သာယာခညောင်း လတပေါင်း

Type
1

 

နုခန့်ယဉ် (ရစ်ကန်ကြီး)

တပေါင်းလသည် မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လမြောက် နောက်ဆုံးလဖြစ်သည်။ မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ်ကုန်ဆုံးတော့မည့်  အခါသမယလည်းဖြစ်သည်။  ဆောင်းအကုန်  နွေသို့အကူးဖြစ်၍  နေ့တွင် ပူပြီး ညတွင်ချမ်းအေးသည်။ ထို့ကြောင့် “နေ့ပူညချမ်း၊ တပေါင်းလသရမ်း”  ဟု  အဆိုရှိခဲ့ရာမှ  ကာလရွေ့လျားလာသည့်အခါ    “နေ့ပူညချမ်း၊ တပေါင်းလဆန်း”  ဟု  စာချိုးသတ်မှတ်ကြသည်။  တပေါင်းလသို့ ရောက်သည့်အခါ   လေရူးများဝေ့ဝဲတိုက်ခတ်ပြီး  ရော်ရွက်ဝါများလည်း မြေသို့ဆင်းသက်ကြွေကျကြရသည်။     သစ်ပင်ပန်းမန်တို့တွင်  နုသစ်သောဖူးပုရစ်များ  ထွက်ပေါ်စပြုလာကြသည်။  ဤအချိန်ကာလတွင် လောကဓာတ်တစ်ခွင်မှာလည်း သာယာလှသည့်အလျောက် တပေါင်းလကိုလများ၏ သခင်ဟူ၍လည်း စာဆိုရှိခဲ့သည်။

တပေါင်းလရာသီ
စာဆိုဦးကြော့၏   စုံနံ့သာမြိုင်တွင်  “မိန်ရာသီ လတပေါင်းမို့၊   ညှာညောင်း  စွန့်ချိန်၊   ညို့ညို့ငယ် ညီးပါလို့၊ ရှို့မီးငယ်ထိန်၊  ဂိမှေပထမ   ပုရစ်ဖူးတန် သစ်ထူးဟန် သတာမို့၊ လ,ဘရဂုဏ္ဏီ၊ ယုဂန်လမ်းက ယုန်စန်းငယ်ချီ၊  ရွှေဖီဖူးခိုက်၊ ကြင်သူငယ်ဝေး  လင် ရေးမို့၊    လိုက်ခဲ့ရ”      ဟူ၍    ရွက်ဟောင်းကြွေပြီး ရွက်သစ်လောင်းချိန် ပုရစ်ဖူးလေးများအစီအရီနှင့် လှပနေချိန် ကြင်သူနှင့်ဝေး၍ လွမ်းရသည့်အကြောင်း ကို ရေးဖွဲ့ထားပါသည်
“တပေါင်း၊  တန်ခူးနှစ်လတို့သည် ဝဿန္တဥတု မည်၏။ လောကသည်  စဉ်းငယ်ပူ၏။ ကောင်းကင် ကြည်လင်၏။     အရွက်နုတို့ဖြင့်    သစ်ပင်တို့သည် တင့်တယ်ကုန်၏။    ဥဩငှက်၊     ပျားပိတုန်းတို့ဖြင့် ပြွမ်းကုန်၏။  တောင်လေလာ၏”  ဟု ဥတုဘောဇန ကျမ်း၌ဆိုထားသည်။  တပေါင်းလကို  မိန်ရာသီဟု လည်းခေါ်သည်။ ပါဠိပုဒ်မိနမှ မိန်ဟူ၍ဖြစ်လာပြီးငါးများရွှင်မြူးနှစ်သက်သည့်       ရာသီကိုဆိုလိုခြင်း ဖြစ်သည်။   တပေါင်းလကို   ဗေဒင်အခေါ်အားဖြင့် မိန်ရာသီဟု သတ်မှတ်ကြပြီး  ရာသီရုပ်ပုံအားဖြင့် ငါးနှစ်ကောင်ရုပ်ဟုဆိုသည်။    အင်ကြင်းပန်းနှင့် သရဖီပန်းတို့သည် တပေါင်းလတွင် ပွင့်သည့်ရာသီ ပန်းများဖြစ်ကြသည်။
