
ယဉ်လာဒ်
ရှမ်းပြည်နယ်(တောင်ပိုင်း)က ကလောမြို့လေးဟာ ခရီးသွားဧည့်သည်တွေ အများဆုံးသွားရောက် လည်ပတ်ကြတဲ့ အပန်းဖြေစခန်းမြို့လေး ဖြစ်ပါတယ်။ ကလောမြို့လေးကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားချစ်သူတို့အတွက် ကလောမြို့ရဲ့ အထွက်နားမှာရှိပြီး စိတ်အေးလက်အေး အနားယူလို့ရမယ့် အပန်းဖြေစခန်းတစ်ခုကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြမိတ်ဆက်ပေးချင်ပါတယ်။
အေးချမ်းမြေလို့ အမည်ပေးထားတဲ့ အပန်းဖြေ စခန်းလေးက နာမည်လေးနဲ့လိုက်အောင် တကယ့် ကို အေးချမ်းတဲ့နေရာလေးပဲ ဖြစ်ပါတယ်။ “ဘီလူး ချောင်းကိုအခြေပြုပြီး အပန်းဖြေစခန်းကို ဖွင့်လှစ် ထားတာဖြစ်ပါတယ်။ ရေပေါ်တဲအိမ် ၁၄ လုံးနဲ့ ကုန်းပေါ်တဲအိမ် ၁၉ လုံးကို ထားရှိပေးထားပြီး ဓာတ်ပုံရိုက်ကူးနိုင်တဲ့ ရှုခင်းကောင်းကောင်း နေရာ တွေကို ဖော်ဆောင်ပေးထားတယ်”လို့ အေးချမ်းမြေ အပန်းဖြေစခန်းမှ တာဝန်ရှိသူတစ်ဦးက စာရေးသူ ကို ပြောပါတယ်။
တစ်နေကုန်အနားယူလို့ရတဲ့
အပန်းဖြေစခန်း
ကလောမြို့မှာ အထင်ကရ လည်ပတ်စရာနေရာ တွေ များစွာရှိပါတယ်။ အဲဒီအထဲကမှ ရှန်ဘာလာ ဗျူးပွိုင့်၊ City View၊ သိမ်တောင်၊ Hill top Villa၊ မနောလှ၊ ကလောဗျူးပွိုင့်၊ Kalaw Cafeyard၊ အိုးစည်တောင်၊ ဗျိုက်တောင်၊ ပင်းတယ - ရွာငံအသွား လမ်း၊ မြင်းမူကုန်းနဲ့ အလွမ်းတောင် စတဲ့ နေရာ တွေကတော့ ပြည်တွင်းခရီးသွားဧည့်သည်တွေ သဘောကျတဲ့နေရာတွေ ဖြစ်ပါတယ်။ အေးချမ်းမြေ အပန်းဖြေစခန်းကတော့ တစ်နေကုန်အနားယူလို့ ရတဲ့ အပန်းဖြေစခန်းတစ်ခု ဖြစ်ပါတယ်။
‘‘အပြင်ကနေ အစားအသောက်ယူလာလို့ ရပါ တယ်။ အရက်ကိုတော့ လက်မခံပါဘူး။ တစ်နေကုန် နေလို့ရပါတယ်။ လက်ရှိအချိန်က ပွင့်လင်းရာသီ လည်းရောက်ပြီမို့ ဘီလူးချောင်းရေကလည်း ကြည်လင်လာပါပြီ။ ရေကလည်း တိမ်ပါတယ်။ လာရောက်အပန်းဖြေကြတဲ့ဧည့်သည်တွေက တစ်နေ့ ကို လူဦးရေ ၅၀ ကနေ ၁၀၀ ကြားတော့ လာရောက် လည်ပတ်ကြပါတယ်။ ပိတ်ရက်ဆိုရင်တော့ ပိုများပါ တယ်”လို့ သူက ဆက်ပြောပါတယ်။
အေးချမ်းမြေအပန်းဖြေစခန်းဆီကို သွားရောက် လည်ပတ်ချင်ရင် အောင်ပန်းမြို့ကို သွားတဲ့လမ်း အတိုင်းသွားပြီး ကလောအထွက် ပင်လောင်း- လွိုင်ကော်လမ်းမအတိုင်း သွားရောက်နိုင်ပါတယ်။ စာရေးသူကတော့ ကလောကနေ ဆိုင်ကယ်နဲ့ သွားတာဖြစ်ပြီး မိနစ် ၃၀ ကျော်လောက် မောင်းရ ပါတယ်။ ကားနဲ့သွားရင်တော့ ပိုပြီးအချိန်ကုန် သက်သာနိုင်ပါတယ်။ မြင်းမထိရွာကိုကျော်ပြီး ပင်လောင်းမြို့အဝင် ဆိုင်းဘုတ်ရောက်ခါနီး တံတား ထိပ်မှာ ဘယ်ဘက်ချိုးတာနဲ့ အေးချမ်းမြေ အပန်း ဖြေစခန်းဆီကို ရောက်ရှိမှာဖြစ်ပါတယ်။
ဖောင်သဖွယ်ဆောက်လုပ်ပေးထားတဲ့ တဲတွေ
ဝင်ကြေးကတော့ တစ်ဦးကို ကျပ်တစ်ထောင် သာဖြစ်ပြီး ကားထားနိုင်မယ့် နေရာတွေကိုလည်း စီစဉ်ပေးထားပါတယ်။ ဓနိမိုးထားတဲ့ လေးဖက်ပွင့် ရေပေါ်တဲအိမ်လေးတွေကို လှေကားရဲ့ တစ်ဖက်စီ မှာ အစီအရီထားရှိပေးထားပါတယ်။ ဘီလူးချောင်း ထဲ စီးဆင်းနေတဲ့ ရေတွေကတော့ ကြည်လင်နေပြီး ရေစီးလည်းသန်သလို အေးစိမ့်နေတာကြောင့် အပေါ်ဘက်မှာပူသော်ငြား ချောင်းစပ်နားကို ရောက်ရင်တော့ အေးမြမှုကို ရရှိစေပါတယ်။
