
နေပြည်တော် ဇန်နဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဦးဣန္ဒကကို ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူ များသို့ ထောက်ပံ့ငွေပေးအပ်ပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် က စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး စံဖူးကျေးရွာမှ မီးဘေး သင့်ပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၀ ကို ပေးအပ်ရာ စံဖူးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံတို့က လက်ခံရယူကြသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်သိန်း ၃၀၀ ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ က ပေးအပ်ရာ စံဖူးကျေးရွာကိုယ်စားလှယ် နှစ်ဦးက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စံဖူးကျေးရွာ မှ မီးဘေးသင့်ပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှု သည်။
သတင်းစဉ်