စာဆိုစစ်သည်များ ရေးဖွဲ့ခဲ့သော တပ်မတော်သမိုင်းကြောင်း တစေ့တစောင်း

Type
1

 

(၇၉)နှစ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြုဆောင်းပါး

စာဖတ်ပရိသတ်တစ်ဦး

ဥဩပျိုငှက်တို့၏ တွန်ကျူးမှုနှင့်အတူ တပေါင်းလရာသီ ရောက်ခဲ့ချေပြီ။ စာရေးသူတို့ ငယ်စဉ်ကမူ ယခုလို နွေရာသီကျောင်းပိတ်ရက်    တပေါင်းလရာသီ ရောက်ပြီဆိုလျှင်ဖြင့်    ရပ်ကွက်စာအုပ်အငှားဆိုင်မှ စာအုပ်မျိုးစုံငှားရမ်း၍ တဝကြီး ဖတ်ရှုဖြစ်ခဲ့ကြသည်။ စာအုပ်တွေကလည်း မျိုးစုံလှသည်။ တစ်ရက် စာအုပ်အငှားဆိုင်တွင် စာအုပ်ရွေးရင်း ဗိုလ်မင်းခေါင်(ရဲဘော်သုံးကျိပ်)၏ “ဗိုလ်ချုပ်အောင်ဆန်းနှင့်    ရဲဘော်သုံးကျိပ်”    စာအုပ်ကို တွေ့လိုက်၍ စာမြည်းသဘော ဖတ်ရှုရင်း စိတ်ဝင်စားလာသဖြင့်   ငှားရမ်းဖြစ်ခဲ့သည်။    စာအုပ်က စာရေးသူတို့ မသိမမီခဲ့သည့်  အတိတ်ခေတ်ကာလတစ်ခုကို ဆွဲခေါ်သွားသည်။

 

 ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်စာအုပ်


“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊    တကယ်ပဲ    အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ   ကြံစည်တယ်၊  သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်” ဟူသည့် ဗိုလ်အောင်ဆန်းသီချင်းက  ပို၍ပို၍  အသက်ဝင် ပီပြင်လာပါသည်။ ဟိုင်နန်ကျွန်း၏ စစ်ကျောင်းတွင် ဂျပန်ဆရာများထံမှ       ရဲဘော်သုံးကျိပ်ဝင်များ အပင်ပန်း  အဆင်းရဲခံ၍  စစ်ပညာသင်ကြားရင်း ဇာတိချက်ကြွေမွေးရပ်မြေ မြန်မာပြည်ကို လွမ်းခဲ့ ကြပုံကိုဖတ်ရသည်မှာ ပို၍လွမ်းစရာဖြစ်ရပါသည်။
ညနေစောင်း အားလပ်ရက်တွင် ဗိုလ်လရောင်က “အင်း. . .   ကဆုန်လပြည့်တောင်   လွန်သွားပြီ။ ရန်ကုန်မှာဆိုရင်    ကဆုန်ညောင်ရေသွန်းပွဲတော် မှာ ဘယ်လောက်ပျော်လိုက်မလဲ၊ ခုတော့ . . .”ဟု ဆိုလိုက်ရာ ကျန်ရဲဘော်များအားလုံး ငိုင်တွေတွေ ဖြစ်သွားခဲ့ကြသည်။   ဗိုလ်ရဲထွဋ်က “ဌာနီဟောင်းကို လွန်အောက်မေ့ပါသည်”သီချင်းကို မတိုးမကျယ် ဆိုညည်းလိုက်သည်။   “ဒါလားကွ . . . နေမဝင်တဲ့ အကြီးဆုံးအင်ပါယာကို ဖြိုမယ့်သူတွေ” ဟူသော ဂျပန်အမည် အိုမိုတာမွန်ချီ ခေါ် သခင်အောင်ဆန်း၏ အသံဩဩကြီးနှင့်အတူ   ရဲဘော်များ   ပြန်လည် အသက်ဝင်လာပြီး  ထိုင်နေရာမှထ၍ စစ်တန်းလျား ဆီသို့ စစ်ချီသီချင်းများသီဆို၍ လျှောက်သွားခဲ့သည် များကို ဖတ်ရှုရသည်မှာ ရဲဘော်သုံးကျိပ်ဝင်များ နည်းတူ စိတ်ခံစားမှုကို ဖြစ်ပေါ်စေခဲ့သည်။
တစ်ဖန် စစ်ပညာလေ့ကျင့်ခန်းတွင် ဗိုလ်ဇေယျ သည် နေအပူရှိန်ကြောင့် ကျောပူ၊ သဲဒဏ်ကြောင့် ရင်ပူလှ၍ အမှတ်တမဲ့ ရင်ပူသက်သာစေရန် ခါးကို ကုန်းလျက်ထမိစဉ် ဂျပန်ဆရာက ဂျပန်ထုံးစံအရ ပါးရိုက်ခဲ့ပုံ၊   တန်းဖြုတ်ချိန်တွင်   ဗိုလ်ဇေယျက ခံပြင်း၍    “လွတ်လပ်ရေး  ချက်ချင်းပေး၊ အရေး တော်ပုံအောင်ရမည်လို့ အော်ကြပါဦးလား။  အခု တော့ ကောင်းကြသေးရဲ့လား၊ ဒီမှာကြည့်စမ်းပါဦး လား”ဟု ပါးကို လက်ညှိုးထိုးပြစဉ် သခင်အောင်ဆန်း က “ဒါလားကွယ့်။  နေမဝင်ဘုရင်ကို   စစ်ပြိုင်မယ့် သူတွေ၊   အသက်တောင်   အသေခံမယ်လို့  ဆုံးဖြတ် ထားကြပါပြီပဲ။ ဒီလောက်ဖြစ်ပျက်မှုကိုတော့ ခံနိုင် ရမယ်ပေါ့”ဟူသည့်   ခေါင်းဆောင်မှုပေးခဲ့ပုံများ၊ ဂျပန်ထံတွင် စစ်ပညာသင်ကြားစဉ် အနေဆင်းရဲ၊ အစားဆင်းရဲလွန်း၍       ရဲဘော်သုံးကျိပ်ဝင်များသည် စတိုခန်းအတွင်းမှ သစ်သီး၊ ဘီစကွတ်၊ ဆိုဒါပုလင်း များ    စသည်ဖြင့်   စားစရာ၊ သောက်စရာအချို့ကို အလစ်သုတ်ယူ၍   ဝေမျှစားခဲ့ရပုံများ၊   စိတ်ဝင် စားလွန်းလို့ စာအုပ်ကို လက်ကမချနိုင်ခဲ့။


စာဆိုစစ်သည်များ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်   တပ်မတော်သမိုင်းကြောင်း စာပေလက်ရာများ


ထို့နောက်မှာတော့       စာဆိုစစ်သည်များ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်   တပ်မတော်သမိုင်းကြောင်း စာပေလက်ရာများကို လက်လှမ်းမီရာ ဆက်တိုက် ဖတ်ရှုလေ့လာဖြစ်ခဲ့သည်။   ဗိုလ်တာရာ   (ရဲဘော် သုံးကျိပ်)၏   “တော်လှန်ရေးအတွေ့အကြုံများ”၊ ဗိုလ်သံတိုင်၏        “လွတ်လပ်ရေးအရေးတော်ပုံ မှတ်တမ်း”၊    ခင်မောင်ညို(မန်း)၏    “အညတရ စစ်သည်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း”၊ အငြိမ်းစား ဗိုလ်မှူးအေးငွေ၏  “သမိုင်းတစ်ကွေ့ ကိုယ်တွေ့ မှတ်တမ်း”၊    မှူးသမိန်၏    “ဘုံဘဝ ကြုံတွေ့ရ ဇာတ်လမ်းများ”၊ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင် ၏         “ဂျပန်ခေတ် စစ်ပညာတော်သင်တစ်ဦး”၊ “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်”၊ “မုန်တိုင်း လွန်သော်”၊ “မင်းရေးကြွယ်ကြွယ်”၊ ထီလာစစ်သူ၏ “စီးဆင်းရစ်လေဦး ဧရာဝတီ”    စသည်   စသည် ဖြင့် . . . ။


