
နေပြည်တော် ဇူလိုင် ၁၂
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပြောကြား
ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် အထူးသဖြင့် ငွေကြေးအထောက် အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရာ ၌ စနစ်တည်ဆောက်ခြင်းမှာ အရေးကြီးပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးမပြု၍မရပါကြောင်း၊ ပြီးပြည့်စုံအောင် စဉ်းစားတည်ဆောက် ထားသည့် ဒစ်ဂျစ်တယ် Platform တစ်ခုမရှိဘဲ ရာခိုင်နှုန်းအပြည့် နီးပါး မှန်ကန်တိကျသည့် အစီအစဉ်တစ်ခုမဖြစ်နိုင် ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အရှည်တည်တံ့နိုင်ရေးအတွက် လူမှုရေး အထောက်အပံ့ဥပဒေ(မူကြမ်း)ကို စတင်ရေးဆွဲနေ ပါကြောင်း၊ အပြီးသတ်ဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်း ခိုင်က လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ၏ အကျိုးကျေးဇူးများနှင့် ဆက်လက်ဆောင်ရွက်သင့် သည့်လုပ်ငန်းများအား ဆွေးနွေးသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေရရှိမှုများအားလည်းကောင်း၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အတွက် အထောက်အကူပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မှုများအား တင်ပြ ဆွေးနွေးခဲ့ကြသည်။
အကြံပြုဆွေးနွေး
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးဇော်ဝင်းနှင့် ကော်မတီအဖွဲ့ဝင် အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက အကြံပြုဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်