မဟောသဓဇာတ်တော်

မြတ်မင်းလှိုင်

ဇူလိုင် ၁၀ ရက်နေ့မှအဆက်
ထိုအခါ မဟောသဓက မြို့ရိုးပေါ်၌  ရွှံ့ညွန်များတင်၍ စပါးစိုက် စေသည်။ စပါးပင်များပေါက်လာသောအခါ မဟောသဓ လူယုံတော် များက စူဠနီဗြဟ္မဒတ်မင်းအား မြို့တွင်း၌ ဆန်စပါးသိုလှောင်ထားရာမှ ပိုလျှံ၍    စွန့်ပစ်ထားသောစပါးတို့    အပင်ပေါက်နေကြောင်း  တင်လျှောက်ကြလေသည်။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်းက ထင်းသစ် များ မသွင်းနိုင်ရန် ပိတ်ဆို့စေပြန်သည်။ မဟောသဓက မြို့တံတိုင်း အနီးတွင် ထင်းသစ်များကို မို့မောက်အောင် စုပုံပြလေရာ မဟောသဓ ၏ လူယုံတော်များက မြို့တွင်း၌ အလုံအလောက်ကြိုတင် စုဆောင်း ထားသော ထင်းများဖြစ်ကြောင်း တင်လျှောက်ကြသည်။ 
စူဠနီဗြဟ္မဒတ်မင်းသည် မိတ္ထီလာပြည်ကို လုပ်ကြံမရဖြစ်နေသဖြင့် ကေဝဋ်ပုဏ္ဏားက တစ်ဖက်နှင့်တစ်ဖက် ပညာရှိချင်း တရားစစ်ထိုး၍ အနိုင်ယူမည်၊   ရှိခိုးခံရသောပညာရှိသည်   အနိုင်ရခြင်းပင်ဖြစ်ပြီး  မဟောသဓသည် မိမိထက်ငယ်၍ မုချမိမိအားရှိခိုးလိမ့်မည်ဟု အကြံ ပေးလေသည်။ ကေဝဋ်ပုဏ္ဏား၏    အကြံကိုကြိုတင်သိရှိနေသော  မဟောသဓသည်  မင်းကြီးထံမှ  ပတ္တမြားကိုငှား၍  လက်ဝါးပေါ်တင်ကာ ကေဝဋ်ပုဏ္ဏားရှိရာသို့ ရှေးရှုလာခဲ့သည်။ စူဠနီဗြဟ္မဒတ်မင်းနှင့်အတူ မင်းငယ် ၉၉ - ပါးတို့သည်  ကေဝဋ်ပုဏ္ဏားနှင့်အတူ တရားစစ်ထိုးမည့် တလင်းပြင်၌ အသင့်စောင့်နေကြသည်။ ကေဝဋ်ပုဏ္ဏားသည် မဟော သဓ၏   လက်ဝါးပေါ်မှ   ပတ္တမြားကိုမြင်လျှင်  လောဘတက်လာ၏။ မဟောသဓက လက်ဆောင်ပတ္တမြားကို ယူပါလော့ဟုဆိုကာ ကေဝဋ် ပုဏ္ဏား၏ လက်ကိုချော်၍ အောက်သို့ချလိုက်လေသည်။ ကေဝဋ်ပုဏ္ဏား သည် လောဘတက်သတိလွတ်ကာ ပတ္တမြားကိုကုန်း၍ ကောက်နေစဉ် မဟောသဓက မြေးအရွယ်ရှိသော ကျွန်ုပ်အား မရှိခိုးပါနှင့်ဟု အားလုံး ကြားလောက်အောင် ပြောဆိုသည့်အပြင် ပုဏ္ဏား၏နဖူးကို မြေနှင့်ပွတ် လိုက်ရာ နဖူးပြင်၌  ကွဲစုတ်လေသည်။  ပတ္တမြားကို  မဟောသဓ၏ အခြံအရံတို့က  ကောက်သိမ်းလိုက်၏။  ထို့နောက်  မဟောသဓ၏ အခြံအရံများက  ကေဝဋ်ပုဏ္ဏားသည် ငါတို့အရှင်ကို ရှိခိုးသည်ဟု