
မိုင်းယု ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဒွန်းနွဲ့ကျေးရွာအနီး မိုင်းယုမြို့နှင့် ဒွန်းနွဲ့ သွားလမ်းရှိ နမ့်ဖွန်ချောင်းပေါ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် မိုင်းယု-ဒွန်းနွဲ့ကြိုးတံတားကို ဇန်နဝါရီလပထမပတ် ကစတင်၍ တည်ဆောက်နေလျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်သည်။
အဆိုပါ ကြိုးတံတားတည်ဆောက်နေမှုကို မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ် စစ်ဆေးကာ ဒွန်းနွဲ့၊ ဝမ်နားမြတ်၊ တာပေါက်၊ မိုင်းလွေ၊ ဝမ်ဆလီ၊ ဝမ်ယမ်းခမ်းနှင့် ဝမ်ပေါက် ကျေးရွာတို့မှ ကျေးလက်နေပြည်သူများက အလှည့်ကျလုပ်အားဒါန ပါဝင်မှုဖြင့် တည်ဆောက်ကြခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရ သည်။
ယင်းကြိုးတံတားကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏စီမံမှုဖြင့် တည်ဆောက်ပေးခြင်းဖြစ်ပြီး တံတား အရှည်ပေ ၁၀၀၊ အကျယ် ငါးပေ၊ အမြင့် ၃၇ ပေရှိသည့် ကြိုးတံတားဖြစ်ကြောင်း၊ အဆိုပါတံတားကို ဖြတ်သန်းသွားလာကြရမည့် ဒွန်းနွဲ့၊ ဝမ်နားမြတ်၊ တာပေါက်၊ မိုင်းလွေ၊ ဝမ်ဆလီ၊ ဝမ်ယမ်းခမ်းနှင့် ဝမ်ပေါက်ကျေးရွာ တို့မှ ပြည်သူများအတွက် ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးမှုတို့အတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါ တံတားကို လာမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
ကိုကိုနိုင်