
နေပြည်တော် မတ် ၆
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
လုပ်ငန်းအသစ် ခုနစ်ခုကို ခွင့်ပြုပေး
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည် ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ် ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ခုနစ်ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉၆၈၃ ဒသမ ၁၂၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၃၆၉ ဦးကို ဖန်တီး ပေးနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသ များမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများ ဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့်လည်း ကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန် ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူ များက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများ စိစစ်ခွင့်ပြုခြင်းကို လည်းကောင်း၊ လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဝန်ဆောင်မှုများကို လည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်