ပြင်းထန်သည့်လေထုမငြိမ်သက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များကို စင်ကာပူလေကြောင်းလိုင်းမှ လျော်ကြေးငွေပေးမည်ဟု ကြေညာ

စင်ကာပူ  ဇွန်  ၁၂
လွန်ခဲ့သည့်လအတွင်း စင်ကာပူလေကြောင်းလိုင်း လေယာဉ်ပေါ်တွင်      လိုက်ပါလာသည့်ခရီးသည် များမှာ ပြင်းထန်သည့်လေထုမငြိမ်သက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး    အဆိုပါခရီးသည်များကို လျော်ကြေးငွေပေးအပ်သွားမည်ဟု       စင်ကာပူ လေကြောင်းလိုင်းမှ အရာရှိများက ကြေညာခဲ့သည်။
အဆိုပါ မတော်တဆဖြစ်ရပ်ကြောင့် လူတစ်ဦး သေဆုံးခဲ့ရသည်။  အသေးစားဒဏ်ရာရရှိသူများကို လျော်ကြေးငွေ အမေရိကန်ဒေါ်လာ  ၁၀၀၀၀  ပေး သွားမည်ဟု     လေကြောင်းလိုင်းအရာရှိများက ပြောသည်။  ဒဏ်ရာပြင်းထန်သူများကို  ၎င်းတို့၏ ဒဏ်ရာအခြေအနေအရ လျော်ကြေးငွေပေးသွားရန် လာရောက်ဆွေးနွေးကြပါဟု ဖိတ်ခေါ်ထားသည်။
ကာလရှည်ပြုစုစောင့်ရှောက်မှုခံယူရန် လိုအပ် သူများကို     ကြိုတင်ငွေပေးချေမှု    အမေရိကန် ဒေါ်လာ ၂၅၀၀၀  ခန့်ပေးသွားမည်ဟု  သိရသည်။ အဆိုပါလေယာဉ်ခရီးစဉ်တွင် လိုက်ပါလာသူများ ကို လေယာဉ်စီးခ အပြည့်အဝပြန်လည်ပေးသွားမည် ဟုလည်း လေကြောင်းလိုင်းအရာရှိများက   ပြော သည်။ မေ ၂၁ ရက်က ဘိုအင်း ၇၇၇ လေယာဉ်သည် လန်ဒန်မှ    စင်ကာပူသို့ပျံသန်းစဉ်      ရုတ်တရက် ပြင်းထန်သည့် လေထုမငြိမ်သက်မှုဖြစ်ခဲ့ရာ တုန်ခါမှု ဖြစ်ပွားပြီး ဘန်ကောက်မြို့အနီး သုဝဏ္ဏဘူမိလေဆိပ် တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်။  လေယာဉ်ပေါ် တွင် ခရီးသည် ၂၂၉ ဦး လိုက်ပါလာခဲ့သည်။
အဆိုပါဖြစ်စဉ်အတွင်း အသက် ၇၃ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ဦး        နှလုံးရောဂါကြောင့် သေဆုံးခဲ့ရသည်။    စင်ကာပူသယ်ယူပို့ဆောင်ရေးအာဏာပိုင်များသည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