တပေါင်းဟူသည် ထန်းပင်နှင့်သက်ဆိုင်သောအမည်ဖြစ်သည်။   ထန်းဖိုပင်များမှ    ခံယူရရှိသည့် ထန်းရည်ကို မီးနှင့်ကျိုချက်ပြီး ထန်းလျက်ပြုလုပ် သည့်လဖြစ်သည်။ ထန်းရည်များ ပေါင်းစပ်ကျိုချက် သဖြင့် ထန်းပေါင်းဟူသောစကားမှ ကာလရွေ့လျား လာခြင်းကြောင့်      တပေါင်းလဟု    ခေါ်တွင်သည်ဟု ပညာရှိများ      မိန့်ဆိုခဲ့ကြသည်။       တချို့ကလည်း ဤလရာသီတွင်  နက္ခတ် ၁၂ လုံး စုပေါင်းပေါ်ထွက် ခြင်းကြောင့် တပေါင်းလဟုခေါ်ဆိုသည်ဟု မိန့်ဆို ခဲ့ကြသည်။  မည်သို့ပင်ဆိုစေကာမူ တပေါင်းလသည် လရာသီများအားလုံးထက် အလှရသများ ပေါင်းစပ် သရုပ်ဖော်ထားသော            လတစ်လဖြစ်သည်မှာ စာဆိုရှင်များ၏    အဖွဲ့အနွဲ့များက  သက်သေပြနေ ပေသည်။
တပေါင်းလ၏ သဘာဝအလှဖွဲ့များ
တပေါင်းလ၏ သာယာပုံသည် ဖော်ကျူးသီကုံး ၍ပင်    မဆုံးနိုင်ဖြစ်သည်။        မြူကင်းစင်သည့် အပြာရောင်ကောင်းကင်၊         မင်းလွင်မြူခိုးများ ရစ်ဆိုင်းနေသည့်     တောတောင်ရေမြေသဘာဝ၊ ကျေးငှက်သာရကာတို့၏ သိုက်နန်းတည်ဆောက် ပုံ၊     သာယာနာပျော်ဖွယ်  ဥသြတွန်ကျူးသံ၊    ရေ နည်းပါးသည့် သောင်စပ်များ၌  သဲသောင်ပြင်များ ဖြစ်ပေါ်မှု၊ ရော်ရွက်ကြွေ၍  ရွက်သစ်ဖူးပုရစ်  အစီ အရီရှုမြင်ရမှုတို့သည် မြင်ရသူအပေါင်း၏ စိတ်နှလုံး ကို    ရသမျိုးစုံပေးစွမ်းနိုင်ပေသည်။   လေဗွေရူးဖွေ နှောက် အပူဒဏ်ကျရောက်သော်လည်း လွမ်းစရာ့ ပန်းချီကားအောက်မှာ  အပူဒဏ်ပျောက်အောင်ပင် ငေးမောမဝနိုင်အောင်ဖြစ်ရသည့် လတပေါင်းဖြစ်ပေ တော့သည်။ ရှေးစာဆိုများ၏ တပေါင်းလဖွဲ့များတွင် လွမ်းချင်း၊ ညည်းချင်း၊ အဲချင်း၊ လေးချိုး၊ လူးတား စသည်ဖြင့် အဖွဲ့အနွဲ့မျိုးစုံတို့ကို ဖော်ကျူးထားပေ သည်။
စာဆိုတော်ဦးဖြေက   “ပြာရောင်သာ   လှိုင်း တော့၊  ရှုတိုင်းငွေနှစ်နှင့်၊ မြူသစ်မှောင်။ နှစ်ဆဲ့ခုနှစ် လီ၊ ပါဒ်ပြည့်မှီ၊ ရာသီမိန်လက်၊ ဆန်းသည့်ရက်ဝယ်၊ လက်ချက်ကယ်ညောင်၊  ဥဒေါင်းဆောင်လဲ၊ အခေါင် တည့်မတ်၊    ယုန်ပြသာဒ်နှင့်၊    ကြယ်မြတ်ဥတ္တရာ၊ ချိန်တာရာတို့၊ ရစ်ခါလှုံသည်၊ အာကာဘုံ၊ တဂုဏ် သစ်ပေငဲ့၊      ထွန်းမြူသစ်ရောင်။     ဂိမှန်နွေဝယ်၊ စုံမြိုင်မြသား၊  လေချိုရှားသည်၊   စုလျားသိုက်ပြင်၊ ငှက်ကျေးရွှင်လို့၊ တောင်ဆင်ရဲရည်၊ ရဂုံကြည်က၊ သီသံပြိုင်ငယ်၊ ဂနိုင်ရိပ်ခန်းခိုပေနှင့်” ဟု ကျေးငှက် သာရကာတို့၏ သံစာစာသီကျူးသိုက်အုံဖွဲ့ပုံ၊ အပြာ ရောင်    ကောင်းကင်ကြီး၏လှပပုံတို့ကို  စာပန်းချီ ခြယ်သခဲ့ပါသည်။
 တပေါင်းလဖွဲ့များကို      အမျိုးသားစာဆိုများ ရေးဖွဲ့သီကျူးသည်မှာ   များပြားပေသည်။   အမျိုး သမီးစာဆိုများ ရေးစပ်သီကုံးခဲ့သည့် တပေါင်းလဘွဲ့ များမှာ ရှားပါးပါသည်။ အမည်ကျော်စာဆိုမယ်ခွေ က      မိန်ရာသီလတပေါင်း၏သာယာမှုကို    တစ်မူ ဆန်းသစ်စွာ အဲချင်းဖြင့်သီကုံးခဲ့သည်။ ရော်ရွက်ဝါ လေးများ ညှိုးရော်ကြွေကျသည်ကို ကတ္တီပါရောင် လွှမ်းသည့်     ရွက်တစ်သောင်းဟု     အသွင်ပြောင်း ရေးစပ်ခဲ့သည်။    ကျေးငှက်သာရကာတို့၏     အသံ၊ လေဗွေရူးတိုက်ခတ်ပုံ၊   ဆောင်းအကုန်    နွေအကူး မိုးသားကျူးတတ်ပုံတို့ကို ငေးမောလျက်  တစ်ကိုယ် တည်း လွမ်းဆွတ်၍မျက်နှာညှိုးနွမ်းရကြောင်း စာစီ သရုပ်ဖော်ထားပုံမှာ   “ကသိုဏ်းငယ်မှ  ညိုညိုလေ၊ ကြယ်ရေဝတီ နယ်သိင်္ဂီမှာ၊ နာရီငါးရပ်သုညပါဒ်နှင့်၊ ရဟတ်ကယ်ဆင်ဟန်ရေးပြင်၊ တောင်တွင်မြင်းမိုရ် ငယ်နှင့်လေး။ နွေဦးငယ်မှတိမ်းစ၊ တောတောင်က တစ်လီ၊ မှိုင်းဝေရီနှင့် ကတ္တီပါပေါင်းရွက်တစ်သောင်း၊ ရွက်ဟောင်းကြွေကျ၊ မြေမှာခလို့၊ ငှက်ကျေးငယ်ချေ သည်၊ တောင်လေပြည်မုန်တိုင်းနှင့် ရေလှိုင်းသံတိုး။ သို့သည်လကို၊    မရရင်ငွေ့တကိုယ်လေ့မို့    မွေ့မွေ့ သိမ်သိမ်၊ ကြည်နူးရန်ကြိမ်လိမ့်မယ်၊ မိန်ရာသီလ တပေါင်းမို့        တသောင်းလုံးစိတ်ငယ်အောင်၊ ပတ်လည်မှာ   မှုန်ရီမှိုင်းပါလို့၊ မျှော်တိုင်းညိုး” ဟူ၍ ရေးဖွဲ့ထားခဲ့သည်။
