ကဆုန်လနှင့် ညောင်ရေသွန်းပွဲတော်

1

 

  လွန်းပိုးအိမ်

မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယမြောက်လ ဖြစ်သည်။ ကဆုန်လ၏ သဘာဝအလှတို့ကား စာဖွဲ့မကုန်နိုင်ပါချေ။ မိုးရနံ့နှင့်အတူ ဖူးပွင့်လာသော စကားဝါပန်းကလေးများ၏ မွှေးရနံ့များသည် ရင်ကိုအေးမြစေသည်။ ကဆုန်လတွင် ကျင်းပသည့် ညောင်ရေသွန်းပွဲတော်သည် စည်ကား သိုက်မြိုက်လှသော ပွဲတော်တစ်ခုဖြစ်သည်။ 
ကဆုန်လသည်  နွေလဖြစ်သည့်အားလျော်စွာ ဆည်မြောင်း၊ ကန်ချောင်း၊ ရေတွင်းရေအိုင်တို့တွင် ရေများခန်းခြောက်သည့်လဖြစ်သည်။   နွေရာသီ ကဆုန်လ၏ တောတောင်ရှုခင်းတို့မှာ လွမ်းမောဖွယ် ရှိလှပါသည်။ ဥဩငှက်ကလေးများ၏ လွမ်းမောဖွယ် ကောင်းသော    အသံချိုလေးများမှာ   ချစ်စရာ ကောင်းလှသည်။ 
ကဆုန်လပြည့်  ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာမြတ်စွာဘုရား က   ဂေါတမဘုရားအလောင်းတော် သုမေဓာရှင် ရသေ့အား ဘဒ္ဒကမ္ဘာမှာ ဘုရားအဖြစ်ကိုရလိမ့်မည် ဟု ဗျာဒိတ်ပေးခဲ့ပါသည်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ကဆုန်လပြည့်နေ့တွင် ဖွားမြင် ခဲ့သည်။   ဘုရားဖြစ်တော်မူသော  ရက်မှာလည်း ကဆုန်လပြည့်နေ့ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ကဆုန် လပြည့်နေ့မှာပင်   ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ထို့ကြောင့်   ကဆုန်လပြည့်နေ့ကို  ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓ ဘာသာဝင်များက အထွတ်အမြတ်ထားခဲ့ကြသည်။ 
ညောင်ရေသွန်းပွဲတော်ဓလေ့သည် မြန်မာမင်း အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် ကျင်းပလာ ခဲ့သော  မြန်မာ့ရိုးရာဘာသာရေးပွဲတော် တစ်ခုဖြစ် သည်။ ညောင်ရေသွန်းပွဲတော်များကို နိုင်ငံတစ်ဝန်း လုံး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ 
ညောင်ရေသွန်းပွဲတော်ဆိုင်ရာ စာ၊ ကဗျာများ
ညောင်ရေသွန်းပွဲတော်များကို  ပုဂံ၊  ပင်းယ၊ အင်းဝခေတ်ကပင် ဆင်နွှဲခဲ့ကြသည်။ တောင်ငူခေတ် စာဆိုတော်      နတ်သျှင်နောင်၏      “ပေါ်နွေလလျှင်” ချီရတုတွင် ညောင်ရေသွန်းပွဲတော်အကြောင်းကိုဤသို့ ထည့်သွင်းဖွဲ့ဆိုထားပါသည်။
ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း
မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်
ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း
ထွေထွေစွန်းက၊ ရေသွန်းသာကြည်
ပျော်ရမည်ကို၊ မြရည်သတ်မှတ်
ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည် . . .