အငြိမ်းစားဗိုလ်မှူးအေးငွေ ခေါ်  ဆရာ ဒဂုန် မြတ်လေးနွယ်က    “သမိုင်းတစ်ကွေ့   ကိုယ်တွေ့ မှတ်တမ်း” စာအုပ်အမှာစာတွင် “ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုအမြောက်အမြားရေးခဲ့ရာမှ ဒုတိယကမ္ဘာစစ် ကြီး၏ မီးတောက်မီးလျှံများသည် ဥရောပမှ ခုန်ပျံ ကျော်လွှား၍ အရှေ့ဖျားဆီသို့ ကူးစက်လောင်ကျွမ်း ခဲ့လေရာ      မြန်မာပြည်တွင်လည်း   စစ်မီးများ တဟုန်းဟုန်း    တောက်လောင်ခဲ့လေတော့သည်။ သည်တွင်  တိုင်းပြည်လွတ်လပ်ရေးအတွက် အမိ မြန်မာပြည်ကလည်း လက်ယပ်ခေါ်နေပါပြီ။ တာဝန် ကိုသိကြသော မျိုးချစ်လူငယ်လူရွယ်တိုင်း မိခင်ကြီး ခေါ်ရာသို့   ဦးပြည်းကိုရိတ်၍  အတိတ်ကိုစွန့်ကာ အဓွန့်ကြာ အနာဂတ် လွတ်လပ်ရေးခရီးလမ်းဆီသို့ သေနတ်ကိုယ်စီထမ်း၍       ရွှင်လန်းဝမ်းမြောက်စွာ ချီတက်ကုန်ကြပါသည်။ ကျွန်တော့်အဖို့တွင်လည်း မနေနိုင်တော့ပါပြီ။ သမိုင်းပေးတာဝန်က ကျွန်တော့် ကို ပေးအပ်နေပါပြီ။ အလှည့်ကျသော်က နွားမသော် မှ ဝန်ထမ်းရသေးသည် မဟုတ်ပါလော” စသည်ဖြင့် “အစီရင်ခံပါရစေ”ဟု  အစချီ၍  ရေးသားခဲ့ပါသည်။ 


ဗိုလ်မှူးကြီး(ဟောင်း)  တင်မောင်က   “ဂျပန် ခေတ် စစ်ပညာတော်သင်တစ်ဦး”     စာအုပ်တွင် “တင်စားပြောဆိုရပါမူ  ကိုယ်ရေးကိုယ်တာ အဖြစ် အပျက်တွေကိုဖယ်ထား၊ ကျန်သောအကြောင်းအရာ တို့သည် ဗမာ့တပ်မတော်သမိုင်း၏ အခန်းတစ်ခန်း ဖြစ်သည်လို့ပင်  ဆိုချင်ပါသည်”ဟူ၍လည်းကောင်း၊ “သို့တင်ပြရာမှ   ထိုခေတ် မင်္ဂလာဒုံဗိုလ်သင်တန်း ကျောင်း၏ အခြေအနေ၊ ထိုသင်တန်းတွင်   ဂျပန်တို့   လက်ဖဝါးအောက်၌       ပညာရှာမှီးခဲ့ကြရသော ရဲဘော်များ   ဖြတ်သန်းခဲ့ကြရသည့်ဘဝ၊    ထိုမှ တစ်ဖန်    ဂျပန်ပြည်ရှိ  ဘုရင့်စစ်တက္ကသိုလ်သို့    ဆက်လက်သွားရောက် ပညာဆည်းပူးခဲ့ကြရသော ရဲဘော်တို့၏ အတွေ့အကြုံ အဖြစ်အပျက်  စသည် တို့ကို စာဖတ်ပရိသတ်၊ အထူးသဖြင့် လက်ရှိ ယနေ့ တပ်မတော်သားများ၊ တိုင်းပြည်၏ အညွန့်အဖူးများ ဖြစ်ကြသည့်     ဤခေတ်    လူငယ်လူရွယ်များသည်    ကျွန်တော်နှင့်အတူ  အတိတ်ဆီသို့ တစ်ခါတစ်ခေါက်         ပြန်ကာလျှောက်ကြရင်း ကျွန်တော်တို့ ထိတွေ့ခဲ့ကြ ရသော ခံစားမှုမျိုးစုံတို့ကို ထိတွေ့ခံစားနိုင်ကြပါ စေ” ဟူ၍လည်းကောင်း အမှာစာတွင်    “စာရေးသူ ဆန္ဒ”ဟူ၍ ဖော်ပြခဲ့ပါသည်။ 


