
စုကလိ ဇန်နဝါရီ ၃၀
ကရင်ပြည်နယ် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် မြန်မာ့ဆေးရွက်ကြီး ဒေသအခေါ် ဓားလှီးဆေးများ ကို ထိုင်းနိုင်ငံမှ ဈေးကောင်းပေး၍ စိုက်ပျိုးရေး တောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိ ကြောင်း သိရသည်။
မြဝတီခရိုင် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်း မြိုင်ကျေးရွာရှိ မြန်မာ့ဆေးရွက်ကြီး စိုက်ပျိုးရာတွင် လျာထားဧက ၃၅ ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုး ထားနိုင်ပြီး တစ်ဧကလျှင် အထွက်နှုန်း ၃၂၄ ပိဿာ အထိ ထွက်ရှိကာ စုကလိဒေသ ပေါက်ဈေးအနေဖြင့် တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၂၅၀ အထိ ဈေးကောင်း ရရှိကြောင်း သိရသည်။
ဆေးရွက်ကြီးပင်များကို စိုက်ပျိုးရာတွင် မြစ်နား၊ ချောင်းနား၊ ကမ်းနားများရှိ သဲနုန်းမြေများပေါ်တွင် အစေ့ချစိုက်ပျိုးခြင်းဖြစ်ပြီး အပင်ပေါက် သက်တမ်း နှစ်ပတ်ခန့်အကြာတွင် အပင်ပေါက်စုံပြီး ဖြစ်သဖြင့် တစ်ပင်တစ်ကျင်းနှုန်းဖြင့် ပြောင်းရွှေ့စိုက်ပျိုးထားနိုင်ကာ အပင်သက်တမ်း ခြောက်လမှ ခုနစ်လ အကြာတွင် ခူးဆွတ်လှီးဖြတ် အခြောက်ခံပြီး
ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်းနှင့် ထိုင်းနိုင်ငံမှ ဆေးဝါးထုတ်လုပ်သည့် နေရာများ နှင့် ဓာတ်မြေဩဇာထုတ်လုပ်သည့်နေရာများ တွင် သုံးစွဲကြကြောင်းသိရသည်။
“ဆေးရွက်ကြီး စိုက်ပျိုးလာတာ ၁၅ နှစ်ထဲ ရှိပါပြီ။ ကျွန်တော်တို့ဆေးရွက်ကြီးပင်တွေကို စိုက်ပျိုးပြီး ခြောက်လမှ ခုနစ်လအကြာမှာတော့ စတင်ပြီး အရွက်တွေကို နေ့စားငှားပြီး ခူးဆွတ် ကြပါတယ်။ အဲဒီနောက်မှာတော့ အရွက် ရွေးချယ်ပါတယ်။ ပြီးတော့ ဓားလှီးအခြောက်ခံ ပြီး ထိုင်းနိုင်ငံကို တင်ပို့ရောင်းချရပါတယ်”ဟု ဆေးရွက်ကြီး တောင်သူ ဦးထိန်ဝင်းက ပြောသည်။
“ဒီနှစ်မှာတော့ အရင်နှစ်ထက် ဈေးပိုရပါ တယ်။ အရင်နှစ်ကတော့ လုပ်အားခနုတ်ပြီး တစ်ကီလိုဈေး ဘတ် ၂၀၀ ရတယ်။ အခုနှစ် ကတော့ အလုပ်သမားခ နုတ်ပြီး တစ်ကီလို ထိုင်းဘတ် ၂၅၀ ရလို့ ကျွန်တော်တို့တော်တော် လေး အဆင်ပြေပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။
အလုပ်သမားခအနေဖြင့် အမျိုးသမီး တစ်ဦး ထိုင်းဘတ် ၁၅၀၊ အမျိုးသား တစ်ဦး ထိုင်းဘတ် ၂၀၀ ထိပေးရပြီး ခူးဆွတ်ချိန်နှင့် လှီးဖြတ်အခြောက်ခံချိန်များတွင် လူငှားပြီး လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ အမြတ်ငွေဘတ် ၅၀၀၀၀၀ ခန့် အလုပ်သမားခနုတ်ပြီး အမြတ် ကျန်ကြောင်း သိရသည်။
ပိုပိုအောင် (စုကလိ)
ဓာတ်ပုံ-စိုးမို့မို့ဌေး (စုကလိ)