
လွိုင်ကော် ဇူလိုင် ၂၃
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်း လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက် အမှောင့် ဆောင်ရွက်ခဲ့မှုကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှောင့်နှေးခဲ့ရပြီး ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များ များစွာထိခိုက် ဆုံးရှုံးခဲ့ရ ကြောင်း၊ ယခုအခါ လွိုင်ကော်မြို့ ပြန်လည်တည်ငြိမ် အေးချမ်းမှု ရရှိလာပြီဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရမည့် အချိန် အခါဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်နယ်အတွက် စေတနာထားကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်း အရည်အသွေး ပြည့်ဝမှုရှိစေရေးနှင့် ပေးသွင်းရမည့် အခွန်အခများ ပေးသွင်းနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ဌာနဆိုင်ရာရုံးများဖွင့်လှစ်နိုင်ရေး ၊ နေရပ်ပြန်ပြည်သူများ လက်ခံခြင်း၊ ပြည်သူများ သောက်သုံးရေ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ပြည်သူများ အခြေခံလိုအပ်ချက်များအား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကဏ္ဍစုံတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဦးစားပေးအဆင့်အလိုက် ဟန်ချက်ညီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များအား ဒေသတွင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်မျိုးသိန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် လွိုင်ကော်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ က စုပေါင်း၍ အလှူငွေကျပ်သိန်း ၅၀၀ လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး စီးပွားရေး လုပ်ငန်းရှင်များကို ရင်းရင်းနှီးနှီး အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)