ကြွေးကြော်ကြရာ စူဠနီဗြဟ္မဒတ်မင်းနှင့် မင်းငယ်တို့လည်း ဦးညွတ်နေ သော ပုဏ္ဏားကိုမြင်၍  မိမိတို့ စစ်ရှုံးပြီဟုဆိုကာ ထွက်ပြေးကြ၏။ မဟောသဓ၏ စစ်သည်များလည်း ခြိမ်းခြောက်လိုက်လံ နှင်ထုတ်ကြ လေသည်။ ထို့နောက်  ကေဝဋ်ပုဏ္ဏားက အကြောင်းစုံရှင်းပြောပြပြီး ကွဲပြားနေသောစစ်သည်တို့ကို ပြန်လည်စုဆောင်းပြီး သစ်တပ်တဲနန်း သို့ ပြန်လာကြလေသည်။ 
ပညာရှိချင်းပြိုင်၍ ရှုံးနိမ့်ခဲ့ပြီးနောက် ကေဝဋ်ပုဏ္ဏားသည် မြို့ကို စီးနင်းတိုက်ခိုက်ရန် စူဠနီဗြဟ္မဒတ်မင်းအား အကြံပေးလေသည်။ ထို အကြောင်းကို   အနီး၌ခစားနေသော   မဟောသဓ၏ လူယုံတော်ထံမှ မဟောသဓ  သိရှိရသည့်အခါ  စစ်တိုက်ခြင်းထက်  ဉာဏ်ပညာဖြင့်  ဆက်လက်ယှဉ်ရန် ဝိဒေဟရာဇ်မင်းကြီး၏ဆရာ ပုရောဟိတ် အနုကေ ဝဋ်အား  ခေါ်တွေ့လေသည်။  အနုကေဝဋ်သည်  ပဉ္စာလရာဇ်မင်း၏ စစ်သည်များအား အစားအစာများပေးကမ်းပြီး မိတ္ထီလာပြည်သား တို့အား   မလိုလားသည့်စကားများကို   ဟန်ဆောင်ပြောဆိုနေစဉ် မဟောသဓတို့က ဖမ်းဆီးမည်။  ဒဏ်ခတ်၍  ပြည်နှင်ဒဏ်ပေးမည်။ ထိုအခါ မဟောသဓတို့အား ရန်ငြိုးဖွဲ့ဟန်ပြုပြီး ပဉ္စာလရာဇ် စစ်သည် တို့အား မိကျောင်းများပေါများသည့် ကျုံးဘက်မှ သက်ဆင်း တိုက်ခိုက် ရန် အကြံပေးရန် စစ်သည်များ နောက်ပြန်ဆုတ်ခဲ့လျှင် မဟောသဓ၏ ဘက်တော်သားများဖြစ်သည်ဟု  ကုန်းချောစကားဆိုရမည့်အပြင် ထိုစစ်သည်များ၏ အဝတ်တန်ဆာများတွင် မဟောသဓ၏ တံဆိပ် အမှတ်ကို လျှို့ဝှက်ထိုးပြီး စူဠနီဗြဟ္မဒတ်မင်းကြီး ယုံကြည်အောင်ပြု လုပ်ရန်၊ ထို့နောက်   ကေဝဋ်ပုဏ္ဏားနှင့်  စစ်သည်အားလုံးတို့သည် မဟောသဓဘက်တော်သားများဖြစ်လေဟန်   အယုံသွင်းကာ   ပဉ္စာ လရာဇ်မင်းကို ညဉ့်အခါထွက်ပြေးစေရန် ဆောင်ရွက်ပြီး မဟောသဓ၏ တပ်များသို့ သတင်းပို့အကြောင်းကြားလိုက်သည်။ ပဉ္စာလရာဇ်မင်း၏ စစ်သည်တို့လည်း မိမိတို့၏မင်းကို မဟောသဓဖမ်းပြီဟု ထင်မှတ် မှားကာ ဖရိုဖရဲဖြစ်ကုန်၏။ စစ်တပ်အားလုံး ညဉ့်တွင်းချင်း ထွက်ပြေး၍ ကျန်ရှိသောပစ္စည်းများကို ဝိဒေဟရာဇ် ပြည်သူပြည်သားတို့က သိမ်း ယူလေသည်။ မဟောသဓလည်း အမုကေဝဋ်ပုဏ္ဏားကို များစွာချီးမြှင့် လေသည်။ 