ချောင်းထဲမှာ ဖောင်သဖွယ် ဆောက်လုပ်ပေး ထားတဲ့ တဲတွေရှိတာကြောင့် မိမိကြိုက်နှစ်သက်တဲ့ တဲအိမ်ပေါ်မှာ အေးအေးဆေးဆေးနားနေနိုင်ပြီး အစားအသောက်တွေကိုလည်း မှာယူစားသောက် နိုင်ပါတယ်။ ရှမ်းစားစရာတွေအပြင် အကင်၊ အကြော် အလှော်နဲ့ တရုတ်အစားအစာတွေကို ရရှိနိုင်ပါ တယ်။ တစ်ခါတလေ ချောင်းငါးတွေရတဲ့အချိန်နဲ့ ကြုံကြိုက်ရင် ဟင်းချိုကိုလည်း ရရှိနိုင်ပါသေးတယ်။
အပျော်အပန်းဖြေစရာ Activity အနေနဲ့ ချောင်း တွင်းမှာ ဖိုက်ဘာလှေစီးလို့ရအောင်လည်း ဝန်ဆောင်မှု ပေးထားပါတယ်။ လှေတစ်စင်းကို တစ်နာရီကို ကျပ်ငါးထောင်နဲ့ စီးလို့ရပါတယ်။ ရေစီးနည်းနည်း သန်ပေမယ့် ရေတိမ်တာကြောင့် ကလေးတွေပါ စိတ်ကြိုက်ဆော့ကစားနိုင်ပါတယ်။ သစ်ပင်ရိပ်တွေ အများကြီးရှိတာမို့ အရိပ်ကောင်းကောင်းနဲ နားနေ နိုင်တဲ့နေရာလေး ဖြစ်ပါတယ်။ အပေါင်းအသင်း တွေနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေချင်လို့ပဲဖြစ်ဖြစ်၊ မိသားစုလိုက် စိတ်အေးလက်အေး အပန်းဖြေချင် လို့ပဲဖြစ်ဖြစ် တော်တော်အဆင်ပြေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
တစ်ဆင့်သွားရောက်လည်ပတ်နိုင်
အေးချမ်းမြေအပန်းဖြေစခန်းမှာနားရင်း စခန်း နဲ့ သိပ်မဝေးလှဘဲ မိနစ်အနည်းငယ်သွားလိုက်ရုံနဲ့ ကလောမြင်းမထိသဘာဝလိုဏ်ဂူဆီကို သွားရောက် လည်ပတ်နိုင်ပါသေးတယ်။ နောက်ပြီး မြင်းမထိဂူ အနီးအနားက ရှုခင်းလှပြီး ဓာတ်ပုံရိုက်ကြတဲ့ ဗျိုက်တောင်ပေါ်တက်ပြီး ဓာတ်ပုံရိုက်လို့ရပါသေး တယ်။ ဒါ့အပြင် ပင်လောင်းမြို့နဲ့လည်း နီးနေတာမို့ အပန်းဖြေစခန်းကနေတစ်ဆင့် သွားရောက် လည်ပတ်နိုင်ပါသေးတယ်။
ပင်လောင်းမြို့လေးဟာလည်း ပအိုဝ်းလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး၊ ဒေသခံတွေက ဖြူစင် ရိုးသားပြီး စိတ်ထားကောင်းကြပါတယ်။ ပင်လောင်း မြို့မှာ လည်ပတ်စရာအနေနဲ့ အမြင့်ဆုံးတောင် ဖြစ်တဲ့ လွယ်မောင်းတောင်ကို တက်ရောက်နိုင်ပါ တယ်။ တောင်ထိပ်အထိ ကား/ဆိုင်ကယ်တွေနဲ့ တက်လို့ရပြီး တောင်ထိပ်ကနေ ပတ်လည်ရှုခင်း တွေကို တွေ့မြင်နိုင်တာမို့ မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လုံးနဂါးပတ်ဘုရားဆီကိုလည်း သွားရောက်ဖူးမြော် နိုင်ပြီး ဝင်္ဂဘာတောင်လိုဏ်ဂူနဲ့ ရသေ့ဂူဆီကိုလည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။
ပြည်တွင်းခရီးသွားတွေအနေနဲ့ ကလောမြို့ကို ပဲရောက်ရောက်၊ အောင်ပန်းမြို့ကိုပဲ ရောက်ရောက် ကလောမြို့အထွက်နား မြင်းမထိလိုဏ်ဂူနဲ့အနီးဆုံး ပင်လောင်းမြို့အဝင်လေးမှာတည်ရှိပြီး ဘီလူး ချောင်းကို အခြေပြုဖွင့်လှစ်ထားတဲ့ အေးချမ်းမြေ အပန်းဖြေစခန်းဆီကို သွားရောက်လည်ပတ်နိုင်စေ ဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသား ဖော်ပြလိုက်ပါတယ်။ ။