
နေပြည်တော် ဇန်နဝါရီ ၂၇
(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို (၂၆-၁၂-၂ဝ၂၃) ရက်နေ့မှ (၂၇-၁-၂၀၂၄) ရက်နေ့အထိ ၃၃ ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါ သည်။
(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် အရှင်ပညာ သိရီလင်္ကာရ၊ သက်တော် ၅၉ နှစ်၊ သိက္ခာ တော် ၃၉ ဝါ၊ တိပိဋကနိကာယကျောင်းတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ (၁၆) ပါးမြောက် သာသနာ့ အာဇာနည်ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့ပါသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်ထိ (၇၆)ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ပထမအကြိမ်မှ (၇၅) ကြိမ် အထိ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီး ဖြစ်ပါသည်။ (၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၅) ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒဆရာတော်ပေါ်ထွန်းခဲ့ပြီးနောက် (၄) နှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄)ခုနှစ် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၆)ပါးမြောက်အဖြစ် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပါ သည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝိနယပိဋက ဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယ ပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မ ပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်းနှင့်အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်းတို့ကို “တိပိဋက ဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋက ကောဝိဒ” ဘွဲ့အတွက် သဘောရေးဖြေစာမေးပွဲ ဖြေဆိုရကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်