သိစေလိုပါသည်


ထို့အတူ    “တိုင်းပြည်ကနုနု     မုန်တိုင်းက ထန်ထန်” စာအုပ်တွင်လည်း   “ဤမှတ်တမ်းကို ၁၉၄၆ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် တိုင်းပြည်၏အခြေအနေ တစ်စိတ်တစ်ဒေသအဖြစ် လည်း ယူဆနိုင်ပါသည်။   ထိုစဉ်က   တိုင်းပြည်၏ အခြေအနေနှင့်    တပ်မတော်၏   အခန်းကဏ္ဍ တစ်စိတ်တစ်ဒေသကို သိရုံမျှ တင်ပြထားခြင်းဖြစ်ပါ သည်။ ထိုအကြောင်းအရာတို့  ဖြစ်ပျက်ခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်ခန့်ရှိခဲ့ပါပြီ။   ယနေ့အသက် အရွယ် လေးဆယ်ပတ်ဝန်းကျင်ရှိ လူလတ်ပိုင်းတို့ သည်  ထိုအချိန်က  မွေးဖွားကြဦးမည်မဟုတ်ကြ သေး။ ဟုတ်စေဦးတော့  လေးဘက်တွားသာသာ မျှသာ ရှိကြပါဦးမည်။    ထိုလူလတ်ပိုင်းတို့တွင် လက်ရှိတပ်မတော်၌        အမှုထမ်းနေကြသော အရာရှိငယ်များနှင့် အကြပ်ရဲဘော်များ အများအပြား ပါရှိကြမည်ဖြစ်သည်။  


ထိုသူတို့သည် အင်းစိန်တိုက်ပွဲ၊ ပုသိမ်တိုက်ပွဲ၊ မန္တလေးမြို့ကျဆုံးခြင်း၊    တောင်ငူမြို့ကျဆုံးခြင်း၊ ပဲခူးစစ်မျက်နှာအစရှိသည်တို့ကိုလည်းကောင်း၊ ‘ရန်ကုန်အစိုးရ’ဟု နိုင်ငံခြားသတင်းစာအချို့တို့က  သရော်လှောင် ပြောင်  ခေါ်ဝေါ်ခဲ့သော  ထိုခေတ်ကို လည်းကောင်း၊  ထိုအချိန်က      ပြည်ထောင်စု      အလံတော်     ယိုင်လဲလုမတတ်       ဖြစ်ခဲ့ရသည်ကိုလည်းကောင်း    ကြားဖူးချင်မှ   ကြားဖူးကြမည် ဖြစ်သည်။ ထိုခေတ် တပ်မတော်သည် မည်သို့သော အခက်အခဲ၊ မည်သို့ သော စွန့်စားမှုတို့ကို ရင်ဆိုင်ခဲ့ ကြရသည်ဆိုသည် ကိုတော့ဖြင့်   အသေးစိတ် သိရှိကြမည်မထင်။    ထိုအကြောင်းတို့ကို    သူတို့အား   သိစေလိုပါသည်။ သိစေလိုသဖြင့် ယနေ့ရေးရသည်”  ဟူ၍  “စာရေးသူ ၏အမှာ”အဖြစ်    မိတ်ဆက်ရေးသား      တင်ပြခဲ့ ပါသည်။


