
လပွတ္တာ ဇူလိုင် ၁၂
လပွတ္တာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သဘာဝ မြစ်ချောင်း၊ ဆည်တမံများတွင် ငါးရိက္ခာများ ပိုမိုဖမ်းယူစားသုံးနိုင်ရေးနှင့် ငါးသယံဇာတများ ပွားများလာစေရေးအတွက် လပွတ္တာမြို့နယ် ရှမ်းစုကျေးရွာ တမံချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက် ထည့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၁ ရက်က အဆိုပါ တမံချောင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုး ညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးမှူး ဒေါ်ဝါဝါသိန်းနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးများနှင့် ဝန်ထမ်း များ၊ ပသွယ်စခန်းတာဝန်ခံ ဒေါ်သင်းပပထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်မှူးများ တက်ရောက်၍ ပသွယ်ငါးလုပ်ငန်းစခန်းမှ သားပေါက်ထုတ်လုပ်သော နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ ၅၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀၊ ရွှေဝါငါးကြင်းငါးကောင်ရေ ၂၅၀၀၀ တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်စည်းကမ်းနှင့်အညီ မျိုးစိုက်ထည့်ဆောင်ရွက်ကြောင်း သိရသည်။ သတင်းစဉ်