မြန်မာနိုင်ငံတွင်     ဥတုသုံးလီရှိသည့်အနက် နွေရာသီသည်ပူပြင်း၏။    နွေ၏အလှနွေသရုပ်ကို ပီပြင်ရန် သဘာဝအလှများက ဖန်တီးထားသကဲ့သို့ နွေရာသီ ပီသစွာပူအိုက်သည်ကို  တပေါင်းလတွင် ခံစားကြရသည်။ နွေပူပူမှာ ရွှေရင်ဆူလောက်တယ် ဆိုသကဲ့သို့      နေပြောက်ထွက်ပေါ်လာသည်နှင့် နွေသရုပ်မှာ  ပီပြင်လှပါသည်။  လူသားအပါအဝင် သတ္တဝါတို့  မရွှင်လန်းသကဲ့သို့  အဘယ်ကိုလွမ်းရမည် မသိ    နွမ်းလျကြရသည်။   ပူအိုက်ပေမယ့်လည်း မျက်တောင်အောက်စိုက်၍    အိပ်ငိုက်ကြရသည်။ နေပူပူမှာ သင်ဖြူးဖျာခင်း၍ စကားဝိုင်းဖွဲ့ကြသည့် အခါတွင်လည်း အေးမြသည်ဟု ခံစားကြရပြန်သည်။ သင်ဖြူးဖျာပေါ်မှာ လဲလျောင်းစိတ်ကူးယဉ် အပေါင်း ထဲ၌    ယပ်တောင်ခတ်ပေးသူ    လိုအပ်ပါကြောင်းကို “သည်ရာသီနွေပေါက်ရင်ဖြင့်၊      သေမလောက် ကြောက်တယ်။     ဖေတစ်ယောက်အားငယ်လို့၊ ထောက်ကွယ်လို့   ရှုစမ်း၊    နေခြည်ပြောက်တစ်ပွင့် ပူရင်ခင့်လူမှာ သုံးနှစ်မလန်း။ သစ္စာကြွေစက်ညောင် မှာ၊      မှေးမျက်တောင်ယှက်သန်း၊     တကိုယ်ရေ ဆောင်ခန်းမှာလ၊ လောင်ခမန်းအိုက်တယ်။ နေမရွှင် ဖေခင်လူးရ၊  ရွှေသင်ဖျူးခင်းပေးပါ့ကွယ်။ ချွေးရုန့် ဆွေးမှုကြွယ်တယ်။ လေးပုမယ်ရင်မလို့၊ ဆင်သတဲ့ ဖဲပွင့်ပုဝါ  ဆွဲခွင့်မသာ၊ ငိုလိုလုမျက်နှာကို သက်သာ အောင်၊   ယှပ်လှဲ့ပါလေး”   ဟု    တောင်သမန်စား  မောင်ဖေငယ်ကလည်း    တပေါင်းနွေ၏အကြောင်း အထွေထွေကို ကဗျာရေးသီ စာစီခဲ့ပါ​သည်။
တပေါင်းလနှင့် 
မြန်မာ့ရိုးရာ ဓလေ့ပွဲတော်များ
 တပေါင်းလသည်  သဘာဝအလှတင်သာမက ဘာသာရေးအလှ၊   လူမှုရေးအလှဘက်တွင်လည်း တပေါင်းလသည်    ကျော၍သာမြဲ    ဖြစ်ပါသည်။ မြတ်ဗုဒ္ဓဘုရားရှင်သည်       ကာဠုဒါယီမထေရ်၏ ပင့်လျှောက်ချက်အရ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ရှိရာ    ကပိလဝတ်ပြည်သို့    နောက်ပါသံဃာငါးရာ နှင့်အတူ           ကြွရောက်တော်မူခဲ့သည်မှာလည်း ဤတပေါင်းလတွင်ပင်ဖြစ်ပါသည်။    မယ်တော်မိ နတ်သားအား  တရားဦးဟောကြား၍ ကျေးဇူးဆပ် သကဲ့သို့ ဖခမည်းတော်အားလည်း  တရားထူးဖြင့် ကျေးဇူးဆပ်ခဲ့သော      တပေါင်းလပင်ဖြစ်သည်။ ထို့ကြောင့်ပင် ယခုအခါ တပေါင်းလပြည့်အဖေများ နေ့ဟူ၍ပင်     သတ်မှတ်ခဲ့ကြခြင်းဖြစ်ပေမည်။ ထို့အတူ တပေါင်းလသည် တောလက်ကျေးရွာနေတောင်သူလယ်သမားတို့၏      လုပ်ငန်းသိမ်းချိန်၊ စပါးပေါ်ချိန်၊          လက်မှာငွေကြေးရွှင်ချိန်ဖြစ်၍ ကျေးလက်ဒေသတွင်ဆိုင်းသံ၊        