
စာတည်းခင်ဗျား-
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့ကို တပ်မတော်စစ်ကြောင်းတွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး သောင်းကျန်းသူတွေ ဆုတ်ခွာထွက်ပြေးတဲ့သတင်းကို ကြားသိရလို့ အလွန်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ တရားသော စစ်ပွဲအောင်မြင်မယ်၊ တပ်မတော်သားတွေကို သမ္မာဒေဝနတ်ကောင်းနတ်မြတ်များက စောင့်ရှောက်၊ ကူညီနေမယ်၊ အောင်ပွဲနဲ့အတူပြန်လာမယ့် တပ်မတော်သားတွေကို ပြည်သူအားလုံး က သပြေပန်းနဲ့ လက်ကမ်းကြိုနေမယ်လို့ ယုံကြည်မိပါတယ်။
ဒါ့အပြင် အွန်လိုင်းမှာ ဖတ်လိုက်ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နယ် ရွှေပြည်အေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ သတင်းတွေ၊ ကန့်ဘလူမြို့နယ်မှာ တပ်မတော်သားတွေကို ပြည်သူလူထုက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနေတဲ့ သတင်းတွေကြောင့် “တိုက်ပွဲတိုင်း အောင်ပါစေကြောင်း” ရှေ့တန်းရောက် တပ်မတော်သားတွေအတွက် ဇနီးမယားတွေ၊ မိသားစုတွေ၊ ပြည်သူတွေရဲ့ ဆုတောင်းတွေ၊ ဆန္ဒတွေ မကြာမီမှာ ပြည့်ဝတော့မယ်လို့လည်း ယုံကြည်နေပါတယ်။
အွန်လိုင်းမှာပဲ တွေ့လိုက်ရတဲ့ NUG ရဲ့ ပဲခူးရိုးမပေါ်က အုတ်ဂူတွေ။ ဘာတဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေဖြစ်တဲ့ ဒုတပ်ရင်းမှူး ကိုထက် (ခ) ထက်အောင်ကျော် (အသက် ၃၂)၊ ရဲဘော်ဂျက် (အသက် ၂၆)၊ ရဲဘော် တူးတူး (အသက်၂၉)၊ ရဲဘော် တက်တူး (အသက် ၃၀)၊ တပ်ရင်းမှူး ညီသန့် (အသက် ၄၄)၊ ရဲဘော် ဝတုတ် (အသက် ၂၉)၊ ဒုတပ်ခွဲမှူး စွန်ရဲ (အသက် ၄၀)၊ ရဲဘော် ဗေဒါ (အသက် ၂၉)၊ တပ်ခွဲမှူး သံချောင်း(ခ) သော်ဇင် စတဲ့၊ စတဲ့ သူတို့ရဲ့ အုတ်ဂူနီနီလေး တွေဟာ မိသားစုနဲ့ဝေးရာ၊ လူသူကင်းမဲ့ရာမှာ မြှုပ်နှံသင်္ဂြိုဟ်ခံကြရတာချင်း အတူတူ PDF တွေရဲ့ သေဆုံးခြင်းဟာ တိုင်းပြည်အတိုင်း တစ်စက်ကလေးမှ တန်ဖိုးမရှိတဲ့၊ တန်ဖိုးမဲ့ သေဆုံးခြင်းဖြစ်သွားကြပြီလို့ ထင်မြင်မိပါတယ်။ သူတို့ရဲ့ မိသားစုတွေအတွက်လည်း သားသမီးချင်းစာနာပြီး ယူကျုံးမရဖြစ်မိ၊ ဝမ်းနည်း ကြေကွဲမိပါတယ်။
CDM လုပ်သွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ဖို့ ဓာတ်ပုံအရိုက်ခံတဲ့အချိန်မှာ ထောက်ပံ့ငွေ ဘယ်လောက်ဆိုပြီး ပေးအပ်တဲ့သတင်းတွ ထုတ်ပြန်ပေမယ့် တကယ့် လက်တွေ့မြေပြင်မှာ ရက်ရက်စက်စက် သတ်ပစ်တာတွေ၊ ရှေ့တန်းမှာ အသေခံဖို့သက်သက် တိုက်ပွဲဝင်ခိုင်းတာတွေကြောင့် နောင်တဆိုတာ နောင်မှရတတ်ပါတယ်။ သူတို့တောင် ရရစားစားနေရတဲ့ ဘဝမှာ ဖြားယောင်း သွေးဆောင်မှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မြင်တတ်ဖို့ ၊ နားမယောင်ဖို့ လိုပါတယ်။ တဒင်္ဂပင်ပန်းဆင်းရဲမှုကြောင့် ကိုယ့်အဖွဲ့အစည်းကြီး ဂုဏ်သိက္ခာမကျစေဖို့ လည်း သတိလေးရှိစေချင်ပါတယ်။ ရန်သူဟာ ပရိယာယ်နဲ့ ဖြားယောင်းသွေးဆောင် ပေမယ့် အသိတရားနဲ့ ဗဟုသုတရှိရင် ဘယ်သူမှ သွားရောက်ပူးပေါင်းမှာ မဟုတ်ပါဘူး။ ဒါဆို နောင်တလည်းရမှာ မဟုတ်ပါဘူး။ သူတို့လက်မှာ ခွေးသေ ဝက်သေ သေရခြင်းထက် မိမိသေနတ်ရဲ့ နောက်ဆုံးကျည်ဆန်တစ်တောင့်ဟာ ကိုယ့်အတွက်ဆိုပြီး ရန်သူ့ထံ လက်နက်မချဘဲ သူရဲကောင်းပီသသွားသူတွေရဲ့ ဘဝက အများကြီး မြတ်တာပေါ့။ ကမ္ဘာမြေပေါ်မှာလည်း သူတို့နဲ့ ပတ်သက်တဲ့ သတင်း စကားဟာ ထာဝရမွှေးပျံ့နေမှာ၊ ဂုဏ်သိက္ခာရှိနေမှာပါ။
“ရဲစွမ်းသတ္တိရှိသော တပ်မတော်” လို့ ဟိုးငယ်ငယ်ကတည်းက မိဘ ၊ ဘိုးဘွား တွေ ပြောပြလို့ သိထားပြီးသားပါ။ တိုင်းပြည်အရေးမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ရ တဲ့အတွက် အနောက်နိုင်ငံမီဒီယာတွေ အပါအဝင် မြန်မာ့တပ်မတော်ကို ပျက်စီးစေ ချင်တဲ့ မီဒီယာမျိုးစုံကြောင့် တပ်မတော်နဲ့ တပ်မတော်သားတွေရဲ့ ဂုဏ်သတင်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်သားတွေနဲ့ နီးနီးကပ်ကပ် ပေါင်းသင်း ဆက်ဆံဖူးတဲ့သူတိုင်း တပ်မတော်သားတွေကို ချစ်ကြတယ်၊ အားကိုးမြတ်နိုးတန်ဖိုး ထားကြတယ်ဆိုတာ ကျွန်တော်တို့ အားလုံးအသိဆုံးပါ။
ကျွန်တော်တို့ တပ်မတော်ချစ်သူတွေအနေနဲ့ အခုဆို ဘယ်ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်း သဘင် အခမ်းအနားကိုမှ ကျင်းပတာ၊ တက်ရောက်တာ၊ လတ်လျားလတ်လျား လုပ်တာမရှိဘဲ တိုက်ပွဲသတင်းတွေ နားထောင်၊ တိုက်ပွဲအောင်မြင်တဲ့သတင်းတွေ ဖြန့်ဝေ၊ တိုက်ပွဲနဲ့ ပတ်သက်လို့ တစ်ထောင့်တစ်နေရာကပဲ ပါဝင်ဆောင်ရွက်နေပါ တယ်။ ဒါမှ တိုက်ပွဲဝင်စစ်သည်တွေကို တန်ဖိုးထားရာ၊ လေးစားရာ ရောက်မယ်၊ သူတို့တွေလည်း တိုက်ပွဲဝင်ရတာ အားရှိမယ်၊ သေရမယ် ဆိုရင်တောင် သေပျော် မယ်လို့ ယုံကြည်ပါတယ်။
တပ်မတော်သားတွေအနေနဲ့ ကိုယ့်ရဲ့ ခေါင်းဆောင်ကောင်းတွေနောက် သေချာလိုက်ပါပြီး တိုက်ပွဲဝင်မယ်၊ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ သေအတူ ရှင်မကွာ စိတ်ထားထားရှိကြမယ်ဆိုရင် တိုက်ပွဲတိုင်း အောင်မြင်မှာပါ။ တစ်လ၊ နှစ်လ စစ်သင်တန်းလောက် တက်ထားတဲ့၊ လက်နက်ကိုင်ထားလို့သာ သတ္တိပြတတ် တဲ့ သောင်းကျန်းသူ သူပုန်လောက်၊ PDF အကြမ်းဖက်အဖွဲ့တွေလောက်တော့ “စွမ်းရင် တောင့်ခံထား၊ ငါတို့ လာပြီ”လို့ ကြွေးကြော်ပြီး တိုက်ပွဲတစ်ရာ နွှဲနိုင်ပါစေ၊ အောင်ပွဲတစ်ရာ ရရှိပါစေကြောင်း အထပ်ထပ်အခါခါ ဆုမွန်ကောင်းတောင်းလျက်။
မျိုးချစ်သူ
မန္တလေးမြို့