စူဠနီဗြဟ္မဒတ်မင်းကြီးသည် စစ်ရှုံးခဲ့သည်မှာ တစ်နှစ်ရှိခဲ့သော် လည်း ကေဝဋ်ပုဏ္ဏားမှာ နဖူးမှအမာရွတ်ကို မြင်တိုင်း မဟောသဓကို   မကျေမချမ်းဖြစ်နေသည်။ ထို့ကြောင့် ဝိဒေဟရာဇ်မင်းကြီးအား သမီး တော် ပဉ္စာလစန္ဒီမင်းသမီးနှင့် ဖြားယောင်း၍ မင်းနှင့်တကွ မဟောသဓ အားကွပ်မျက်ကာ နိုင်ငံကိုသိမ်းယူမည့် အစီအစဉ်ကြံစည်ထားမှုကို စူဠနီဗြဟ္မဒတ်မင်းအား လျှောက်ထားလေသည်။ 
မင်းကြီးအား နန်းတော်ပြာသာဒ်ဆောင်၌ လျှောက်ကြားခြင်းဖြစ်၍ စူဠနီဗြဟ္မဒတ်မင်း၏ သာလိကာမသည် ကြားသွားသည်။ မင်းကြီး သည် သမီးတော်၏ လှပပုံကိုရတု၊ ကဗျာရေးစေပြီး အပြည်ပြည်၌ သီဆိုစေ၏။ မိတ္ထီလာပြည်၌လည်း သီဆိုဖျော်ဖြေသဖြင့် ဝိဒေဟရာဇ် မင်းကြီးလည်း   ကြားရသည့်အခါ   မင်းသမီးကို   တပ်မက်စိတ် ဖြစ်ပေါ်လာသည်။ 
ဝိဒေဟရာဇ်မင်းကြီးသည် မင်းသမီးအပေါ် တပ်မက်စိတ်ရှိကြောင်း သိရှိရသဖြင့် ကေဝဋ်အမတ်သည် စူဠနီဗြဟ္မဒတ်မင်းအား လျှောက်တင် ပြီး မိတ္ထီလာပြည်သို့   သွားရောက်၍  ရွှေလမ်းငွေလမ်းဖောက်ရန် ကြံရွယ်ကာ လက်ဆောင်ပဏ္ဏာများနှင့်အတူ လာရောက်လေသည်။ ထိုသတင်းကိုကြား၍ ပြည်သူများက မိမိတို့မင်းအပေါ် စူဠနီဗြဟ္မဒတ် မင်းက ရန်ငြိုးမထားတော့ဟု ယုံမှတ်ကာ ဝမ်းမြောက်ဝမ်းသာဖြစ် ကြသည်။ 
မဟောသဓသုခမိန်က   ရန်သူစစ်စစ်ဖြစ်ပါလျက်   အမျိုးဆက် လို၍လာသည်ကို သံသယရှိ၏။ ထို့ကြောင့် ပဉ္စာလရာဇ်ပြည်၌ရှိသော သူ၏လူယုံတော်ထံသို့    ဆက်သွယ်ခဲ့သည်။   လူယုံတော်ကလည်း ကေဝဋ်အမတ်သည် အမျိုးဆက်ရန် ရောက်လာသည့်အကြောင်းရင်းကို  မသိရှိသော်လည်း မင်းကြီးနှင့် ကေဝဋ်အမတ်တို့နှစ်ဦးတည်း နန်းတော် ပြာသာဒ်အထက်အဆင့်၌ တိုင်ပင်ပြောဆိုခြင်းဖြစ်၍ မင်းကြီး၏ အိပ်ရာ စောင့်   သာလိကာမကြားသိနိုင်ကြောင်း   စာနှင့်  မဟောသဓထံသို့ ပြန်ကြားခဲ့လေသည်။ 