                          (နတ်သျှင်နောင်)
ကုန်းဘောင်ခေတ်စာဆိုတော်    လက်ဝဲသုန္ဒရ အမတ်ကြီးကလည်း “မဲဇာတောင်ခြေ” ချီရတုတွင်-
“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဒါ၊ ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊ တောင်းဆုယူသည်” ဟု ထည့်သွင်း ဖွဲ့ဆိုခဲ့ပါသည်။
ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာခြင်း နှင့် ပတ်သက်၍ မဟာအတုလမင်းကြီးက-
မြူခြေငယ်ဝှမ်းပါလို့၊ နေဝန်းငယ်စက်ရှိန်
တောက်လောင်ငယ်ထိန်သည်၊
ဖန်သူရိန်တေဇာကြောင့်၊
ပူဗျာပါ ကဲတဲ့လကိုလေး၊ 
ရာသီငယ်ပြိဿ၊ မဟေသီလဲ၊
ရွှေညီခလို့၊ ပန်းမြစကားဝါ၊
ဝိသာခါနှင့်၊ တရားခြံရံ၊
စန်းယုန်ငွေဖန်သည့်နှယ်၊
ဆဒ္ဒန်ပိုင်ဗွေပုံမှာ၊
လကဆုန် ညောင်ရေပွဲချိန်မို့၊ 
သဲလှတယ်လေး” ဟု ဖွဲ့ဆိုထားပါသည်။
မြေပြင်တွင်   အပူဒဏ်မခံနိုင်ဘဲ  မိုးကိုသာ မျှော်နေကြသည်။ မိုးဒေဝါကလည်း ရွာတော့မည့် ဟန်ဖြင့်   ကောင်းကင်ပြင်တွင်  တဂျိမ်းဂျိမ်းနှင့် မိုးခြိမ်းသံပေးနေသည်။ တိမ်ဖြူ၊ တိမ်ပြာတို့ကလည်း ဟိုပြေးသည်ပြေး ရွေ့လျားနေသည်။ တစ်ခါတစ်ရံ လျှပ်ပန်း၊ လျှပ်နွယ်တို့ကလည်း ပြိုးပြိုးပြက်ပြက်ဖြင့် ကောင်းကင်က မိုးသံပေးလျက်ရှိသည်။
ကဆုန်လ နွေ၏ မြင်ကွင်းရှုခင်း
စာဆိုရှင်  စုံနံ့သာမြိုင်ဦးကြော့က  ကဆုန်လ နွေ၏ မြင်ကွင်းရှုခင်းကို မိုးကောင်းကင်တွင် မိုးရွာ မည့်ဟန်နှင့် လမ္မရာစည် ပုစွန်လက်မစည်များကို တီး၍ မိုးသံပေးနေသည်ဟု ရေးဖွဲ့ထားခဲ့သည်။
“ဟေမန် နွေလှန်လို့ တုံ့ပြန်တော့ 
ဘွေသဟံ ဝေယန်အုံ့ဆီက၊ 
လေပြန်လှုံ့ဆော်ခဲ့ပြီ။
ပင်ပေါ်ထက် ရော်ရွက်ဝါထိန်ဝေနှင့်
ခါဂိမ္မေ သည်တခေတ်တွင်မှ၊ 
ညှာလိမ်ကြွေ တမည်လှစ်မည်ကြောင့်
အသစ်ထွေ ထွေကာစုပါလို့
ပုရစ်ခွေ တမာနုမှာကွယ် ကျေးဥစီစီ။
ခင်တန်းလျှိုသပြေပင်က၊
ရွှေသဇင် သုတ်လေနှောပြန်တော့
နေဝင်လျှင် ဘုတ်တွေရောပါလို့၊
ဥရွှေဩရယ်က တွန်သံချီ၊
ဌာနီနှင့်ကွာဝေး။
ဖန်ခါခါ လမ္မရာစည်ဍိဏ္ဍိပေမို့
ဝသန်မှာ ဆည်မချိပြီဘူး
ပူမိသည် မှော်ရဂုံက
တော်ကဆုန် ညောင်ရေသွန်းချိန်မို့၊ 
ဖော်မစုံ အောင်မြေကွန်းဆီသို့ 
လွမ်းလိုက်လှသေး။
