနေ၍ပင် ဖြစ်ပေလိမ့်မည်။ ခိုင်မာသော အထောက်အထားကို ကိုယ်တိုင်သိအောင် သွား၍ စုံစမ်းမှဖြစ်တော့မည်။ ဆွေရောမျိုးရော အသက်ရှည်ကြရသည့် အကြောင်းကို   လေ့လာမှတ်သားပြီးလျှင်   မိမိကိုယ်တိုင်  ကျင့်သုံးမှ ဖြစ်တော့မည်။


ဤသို့ဖြင့် ဒိသာပါမောက္ခဆရာကြီးသည် အခါအခွင့်သင့်သည့် တစ်နေ့တွင် ဓမ္မပါလတို့ရွာဆီသို့ ခရီးထွက်ခဲ့လေတော့သည်။ ဓမ္မပါလ တို့ဖခင် ပုဏ္ဏားကြီးအိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့လေပြီ။


“အို ပုဏ္ဏားတို့၊ သင်တို့ရဲ့သား ဓမ္မပါလဟာ အင်မတန်ဉာဏ်ကောင်း ပါပေတယ်။ အကျင့်စာရိတ္တလည်း ဖြူစင်လှပပေတယ်။ ပညာစုံလို့ ရွှေဘုံပြန်ခါနီးပါမှပဲ မမျှော်လင့်တဲ့  ရောဂါတစ်ခုကြောင့် ရုတ်တရက် ကွယ်လွန်သွားရရှာတယ်။ တရားနဲ့သာဖြေကြပါတော့။  ဟောဒီမှာ သားလေးဓမ္မပါလကို မီးသင်္ဂြိုဟ်ရာက ကောက်ယူလာခဲ့တဲ့ အရိုးများ ပါပဲ”


“ဟား ဟား ဟား ဟား”
ဒိသာပါမောက္ခဆရာကြီး၏စကားကို လေးလေးစားစားနာယူခဲ့ကြ သော ပုဏ္ဏား မိသားစုသည် ဆရာကြီး၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် နှုတ်ကိုမချုပ်တည်းနိုင်ဘဲ  တစ်ခဲနက်ရယ်မောလိုက်ကြပေသည်။


“အဲဒီအရိုးတွေဟာ တခြားလူတစ်ယောက်ယောက်ရဲ့ အရိုးရင် လည်းဖြစ်ပါလိမ့်မယ်။   ဒါမှမဟုတ်ရင်လည်း   သတ္တဝါတစ်ကောင် ကောင်ရဲ့  အရိုးရင်လည်း ဖြစ်ပါလိမ့်မယ်။  ဓမ္မပါလရဲ့ အရိုးကတော့ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ပါဘူး ဆရာကြီး”
ဤသို့ပြောနေစဉ်မှာပင် တစ်ရွာလုံးရှိ ဆွေမျိုးများရောက်လာကြရာ သူတို့ကလည်း လက်ခုပ်လက်ဝါးတီး၍ ရယ်မောကြလေသည်။
ဤတွင်   ဒိသာပါမောက္ခဆရာကြီးသည်လည်း  သူတို့နည်းတူ ပြုံးရွှင်ရယ်မောကာ-
“ကောင်းပါပြီ  အသင်ပုဏ္ဏားတို့။  သင်တို့  အမျိုးအနွယ်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေတဲ့သူမရှိတာတော့ ဟုတ်ပါပြီ။ ဒီတော့ ဒီလိုကောင်းကျိုးတရားခံစားကြရတာဟာ ဘယ်လိုအကျင့်များ ကျင့်ခဲ့လို့ ပါလဲ”
ဤသို့ တရင်းတနှီးမေးမြန်းလိုက်လေရာ ဓမ္မပါလ၏ဖခင် ပုဏ္ဏား ကြီးက …