ဗုံသံတညံညံနှင့် လှူကြတန်းကြပျော်ရွှင်ကြသော အချိန်အခါသမယ လည်းဖြစ်ပါသည်။   သက်တော်ထင်ရှား    မြတ်စွာ ဘုရားရှင်အား ပူဇော်သောအားဖြင့် သာသနာတော် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြသော ဗုဒ္ဓ ဘာသာဝင်တို့၏ ထူးမြတ်သော ရိုးရာဓလေ့ အလှူ ပွဲပင်ဖြစ်ပေသည်။
တပေါင်းလသည်  ဥတုသုံးလီတွင် ဂိမှာန်ရာသီ နွေရာသီတွင်ပါဝင်ပြီး မြေပြင်တစ်ခုလုံး ခြောက်သွေ့ လျက် ခြေခင်းလက်ခင်းသာသောလဖြစ်သည်နှင့်အညီ   ယာဉ်ကြီး   ယာဉ်ငယ်အသွယ်သွယ်တို့ဖြင့် ကူးသန်းရောင်းဝယ်သူများက     ကူးသန်းသွားလာ ကြသည်။ ထို့အပြင် လုပ်ငန်းခွင်အနားယူချိန်၊ ပညာ သင်အရွယ်         ကျောင်းသားကျောင်းသူများ၏ အားလပ်ရက်လည်းဖြစ်သောကြောင့် မြန်မာပြည် အနှံ့    ဘုရားစုံဖူးနိုင်ကြသည့်   ရာသီအခါလည်း ဖြစ်ပေသည်။    တပေါင်းလသည်   လူသားတိုင်း အတွက်   အားရ တက်ကြွဖွယ်၊   ဝမ်းမြောက်ပျော်ရွှင်မှု    ရသများ  ယှက်သန်းလျက်   လွတ်လပ်မှုကို  ဝေမျှ ခံစားစေသော လလည်းဖြစ်ပါသည်။ စိတ်အပန်းဖြေ ခရီးထွက်ခြင်းသာ မဟုတ်ဘဲ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အနန္တ၊         ဉာဏ်တော်အနန္တတို့အား      ရည်မှန်းတည်ထားတော်မူသည့် ဘုရားစေတီ ပုထိုး များအား လှည့်လည်၍  ဖူးမြော်ကြည်ညိုကြခြင်းပင် ဖြစ်ပေသည်။
ဆောင်းကုန်  နွေပေါက်ကာလဖြစ်သဖြင့် မြန်မာ ပြည်အနှံ့တွင်   ဆိုင်းသံ၊  ဗုံသံများနှင့်အတူ   ဘုရား ပွဲတော်များနှင့်  
စည်ကားသည်မှာလည်း တပေါင်းလ၏ ထူးခြားမှု တစ်ခုဖြစ်ပါသည်။       ဘာသာရေးကိုအခြေခံ၍ ကျင်းပသော ပျော်ပွဲရွှင်ပွဲများတွင် တပေါင်းပွဲတော် သည် အစည်ကားဆုံးဖြစ်သည်။ များစွာသော စေတီ ပုထိုးတို့၏   နှစ်စဉ်ကျင်းပမြဲဖြစ်သော  ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်များသည် တပေါင်းလတွင် အများဆုံး ကျင်းပကြသည်မှာလည်း     ထူးခြားချက်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့သော တပေါင်းလဘုရားပွဲများတွင် သဲပုံစေတီပွဲတော်သည် တစ်မူထူးခြားလှပါသည်။“ရာသီမိန်ငယ်  ဂိမှာန်ရက်ပြောင်း၊ လတပေါင်းမြို့၊ ရွက်ဟောင်းကြွေကာ၊ ဥတ္တရာနှင့်၊ ကြယ်မှာဘဒြပိုဒ်၊ လေးချက်ချိန်ကို၊ တိမ်ချေစိုက်လို့၊ စရိုက်ကယ်ဖွေရှာ၊ ကိုတံငါလည်း၊ သာဒေါင်ဒင်၊ ပျော်မြူးသာ ရွှင်တော့ တယ်၊ သဘင်လှခါမီကို၊ သဲစေတီငွေသောင်ကမ်းက၊ လွမ်းလှတယ်လေး” ဟူသော မဟာအတုလမင်းကြီး ဖွဲ့ဆိုသော     တပေါင်းလဖွဲ့      စာပန်းချီနှင့်အညီ မိန်ရာသီလတပေါင်း၏     ရာသီပွဲတော်ဖြစ်သည့် သဲပုံစေတီပွဲတော်ကို   နှစ်စဉ်တပေါင်းလ ရောက်တိုင်း ကျင်းပမြဲဖြစ်ကြောင်း သိရှိနိုင်ပါသည်။
လတပေါင်းနှင့် 
အောင်ကြောင်း
တပေါင်းလသည် မြန်မာ့သမိုင်းနှင့် ဆက်စပ်ပြီး ကြည့်လျှင် ထင်ရှားသော မှတ်တိုင်တစ်ခုဟု  ဆိုနိုင် ပါသည်။   မြန်မာ့မြေပေါ်သို့   မတရားကျူးကျော် လာသည့် ဖက်ဆစ်ဂျပန်တို့ကို မြန်မာတစ်မျိုးသား လုံးက     ခေါင်းငုံ့မခံဘဲ       စည်းလုံးညီညွတ်စွာ တော်လှန်ခဲ့သည်မှာလည်း ဤလတွင်ပင်   ဖြစ်ပါ သည်။  နှစ်ပေါင်းများစွာတိုင် သူ့ကျွန်ဘဝနှင့် အဖိ နှိပ်ခံ ချုပ်ချယ်ခြင်းခံရသည့်  ဘဝမှလွတ်မြောက် အောင်        ကြိုးစားနိုင်ခဲ့သော    တပေါင်းလပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော မြန်မာ့တပ်မတော်၏ဦးဆောင်မှုနှင့်အတူ  ပြည်သူ တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဖက်ဆစ်ဂျပန် တို့အား  မြန်မာ့မြေပေါ်မှ အပြီးအပိုင်   တိုက်ထုတ် နိုင်ခဲ့သော  တပေါင်းလဖြစ်သည်။     လွတ်လပ်ရေး အောင်ပန်းကို        ဆွတ်ခူးနိုင်ရန်      ကြိုးပမ်းပြီး အောင်ပွဲဆင်နိုင်ခဲ့သောလဖြစ်သည်။       မြန်မာ တစ်မျိုးသားလုံး၏     ဇာတိမာန်ကို      ကမ္ဘာကပင် မှတ်တမ်းတင်ခဲ့ရသော  တပေါင်းလပင်ဖြစ်ပါသည်။   ထို့ကြောင့် တပေါင်းလသည်  မြန်မာတို့အတွက် ဘာသာရေးအောင်ပွဲ၊       လူမှုရေးအောင်ပွဲများကို အမှတ်ရစေသည့်   လောကီ၊     လောကုတ္တရာ နှစ်ဖြာသော   အကျိုးကိုခံစားရရှိစေသည့် လတစ်လ ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။      ။
ကိုးကားချက်
- မြန်မာစာညွန့်ပေါင်းကျမ်း (စတုတ္ထတွဲ)။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)။