ကဆုန်လသည်     အပူချိန်လွန်ကဲသောလ ဖြစ်သည်။    ပုရစ်ဖူး၊   ပုရစ်ငုံကလေးများသည် အစီအရီ   အညီအညာ၊  ကြွကြွရွရွ၊ လှလှပပဖြင့် လောကကို အလှတန်ဆာဆင်နေပါသည်။ “ကဆုန် နယုန် လေရူးသုန်” ဟု ဆိုရိုးစကားရှိခဲ့သည့်အတိုင်း အနောက်တောင်မုတ်သုံလေ၏ လေပြည်လေညင်း ကလေးများ တိုက်ခတ်စပြုပြီး မိုးပွင့်မိုးဖွားကလေး များကို ရွာကျတော့မယောင် ထင်မှားစေရပြန်သည်။ မုတ်သုံမိုးစက်ကလေးများ၏ ကလူကျီစယ်မှုကြောင့် မြေသင်းရနံ့  သင်းပျံ့ပျံ့ကလေးများကို  ခံစားရနိုင် သည်။
စမ်းချောင်းကလေးများဝယ် ရွက်ကြွေကလေး များ မျောပါလာသည်။ လိပ်ပြာရောင်စုံ  ကလေးများ က မျောပါလာသော သစ်ကိုင်းခြောက်ကလေးများ ပေါ်၌   နားခိုလိုက်ပါလာသည်။   တန်ခူးရေကုန်၊ ကဆုန်ရေခန်းတတ်သည်။  ထန်းတက်သမားတို့ ကလည်း    ထန်းရည်လှိုင်ချိန်ဖြစ်၍   ထန်းတက် နေကြသည်။ မိုးမကျမီ အားသွန်ခွန်စိုက် လုံ့လဝီရိယ စိုက်ထုတ်ကာ လုပ်ကိုင်နေကြသည်။ 
ညောင်ရေသွန်းပွဲတော် စတင်လာခြင်း
ကဆုန်လသည်   အလွန်ပူပြင်းသောလဖြစ်ရာ သီဟိုဠ်နှင့် ဗုဒ္ဓဂယာတို့မှ မျိုးပွားယူ၍ စိုက်ပျိုးထား သော ဗောဓိညောင်ပင်ကို အပူရှိန်ကြောင့် ညှိုးခွေ ခြောက်သွေ့  သေဆုံးသွားမည်စိုးသဖြင့်  ရေသွန်း လောင်းရာမှ အစပြု၍ ညောင်ရေသွန်းပွဲတော် စတင် လာခြင်းဖြစ်သည်။
ညောင်ရေသွန်းပွဲတော် ကျင်းပပုံကို စာဆိုတော် မင်းဇေယျရန္တမိတ်က-
“ကဆုန်လတွင်၊ ပြာစင်ညက်ဖြူ
ရွှေပြည်သူတို့၊ သင်းကြူကြိုင်စွာ
ရေနံ့သာဝယ်၊ ရင်းမာကွမ်းဘူး
စကားဦးနှင့်၊ ကွန့်မြူးလျှံမောင်း
မွေတော်ပေါင်းကို၊ ပျံ့လှောင်းကြိုင်ရွှန်း
အဲသီချင်းနှင့်၊ ပြန်တင်းရည်စောင်
အဆောင်ဆောင်သည်
ခါညောင်မသွန်း လှည့်လေလော့” ဟူ၍ သီကုံး ခဲ့ပေသည်။
ကဆုန်လပြည့်နေ့တွင်    ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြသည်။ ညောင်ရေသွန်းပွဲတော် သည် မြန်မာတို့၏ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့၊ မြန်မာ နည်း မြန်မာ့ဟန်ဖြင့် ပေါက်ဖွားလာသော ပွဲတော် တစ်ခုဖြစ်သည်။ ကဆုန်လပြည့်နေ့ ညောင်ရေသွန်း ဓလေ့သည် မဇ္ဈိမဒေသနှင့် သီဟိုဠ်တို့တွင် ဘုရား ပွင့်တော်မူရာဒေသဖြစ်သော်လည်း   ရှေးကမရှိခဲ့။ ယနေ့လည်းမရှိ။ မြန်မာတို့တွင်သာ ရှိသောကြောင့် မြန်မာ့ပွဲတော်စစ်စစ်ဟု ဆိုရပေမည်။ ကဆုန်လပြည့် နေ့တွင် ရေအိုးကိုယ်စီရွက်၍ လည်းကောင်း၊ တချို့ မှာ ဆိုင်းထမ်းများဖြင့်သော်လည်းကောင်း ဗောဓိ ညောင်ပင်ရှိရာသို့ သွားရောက်၍ ရေစင်သွန်းလောင်း ကြသည်မှာ ယဉ်ကျေးသိမ်မွေ့လှသော မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့အသွင်သဏ္ဌာန်ပင် ဖြစ်သည်။