“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့တစ်မျိုးတစ်နွယ်လုံးဟာ သူတစ်ပါး အသက်ကို မသတ်ကြပါ။ သူ့ဥစ္စာကိုလည်း မခိုးကြပါ။ သူတစ်ပါး သားမယားအပေါ်လည်း  ဖောက်ပြားကျူးလွန်မှုမပြုကြပါ။   မုသား စကား မပြောကြားကြပါ။   အရက်သေစာလည်း မသောက်စားကြပါ”


“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့တစ်မျိုးတစ်နွယ်လုံးဟာ ကုသိုလ် တရားပွားများကြပါတယ်။ မကောင်းမှုမှန်သမျှ ရှောင်ကြဉ်ကြပါတယ်။ သူတော်မဟုတ် သူယုတ်မာတို့ရဲ့ အယူအကျင့်များကို ရှောင်ကြဉ်ကြ ပါတယ်”


“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့ တစ်ဆွေတစ်မျိုးလုံးဟာ ပစ္စေကဗုဒ္ဓါ အရိယာ သူတော်ကောင်းများကို ကြည်ညိုသဒ္ဓါထက်သန်စွာ လှူဒါန်း ကြပါတယ်။ ကိုယ့်နယ်ထဲက  ဖြတ်သွားကြတဲ့ခရီးသည်များကိုလည်း ထမင်းချိန်မှာ ထမင်းကျွေးကြပါတယ်။ အခြားအချိန်မှာ အဖျော်ရည် များ တိုက်ကျွေးကြပါတယ်။ အမျိုးမျိုးအဖုံဖုံ တောင်းစားသူများကို လည်း တတ်စွမ်းသမျှ ပေးကမ်းစွန့်ကြဲကြပါတယ်”


“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့တစ်မျိုးတစ်နွယ်လုံးဟာ မလှူခင် တုန်းကလည်း ပုဗ္ဗ စေတနာအရ ဝမ်းမြောက်ခဲ့ကြပါတယ်။ လှူတုန်း လှူဆဲ အချိန်မှာလည်း မုဉ္စစေတနာအရ ရွှင်လန်းကြပါတယ်။ လှူပြီး နောက်မှာလည်း အပရစေတနာအရ အားရကျေနပ်ကြပါတယ်။ ပေး လှူပြီးမှ နောင်တတစ်ဖန် ပူပန်ခြင်းမပြုကြပါ”
“ဆရာကြီးခင်ဗျား၊ ကျွန်ုပ်တို့ အမျိုးအနွယ်ထဲက အကျင့်စိတ်ဓာတ် မြင့်မြတ်ကြတဲ့   မိခင်များဟာ  သားလိမ္မာ  သမီးလိမ္မာကလေးများ ဖွားမြင်လာကြပါတယ်။

အခြေခံ  ကောင်းလှတဲ့ သားသမီးကလေးများ ဟာ ဉာဏ်ပညာလည်း ထက်သန်ကြပါတယ်။ ဗဟုသုတကြွယ်ဝကြပါ တယ်။ အကျင့်သီလ ဖြူစင်ကြပါတယ်”
“ဆရာကြီးခင်ဗျား၊   နိဂုံးချုပ်အားဖြင့်   တင်ပြချင်တာကတော့ ကျွန်ုပ်တို့ထံမှာ   မှီခိုနေကြတဲ့   အလုပ်သမားများ၊  အခြွေအရံများပါ အပါယ်လေးပါးရောက်ရမယ့်ဘေးကို  ကြောက်ရကောင်းမှန်း သိကြပါ တယ်။ ဒါကြောင့်လည်း  လူအားလုံးဟာ  ကုသိုလ်ကောင်းမှု ကြိုးစား ပြီး ပြုကြပါတယ်။ ဒါကြောင့်လည်း  ကျွန်ုပ်တို့ရဲ့အမျိုးအနွယ်ထဲမှာ  ငယ်ငယ်ရွယ်ရွယ်နဲ့ မသေဆုံးရခြင်း ဖြစ်ပါတယ်ခင်ဗျာ”


