
ရန်ကုန် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွမ်းခြံကုန်း မြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု၍ လေဘေးသင့် ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီးအခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဇူလိုင် ၂၅ ရက် နံနက် ၃ နာရီခွဲက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့ရသည့် ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာနှင့် ညောင်နီကုန်းကျေးရွာများမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းက ယာယီကွပ်ကဲရေးရုံး ဖွင့်လှစ်ထားရှိသည့် ကညင်ကုန်းကျေးရွာ စာကြည့်တိုက်တွင် တွေ့ဆုံရာ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများသည် ကညင်ကုန်းကျေးရွာ ဘုရားကြီးဘုန်းတော်ကြီး ကျောင်းတွင် လေဘေးသင့်အိမ်ထောင်စုများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အလှူရှင် တစ်ဦး၏ ၂၄ ပြည်ပါဆန်အိတ် ငါးအိတ်လှူဒါန်းမှုကို လက်ခံပေးကာ လေဘေးသင့်အိမ်ထောင်စုများအား နေ့လယ်စာထမင်းဘူးများကို ဝေငှပေးကြပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီးလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် မှာကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများသည် ကျေးရွာများအတွင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ က ရွာအတွင်းသစ်ပင်၊ သစ်ကိုင်းများကြောင့် လမ်းပိတ်ဆို့နေမှုများ၊ အိမ်အမိုးလန်ခြင်း၊ အိမ်ပေါ်သို့ သစ်ပင်၊ သစ်ကိုင်းပိခြင်း၊ အိမ်ပျက်စီး ခြင်းများကို ဝိုင်းဝန်းဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများနှင့် ဆောင်ရွက် နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးကြ သည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး မင်းသူရနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် လေဘေးသင့် အိမ်ထောင်စု ၇၄ စု၊ လူဦးရေ ၂၀၆ ဦးအတွက် အခြေခံစားသောက်ကုန်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအားလည်းကောင်း၊ တိုင်းဒေသ ကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ထောက်ပံ့ရေးပစ္စည်း ၁၆ မျိုးနှင့် လူတစ်ဦးလျှင် ငွေကျပ် ၄၂၀၀ နှုန်းဖြင့် ၂၀၆ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေများအားလည်းကောင်း၊ အိမ်ပြန်လည် တည်ဆောက်ရန် ထောက်ပံ့ငွေများအားလည်း ကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)