တစ်စုံတစ်ရာ အမှုကိစ္စပေါ်ပေါက်၍ အောင်ရာ အောင်ကြောင်း ဆုတောင်းသောအခါတွင် “ဘယ် ဘုရားမှာတဲ့    ဆွမ်းတော်တင်၊   ဘယ်ပလ္လင်မှာ ညောင်ရေလောင်းလို့ ဆုတောင်းရပါမယ်”ဆိုသည့် ညောင်ရေမှာလည်း ကဆုန်လပြည့်နေ့တွင် ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်းသော ညောင်ရေသွန်း ခြင်းမှ ပေါက်ဖွားခြင်းဖြစ်ဟန်တူသည်။ ရှေးအခါက ဘုရင့်တပ်မတော် စစ်ထွက်သောအခါတွင်လည်း နန်းတွင်းသူ လှပျိုဖြူကလေးများက “အောင်ပါစေ သပြေပန်းနဲ့   ရေချမ်းကိုလောင်း၊  သွန်းလောင်း ညောင်ရေအောင်ပါစေ”ဟု ဆုတောင်းလေ့ရှိသည်ကို ရေးဖွဲ့သည်။ စာဆိုတစ်ဦးကမူ- 
“သပြေပန်းနဲ့ သွန်းလောင်းညောင်ရေ 
အောင်မြင်စေဟု၊ အောင်စေရတု 
အောင်ကြောင်းပြု၍၊ ရုံးစုမပျက် 
ငြိမ့်ငြိမ့်ထွက်သည်
ဘုတ်ကျက်သဘင် တပွဲတည်း” ဟူ၍ စပ်ဆို ခဲ့သည်။ 
ခြိမ့်ခြိမ့်သဲ စည်ကားစွာကျင်းပ
ကဆုန်လသည် အပူချိန်လွန်ကဲ၍ ခြောက်သွေ့ သောလ ဖြစ်သည့်အလျောက် တောင်သူဦးကြီးများ လည်း အလုပ်နားကြသည်။ ထို့ကြောင့် ညောင်ရေ သွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပကြ သည်။ ကဆုန်လပြည့်နေ့မရောက်မီ တစ်ရက်အလို တွင် ရေသွန်းလောင်းကြမည့် ညောင်ပင်ကို အမွှေး နံ့သာများ   ဖျန်းပေးခြင်း၊   ထုံးသုတ်ခြင်း၊  အမှိုက် သရိုက်များ  ရှင်းလင်းထားခြင်းများ   ပြုလုပ်ကြ သည်။
ကဆုန်လပြည့်နေ့တွင်  ဆင်ယင်ကျင်းပသော ညောင်ရေသွန်းပွဲတော်သည် ကျက်သရေရှိလှသည်။ ရေအိုးကလေးများ ကိုယ်စီရွက်၍ ဗောဓိညောင်ပင် ရှိရာသို့ ရေစင်သွန်းလောင်းရန်သွားကြသော ဗုဒ္ဓ ဘာသာ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့၏   ပုံရိပ်မှာလည်း   မြန်မာ့ဟန်၊  မြန်မာ့ သဏ္ဌာန်တို့ဖြင့် ယဉ်ကျေးသိမ်မွေ့ကာ အလှတွေ ဝေဖြာနေပါသည်။ 
ညောင်ရေသွန်းပွဲတော်သည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သကဲ့သို့    ကုသိုလ်ယူစရာ၊ ဝမ်းသာကြည်နူးစရာပွဲတော်လည်း     ဖြစ်ပါသည်။ သို့ဖြစ်ပါ၍     မြန်မာလူမျိုးများသည်   ကဆုန်လ ရောက်တိုင်း ညောင်ရေသွန်းလောင်းရမည့် အချိန် ကာလကို စောင့်မျှော်လျက် ရှိကြပါတော့သည်။  ။