
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin အား ဂါရဝပြုတွေ့ဆုံ၊ ဒုတိယအကြိမ်
ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး၊ အစည်းအဝေးမှတ်တမ်း လက်မှတ်ရေးထိုးပွဲ ပြုလုပ်ကျင်းပ
နေပြည်တော် ဧပြီ ၁၂
ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာ လင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှု ဗဟို ဌာန (National Defence Management Center-NDMC) သို့ သွားရောက်လေ့လာ ကြသည်။
ရှင်းလင်းပြသ
ဦးစွာ အမျိုးသားကာကွယ်ရေး စီမံ ခန့်ခွဲမှုဗဟိုဌာန ဒုတိယအကြီးအကဲ Lieutenant General Yuri KORSACHEV က နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ NDMC ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို အသေးစိတ် လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် ရုရှားကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမသို့ သွား ရောက်ကာ ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသည့် အထိမ်းအမှတ်အဖြစ် အစည်းအဝေးမှတ်တမ်းကို ပူးတွဲဥက္ကဋ္ဌ များဖြစ်ကြသော ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
လုံခြုံရေးနှင့် လေ့ကျင့်ရေးဆွေးနွေး
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာရေးအပါအဝင် လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး Colonel General Alexander V.Fomin က မြန်မာနိုင်ငံ၏ နှစ်သစ်ကူးသင်္ကြန်အခါသမယ ဆုမွန် ကောင်းတောင်းစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်