နိုင်ငံနှင့်   တပ်မတော်၏ 
အတိတ်သမိုင်းကြောင်းများကို   လေ့လာခွင့်ရ


စာဆိုစစ်သည်များ၏    ထိုထိုသော ဆန္ဒမွန်၊ စေတနာများက   ကြီးမားလှပါပေသည်။   စာဆို စစ်သည်များ၏ သမိုင်းတစ်ကွေ့ ကိုယ်တွေ့ မှတ်တမ်း များ၊ ဘုံဘဝကြုံတွေ့ရ ဇာတ်လမ်းများကြောင့်ပင်  စာရေးသူတို့အပါအဝင်   နှောင်းခေတ်လူတို့သည် မိမိတို့နိုင်ငံနှင့်     တပ်မတော်၏     အတိတ်သမိုင်း ကြောင်းများကို  လေ့လာခွင့်ရခဲ့ကြခြင်း ဖြစ်ပါသည်။


ဇာနည်မောင်၏ “ပြည်တွင်းစစ်နှင့် လေကြောင်း အကူ”၊ “ဒို့နိုင်ငံကိုလာမထိနဲ့” စာအုပ်များ၊ လေသူရဲ တစ်ဦး   ဦးလှဝင်း၏   “တရုတ်ဖြူလေယာဉ်ပစ်ချ ခဲ့စဉ်ကနှင့်      ကိုယ်တွေ့လေကြောင်းဝတ္ထုများ”၊ တပ်ကြပ်မောင်ထူး၏          “အောင်ဆန်းသူရိယ လှသောင်း”၊ မိုးမိုးတာရောစန်၏ “မုန်တိုင်းကိုမမှု အန်တုလေသော်” နှင့် “ပန်းခင်းသောလမ်းမဟုတ်ပါ”၊ ဒေါက်တာမောင်မောင်၏ “သားမောင်စစ်သည်သို့” နှင့် “မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း” စာအုပ်များအပြင် ဗိုလ်မှူးချုပ်သန်းတင်(ငြိမ်း)၏ “စစ်ဆင်ရေးပြီး စစ်ဆင်ရေး”၊  နောင်စစ်သည်၏ “သေတစ်နေ့ မွေးတစ်နေ့”၊   တင့်ဆွေ(ဖျာပုံ)၏ “ကျောပိုးအိတ်လေးကိုချီကာလွယ်”၊ သောင်းဝေဦး ၏ “စစ်သားဘဝအမှတ်တရများ”၊ “အမှတ်တရ တိုက်ပွဲများ”၊  “သေကံမရောက် သက်မပျောက်” အပါအဝင် စစ်မှတ်တမ်းစာစဉ်များ၊ မြန်မာပြည်သား ကိုကို၏ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက်”စာအုပ်အတွဲများ စသည့် စာဆိုစစ်သည် များ၏ စစ်မှတ်တမ်းစာပေများကလည်း တပ်မတော် ၏ အတိတ်နှင့် ပစ္စုပ္ပန်ကို ချိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ 


