
မင်းဘူး ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ယနေ့နံနက်ပိုင်းက မန်းချောင်းရေ သုံးပေခန့် ဝင်ရောက်စီးဆင်းလျက်ရှိကြောင်း မန်းရွှေ စက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင် ၃၁ ရက် ညပိုင်းမှ စတင်ကာ နေ့စဉ်မိုးများအဆက်မပြတ် ရွာသွန်းလျက် ရှိကြောင်း၊ မိုးရွာသွန်းမှုများကြောင့် မန်းရွှေစက်တော် ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ဩဂုတ် ၁ ရက် ညနေ ၄ နာရီခန့်မှစတင်ပြီး မန်းချောင်း ရေများ ဖြတ်ကျော်စီးဆင်းကာ ညပိုင်းတွင် ရင်ပြင် အထက် ငါးပေခန့်အထိ သိသိသာသာ တိုးမြင့်ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့ ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် မန်းချောင်းရေများ ပြန်လည်ကျဆင်းပြီး အောက်စက် တော်ရာ ရင်ပြင်အထက် သုံးပေခန့်သာ ဆက်လက် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း၊ မန်းချောင်း အတွင်း နှစ်စဉ်ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေ စက်တော်ဘုရား အထက်ပိုင်းရှိဒေသများ၌ နေ့စဉ် မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်းသို့ စီးဆင်းဝင်ရောက်ကာ အဆိုပါမန်းချောင်းများမှ တစ်ဆင့် ရွှေစက်တော်မန်းချောင်းအတွင်းသို့ ဆက်လက်ဖြတ်သန်းစီးဆင်းဝင်ရောက်ပြီး ရေကြီးမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် ယခင်နှစ် မေလပိုင်းက မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်း ထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်း၍ ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်း ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ မန်းရွှေစက်တော် ဘုရား အောက်စက်တော်ရာ ရင်ပြင်အထက် ပန်းဆွဲ သို့ ရောက်ရန် နှစ်ပေခန့်အထိ မန်းချောင်းရေများ ဖြတ်ကျော်စီးဆင်းကာ ရွှေစက်တော်မန်းချောင်း အောက်ပိုင်းတစ်လျှောက်ရှိ ဒေသများတွင် ရေကြီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မောင်မောင်(မင်းဘူး)