
နေပြည်တော် မတ် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဂေါပကအဖွဲ့ဝင်များက လာရောက်ဖူးမြော် ကြည်ညိုကြသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရား ရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် များအတွင်း လေ့လာကြည့်ရှုကြသည်။ ယင်းနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း ကြသည်။
ဖူးမြော်လေ့လာကြည်ညို
ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနား ထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ တော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက် ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။
ဆောင်ရွက်ပုံများရှင်းလင်းပြောကြား
ထိုကဲ့သို့ တနင်္သာရီတိုင်းဒေသကြီးမှ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ဂေါပကအဖွဲ့ဝင်များအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပုံများကို ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းပြောကြားခဲ့ကြ သည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်