စာရေးသူတို့အဖို့   ငယ်စဉ်မှ      ယနေ့တိုင် လက်လှမ်းမီရာ စစ်မှတ်တမ်းစာပေများကို စိတ်ပါ ဝင်စားစွာ   လေ့လာဖတ်ရှုဖြစ်ခဲ့ခြင်းသည်   စာဆို စစ်သည်တစ်ဦးဖြစ်သည့်    ဆရာတင်သန်းဦး၏ စာပေလက်ရာများနှင့်လည်းမကင်းဟု ဆိုရပေမည်။ ဆရာတင်သန်းဦး၏ “စောနန်း”၊ “ဝါဆာနာယော” စသည့် အချစ်နှင့် စစ်ဝတ္ထုများ၊ “လေးစားပါသည် ရဲဘော်”၊   “ဂုဏ်ယူပါသည်ရဲဘော်”၊   “တူယှဉ်ကာ လေ” စသည့် စစ်ဝတ္ထုမှတ်တမ်းများက စာပေအနု ပညာသဘော ခြယ်မှုန်းရေးဖွဲ့ထား၍ လူငယ်ဘဝ တွင် ဆွဲဆောင်မှုအားကောင်းခဲ့ပါသည်။


စာဆိုစစ်သည်တစ်ဦး       မဟုတ်သော်လည်း အတ္ထုပ္ပတ္တိစာပေတွင် ထင်ရှားကျော်ကြားသူ ဆရာ တက္ကသိုလ်စိန်တင်၏ “ဗိုလ်ကြီးအောင်ဆန်းသူရိယ တိုက်ချွန်း”   စာအုပ်ကလည်း    လူငယ်ဘဝတွင် အကြိမ်ကြိမ်  အထပ်ထပ်   ဖတ်ရှုရလောက်အောင် စိတ်ဝင်စားဖို့   ကောင်းလှသည်။   နိုင်ငံတော်ကြီး အခက်အခဲ အကျပ်အတည်းပေါင်းစုံ ကြုံတွေ့နေ ခိုက်တွင်   ဗိုလ်ကြီးအောင်ဆန်းသူရိယတိုက်ချွန်း၊ ဗိုလ်မှူးကြီးဟရန်သီယို၊   ဗိုလ်မှူးကြီးဗန်ကူးတို့ ကဲ့သို့ နိုင်ငံတော်အပေါ်သစ္စာရှိခဲ့သော တိုင်းရင်းသား များကို တွေ့မြင်ကြရမည်ဖြစ်ပေသည်။


အနာဂတ်အတွက် သတိပြုဆင်ခြင်စရာ


တကယ်တော့   တပ်မတော်သမိုင်းနှင့်   နိုင်ငံ့ သမိုင်းသည် ခွဲခြား၍မရစကောင်းပေ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏  သမိုင်းနှင့် တပ်မတော်၏ သမိုင်းသည် ထပ်တူထပ်မျှ ဖြစ်လေသည်။ တပ်မတော် သမိုင်းနှင့်ပတ်သက်၍ ထိုထိုသော စာဆိုစစ်သည် များစွာတို့သည် ရှုထောင့်အသီးသီးမှ ရေးဖွဲ့မှတ်တမ်း တင်ခဲ့ကြပါသည်။ မည်သည့်အတွက်ကြောင့် ရေးဖွဲ့ ခဲ့ကြသည်ကိုလည်း  ဖော်ပြပါ  အမှာစာများတွင် တွေ့မြင်နိုင်ပါသည်။ ဗိုလ်မှူးချုပ်သန်းတင် (ငြိမ်း)၏      “နောက်တစ်ကြိမ်တော့ ဒို့နိုင်ငံ ကျွန်ပြန်မဖြစ်ချင် တော့ပါ” ဟူသည့်  အမှာစာကလည်း            စိတ်ထိခိုက် ဖွယ်ကောင်းလှသလို      အနာဂတ်အတွက်လည်း        သတိပြုဆင်ခြင်စရာ ဖြစ်ရပါသည်။


သို့ဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များသည် မိမိတို့နိုင်ငံနှင့် တပ်မတော်သမိုင်းကို လက်လှမ်းမီရာ လေ့လာဖတ်ရှုသင့်ကြောင်း       အကြံပြုတင်ပြရင်း (၇၉)နှစ်မြောက် တပ်မတော်နေ့ အခါသမယတွင် စာဆိုစစ်သည်များအား ဂုဏ်ပြုလိုက်ရပါသည်။  ။