ဒိသာပါမောက္ခဆရာကြီးသည်   ဓမ္မပါလအမျိုးအနွယ်များ၏ နေထိုင်ကျင့်သုံးပုံ အလုံးစုံကို ဤသို့ဝမ်းမြောက်ဝမ်းသာ ကြားနာပြီး လျှင် ထိုအကျင့်ကောင်းများကို  ရွှေပေလွှာ၌ တရိုတသေရေးမှတ်ကာ တက္ကသိုလ်မြို့တော်သို့ ယူဆောင်ခဲ့လေတော့သည်။


ဤမဟာဓမ္မပါလဇာတ်ကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်းလိုလို  ကြားနာဖူးကြပါလိမ့်မည်။ မဟာဗောဓိရုပ်သံလိုင်း တွင်လည်း ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်  အရှင်ဇနကာ ဘိဝံသ  ဟောကြားအပ်သော ဤမဟာဓမ္မပါလဇာတ် တရားတော်ကို မကြာခဏထုတ်လွှင့် ပူဇော်လေ့ရှိပါ၏။


ကမ္ဘာလောကကြီး၏ နိယာမ


သို့ရာတွင် နားနှင့်ဆတ်ဆတ်ကြားနာထားသောတရားကို နှလုံး သားထိအောင်  ပို့ဆောင်တတ်သူတို့မှာ အနည်းငယ်မျှသာ။ နားနှင့် ကြားနာပြီးနောက် နားမှသာ  လမ်းဆုံးသွားသူတို့ကား ပေါများလှ၏။ ဤသည်မှာ ကမ္ဘာလောကကြီး၏ နိယာမတစ်မျိုးဖြစ်နေမည်လား မဆိုနိုင်ပါ။ ထို့အတူ ကြားသိသော်လည်း ကျင့်ဘိခဲတုံ့ဆိုသလို လိုက်နာ  ကျင့်သုံးဖို့ကလည်း ခက်ခဲလှပေ၏။


သို့ဆိုလင့်ကစား ပစ္စက္ခ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးနှင့် ရင်ဆိုင် ကြုံတွေ့နေသည့်အခိုက်ဝယ် ကျွန်တော်တို့သည် တစ်ဖက်က နိုင်ငံတော် က ထုတ်ပြန်လျက်ရှိသော  အမိန့်ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေသည့်  သတိပေးနှိုးဆော် ချက်များကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်သကဲ့ သို့ တစ်ဖက်ကလည်း ကျွန်တော်တို့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် အားလျော်စွာ  အသက်ရှည်ရာ  အနာမဲ့ရေး၊ ရန်ဘေးကင်း ကြောင်း ကောင်းမှုမင်္ဂလာဖြစ်  စေရန်အလို့ငှာ ဘုရား၊ တရား၊ သံဃာ တည်းဟူသော တုနှိုင်းမဲ့ ရတနာမြတ်သုံးပါးကို  ပိုမို ဆည်းကပ်ပူဇော်၍ သုစရိုက်ကုသိုလ်တရားများကို ပွားများကျင့်ကြံ အားထုတ်ကြရပါ မည်။ 


ဇဗ္ဗူဒီပ နိမိတ္တ၊ မြန်မာပြည်သည် ဇဗ္ဗူဒီပါ လကျ်ာတောင်ကျွန်း နိမိတ်ထွန်းရာမြေ   ဖြစ်သည်နှင့်အညီ ကာယ ဝစီ မနောတို့တွင် ကောင်းသောအတိတ်၊  ကောင်းသော  နိမိတ်များ  ဖြစ်ထွန်းစေရန် အလေးထားထိန်းသိမ်းစောင့်ရှောက်ကြရပါဦးမည်။  လောကီအရေး အရာများသည် ဆန်းကြယ်လှပါပေသည်။ ရှေးရှေးက မိဘ ဘိုးဘွား လူကြီးများသည် လောကီအယူဝါဒဖြစ်သော အတိတ်နိမိတ်၊ စနည်း၊ တဘောင် စသည်တို့ကို ယုံကြည်ကြ၏။