မဟောသဓသည် လူယုံတော်၏ ပြန်စာကို  ရရှိသည်နှင့် ပဉ္စာ လရာဇ်မင်းနှင့်   ကေဝဋ်အမတ်တို့သည် မရိုးသားသော စိတ်ထားဖြင့် အမျိုးဆက်ရန် လာရောက်ကြခြင်းဖြစ်သည်ကို ဆင်ခြင်မိလေသည်။ ထို့ကြောင့် ကေဝဋ်အမတ်ဝင်ရာ တံခါးမှသည် နန်းတော်တံခါးဝ၊ နန်း တော်တံခါးဝမှ မိမိအိမ်တံခါးဝတိုင်အောင် လမ်းခရီးများကို အထူး အဆန်းတကြယ်   ပြင်ဆင်ထားလေသည်။ ထိုသို့ပြင်ဆင်ပြီးချိန်တွင် ကေဝဋ်အမတ် မြို့တွင်းသို့ ဝင်စေသည်။ ကေဝဋ်အမတ်သည် မင်းကြီး အား လက်ဆောင်ပဏ္ဏာများ ဆက်သပြီးနောက် မဟောသဓနေအိမ်သို့ သွားရောက်လေသည်။   မဟောသဓသည်  ကေဝဋ်ပုဏ္ဏားအား ကောင်းစွာဧည့်ခံခြင်း မပြုသည့်အပြင် လူယုံတော်များနှင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း ကေဝဋ်အမတ်အား တွန်းထိုးရိုက်ပုတ်လွှတ် လိုက်ကြလေသည်။ 
မဟောသဓ၏ ထိုသို့ဆက်ဆံခြင်းကို မင်းကြီးသိလျှင် မဟောသဓ သည် အတုမရှိသော ပညာသတိဝီရိယဖြင့် ကြိုတင်သိမြင်ခြင်းရှိမည်ဟု နှလုံးသွင်းမိ၍ သေနကအမတ်အား ပဉ္စာလရာဇ်မင်းက သမီးတော် ဆက်လို၍ ၎င်းတို့တိုင်းပြည်သို့ ဖိတ်ကြားခြင်းကို သွားရောက်သင့်မသင့် မေးမြန်းတော်မူ၏။    သေနကအမတ်က   ကြွတော်မူသင့်ကြောင်း လျှောက်ထားလေသည်။ အလားတူပင် ပက္ကုသအမတ်နှင့် အမတ်သုံးဦး ကလည်း ကြွတော်မူသင့်ကြောင်း လျှောက်ထားကြလေသည်။ 
မင်းကြီးက မဟောသဓအား မေးမြန်းသည့်အခါတွင် မဟောသဓက စူဠနီဗြဟ္မဒတ်မင်းသည် စစ်သည်အင်အားဖြင့် မိတ္ထီလာပြည်ကို အောင် နိုင်ခြင်းမရှိ၍ ကာမဂုဏ်နှင့် ဖြားယောင်းခြင်းဖြစ်ကြောင်းကို ဥပမာ များပြ၍ လျှောက်တင်လေသည်။ ထိုအခါ မင်းကြီးသည် ပြင်းစွာအမျက် ထွက်သဖြင့် ရာဇသံပေး၍ တိုင်းပြည်မှ နှင်ထုတ်လေသည်။ မင်းကြီး က အမျက်ထွက် နှင်ထုတ်လေလျှင်   မဟောသဓလည်း  မင်းကြီးအား ရှိခိုးပြီး မိမိအိမ်သို့သွားလေသည်။  မင်းကြီးလည်း  မဟောသဓသည် မိမိ၏အလိုဆန္ဒကို လိုက်လျောခြင်းမပြု၍ အမျက်ထွက်သော်လည်း မဟောသဓသုခမိန်အား  စိတ်ထဲ၌  အမြဲချစ်ခင်သနားခြင်းရှိသည် ကြောင့် မင်းချင်းတို့အား မဟောသဓအား ဖမ်းယူခွင့်  ရာဇသံကို မပေး ခဲ့ချေ။ 
မဟောသဓသည်လည်း မင်းကြီးက ဆဲဆိုရှုတ်ချခြင်းကို အမှတ် မပြုဘဲ မိမိ၏ကျေးဇူးရှင်မင်းကြီး ပျက်စီးမှုကို မလိုလားသဖြင့် ၎င်း၏ ကျေးသားကို ပဉ္စာလရာဇ်ပြည်သို့ စေလွှတ်၍ သာလိကာမထံမှ သတင်းစကားရယူရန် စေလွှတ်လိုက်လေသည်။ 
(ဆက်လက်ဖော်ပြပါမည်)