ရန်ကုန်မြို့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် တန်ဖိုးနည်းတိုက်ခန်းများသာ အရောင်းအဝယ်ဖြစ်

ရန်ကုန် ဇူလိုင် ၁၀
၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ အိမ်ခြံ မြေဈေးကွက်   အနေအထားမှာ   တန်ဖိုးနည်း တိုက်ခန်းများသာ    အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း   အိမ်ခြံမြေ  အကျိုးဆောင်များထံမှ  သိရ သည်။
နှစ်စပိုင်းက အိမ်ခြံမြေဈေးကွက်အနေအထား အေးစက်ခဲ့သော်လည်း ဝါဝင်ခါနီးအချိန်တွင် သိန်း ၂၀၀ ပတ်လည်ရှိသော တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူမှုအများဆုံးဖြစ်လာကြောင်း၊ ရင်းနှီးမြှုပ်နှံရန် ဝယ်ယူသည်ထက်    ကိုယ်တိုင်နေထိုင်ရန်အတွက် ဝယ်ယူလာကြခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ဆိုသည်။
"ဈေးကွက်ကတော့   အခုအချိန်က  ဝါဝင်ခါနီး ကာလလည်းဖြစ်နေတယ်။ အိမ်ခြံမြေဈေးကွက်က လည်း မကောင်းသေးဘူးဆိုတော့ ရင်းနှီးမြှုပ်နှံမယ့် သူတွေက   စောင့်ကြည့်နေတဲ့   အနေအထားမှာပဲ  ရှိတယ်။ အိမ်ခြံမြေဈေးကွက်ထဲမှာ ၆၅ ရာခိုင်နှုန်း လောက်က ကိုယ်တိုင်နေထိုင်ဖို့ ဝယ်ကြတာဖြစ်ပြီး ၃၅    ရာခိုင်နှုန်းလောက်ကတော့    ရင်းနှီးမြှုပ်နှံဖို့  ဝယ်ကြတာများပါတယ်"ဟု မင်းမဟော် အိမ်ခြံမြေ လုပ်ငန်းမှ    ဦးနိုင်အောင်က    မြန်မာ့အလင်းသို့ ပြောသည်။
တိုက်ခန်းများရောင်းဝယ်ရာတွင် ကျပ်သိန်း ၂၀၀ မှ သိန်း ၃၀၀ ကြား ကန်ထရိုက်တိုက်များ အဓိက အရောင်းအဝယ်ဖြစ်ကြသော်လည်း   စီးပွားရေး လုပ်ကိုင်နိုင်သည့် မြေညီထပ်တိုက်ခန်းများ၊ ကွန်ဒို တိုက်ခန်းများမှာ   အရောင်းအဝယ်  အေးစက်လျက် ရှိကြောင်း သိရသည်။
"အခန်းတွေက သိန်း ၂၀၀ ကနေ ၃၀၀ ကြား အခန်းတွေ အဓိက အရောင်းသွက်တယ်။ အဝယ် လည်း ရှိတယ်။ ကျန်အခန်းတွေက ဖွင့်ပြရတဲ့ အနေ အထားတောင်  မရှိဘူး။   လုပ်ငန်းတွေ၊  ဆိုင်တွေ ရပ်တန့်နေချိန်ဆိုတော့ စီးပွားရေးလုပ်လို့ရတဲ့ မြေညီ ထပ်အခန်းတွေ၊ နိုင်ငံခြားသားကို ငှားရမ်းလို့ရတဲ့ ကွန်ဒိုတွေလည်း  အရောင်းအဝယ်  မရှိကြဘူးပေါ့။ အရောင်းသမားတွေကလည်း ဈေးကောင်းပြန်ရမယ့် အချိန်ကောင်းကို စောင့်နေကြသလို အဝယ်တွေ ကလည်း ငွေကို ကိုင်ထားတဲ့ အနေအထားပါ"ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက် အနေအထား မှာ  ကိုဗစ်ပထမလှိုင်းကာလမှ စတင်၍ အေးစက် နေခဲ့ခြင်းဖြစ်ပြီး ဝါဝင်ခါနီးတွင် အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာခဲ့ကြောင်းနှင့် သီတင်းကျွတ် ပွင့်လင်းရာသီတွင် ဈေးကွက်ပြန်ကောင်းလာမည်ဟု အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်း နေကြကြောင်း သိရသည်။
Aမင်း၊ ဓာတ်ပုံ ရွှေအပ်