ရှေးရှေးက လူကြီးများသည် အနိဋ္ဌာရုံဖြစ်သောမြင်ကွင်းမျိုး မမြင် ရပါစေနှင့်ဟု ဆုတောင်းကြ၏။ အမင်္ဂလာဖြစ်သော ငိုချင်းတေးသီချင်း များ၊ နိမိတ်မကောင်းသော အပြောအဆိုများ မပြုလုပ်ကြရန်လည်း အိမ်သူအိမ်သားများအား ဆုံးမသတိပေးလေ့ရှိ၏။ မနက်မိုးလင်းသည် နှင့် မင်္ဂလာရှိသောအသံ၊ မင်္ဂလာရှိသောစကား၊ မင်္ဂလာရှိသော  အလုပ် အကိုင်၊ အပြုအမူများသာ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ကုသိုလ်တရား များ ကျင့်ကြံပွားများ အားထုတ်ကြရန် တိုက်တွန်းကြ၏။ 


မျက်မှောက်ခေတ်တွင်မူ ရှေးရှေးက မြန်မာတို့၏ ဓလေ့ထုံးစံ များသည်  လစ်ဘရယ်လှိုင်းတံပိုးအောက်တွင်  တဖြည်းဖြည်း  မှေးမှိန်   ပျောက်ကွယ်စပြုလာ၏။   ပြီးခဲ့သည့်  လပိုင်းများက ကျွန်တော်တို့မြင်တွေ့ ကြားသိခဲ့ရသော   မြင်ကွင်းတို့သည်   ပြည်သူ များကို   အလွန်အင်မတန် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ရလေ၏။
သင်္ချိုင်းစောင့် မဖဲဝါပုံသဏ္ဌာန်ဝတ်ဆင်၍ ရန်ကုန်မြို့လယ်ခေါင် တွင် အလောင်းထမ်းလမ်းလျှောက်ခဲ့ကြသည့် ကမ်ပိန်းများ၊ လမ်းမ များထက်တွင် သွေးရောင်ဆေးများ ပက်ဖျန်းခဲ့ကြ၍ သွေးရောင်လွှမ်း နေခဲ့သော မြို့လယ် လမ်းမများ၊ မြို့လယ် လမ်းမ  အလယ်ထက်တွင် ကြိုးတန်း၍ လွှင့်ထူထားသော ထဘီများနှင့် အမျိုးသမီးအတွင်းခံများ၊ ထိုထဘီများကြားတွင်    ချိတ်ဆွဲထားသော     ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်ကြီးများ၏  ဓာတ်ပုံများ၊ လူမှုကွန်ရက် စာမျက်နှာထက်တွင် ထေရ်ကြီးဝါကြီး သံဃာတော်အရှင် သူမြတ်တို့ ကို ရုန့်ရင်းကြမ်းတမ်း ရိုင်းစိုင်းစွာ စွပ်စွဲပြောဆိုနေကြသည့် အရေး အသားများကို   ပြန်လည်မြင်ယောင်လာမိသည်။


ပြီးခဲ့တာတွေ ပြီးပါစေတော့။ သတိသံဝေဂယူဖွယ်ရာသာ ရှိပါ စေတော့။   ပစ္စက္ခတွင်   ကြယ်တွေ  တဖြုတ်ဖြုတ်ကြွေနေသည်။ ထင်ရှားသော   ကြယ်များ၊   မထင်မရှား  အညတရ    ကြယ်များ၊ ကျွန်တော်တို့ နေ့စဉ်   တရင်းတနှီး   မြင်တွေ့နေရသောကြယ်များ၊ ကြယ်ပွင့်ကြီးငယ်မရွေး   ညမြင် နေ့ပျောက် တဖြောက်ဖြောက် ကြွေနေကြသည်။ ထိုသောအခါ ကျွန်တော်သည် အားကျစရာ ဓမ္မပါလတို့ရွာကို  ပြန်ပြောင်းအမှတ်ရမိပါ၏။


ကျမ်းကိုး -       ဝဏ္ဏသီရိ၏ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက
         အသိအလိမ္မာသင်ခန်းစာများ။