
နေပြည်တော် ဧပြီ ၁၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်း များကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ် များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဧပြီ ၁၃ ရက်မှ ဧပြီ ၂၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၄၆၅ ကျပ် ဖြစ်ကြောင်း ပြင်ဆင်ထုတ်ပြန်ကြေညာသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်