
မိုး(အလရ)
(ဇန်နဝါရီ ၂၃ ရက်မှအဆက်)
ကျွန်တော်တို့အဖွဲ့သည် စကားပြန် မိန်းကလေးနှင့်အတူ China - ASEAN Emergency Equipment and Tech-nology Exhibition မှ ပြခန်းများတွင် ပြသထားသည့် ပစ္စည်းကိရိယာများကို ကြည့်ရှုလေ့လာကြပြီးနောက် Nanning International Convention Exhibition Center အနီးရှိ Howard Johnson ဟိုတယ်၌ နေ့လယ်စာ စားသုံးရန် လမ်းလျှောက်၍ သွားရောက်ခဲ့ကြ သည်။ ဖိုရမ်တက်ရောက်သူများအတွက် နေ့လယ်စာကို ဘူဖေးစနစ်ဖြင့် ဧည့်ခံ ကျွေးမွေးသည်။ နေ့လယ်စာ စားသောက် ပြီးနောက် ကျွန်တော်တို့အဖွဲ့သည် Sub-Forum များ တက်ရောက်ရန် ဆွေးနွေးပွဲ ကျင်းပမည့် ခန်းမများသို့ သွားရောက်ကြ သည်။
ဖိုရမ်ခွဲနှစ်ခု
ဆွေးနွေးပွဲကို Sub-forum 1 နှင့် Sub-Forum 2 ဟူ၍ နှစ်ခုခွဲ၍ တစ်ပြိုင် တည်း ကျင်းပသည့်အတွက် ကျွန်တော် တို့လည်း အဖွဲ့နှစ်ဖွဲ့ ခွဲ၍ တက်ရောက်ခဲ့ကြ သည်။ ကျွန်တော်က Sub-forum 2 တွင် တက်ရောက် ဆွေးနွေးခဲ့သည်။ အဆိုပါ ဖိုရမ်များတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလုပ်ရှင်၊ အလုပ်သမားများ၊ စိတ်ဝင် စားသူများ တက်ရောက်ကြသည်။
Sub-Forum 1 တွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ခြင်းနှင့် ဥပဒေစည်းကြပ်ခြင်း ဆိုင်ရာ အတွေ့အကြုံများအား ဖလှယ် ခြင်းခေါင်းစဉ်နှင့် ပတ်သက်၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးစည်းကြပ်ရေးဗျူရို၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမား ရေးရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ဖိလစ်ပိုင် နိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင် ရာ ဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ Shangdong ပြည်နယ်အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဦးစီးဌာန၊ အင်ဒိုနီးရှားနိုင်ငံ လူ့စွမ်းအားဝန်ကြီး ဌာန၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Gaungxi Zhuang Autonomous Region၊ အရေးပေါ်စီမံခန့်ခွဲရေးဦးစီး ဌာနတို့မှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
Sub-Forum 2 တွင် တရုတ်နိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေး နှင့် ဘဏ္ဍာရေးဆိုင်ရာဦးစီးဌာန၊ ကမ္ဘောဒီးယားနိုင်ငံ အလုပ်သမားနှင့် သက်မွေး လေ့ကျင့်သင်ကြားရေးဝန်ကြီး ဌာန၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေးနှင့် ကျန်းမာရေးဦးစီးဌာန၊ တရုတ်နိုင်ငံ Jiangsu အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဦးစီးဌာန၊ Work Safety Fundamentals Section၊ မလေးရှားနိုင်ငံ လူ့စွမ်းအားရင်းမြစ် ဝန်ကြီးဌာန၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဦးစီးဌာန၊ ရေနံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနခွဲ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဗီယက်နမ် နိုင်ငံ အလုပ်သမား မသန်စွမ်းနှင့် လူမှု ရေးရာဝန်ကြီးဌာန၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဦးစီးဌာန၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ လေ့ကျင့် သင်ကြားရေးဌာနခွဲတို့မှ ကိုယ်စားလှယ် များက လုပ်ငန်းများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲခြင်း ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ကျွန်တော် တက်ရောက်ဆွေးနွေးခဲ့ သည့် Sub-forum 2 တွင် ဆွေးနွေးချက် များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များ ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအောက်တွင် အတူတကွ ထားရှိ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဟုဆိုပါက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး စသည့်ကိစ္စရပ်များအားလုံး ပါဝင်ပေသည်။ အာဆီယံနိုင်ငံများတွင် တော့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည့်ဌာနနှင့် သဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲ သည့် ဌာနတို့သည် သီးခြားဆောင်ရွက် နေသည်ကို တွေ့ရှိရပေသည်။
၁၈:၃၀ နာရီတွင် ဆွေးနွေးပွဲ ပြီးဆုံး သည့်အတွက် ကျွန်တော်တို့အဖွဲ့လည်း တည်းခိုသည့် နေရာသို့ ပြန်၍ ညစာ စားသောက်ကြပြီး အနားယူကြလေ သည်။ မနက်ဖြန်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို သွားရောက် လေ့လာရမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ အားလုံးစုပေါင်း၍ ၀၈:၀၀ နာရီတွင် စတင်ထွက်ခွာမည် ဖြစ်ကြောင်း စကားပြန် မိန်းကလေးက ပြောကြားလေသည်။
လေ့လာရေးသွားရောက်ခြင်း
၅−၁၂−၂၀၂၃ ရက်၊ ၀၇:၄၅ နာရီတွင် စတင်ထွက်ခွာမည့် နေရာတွင် အဖွဲ့ ခေါင်းဆောင်များအတွက် သီးခြားကား တစ်စီး၊ အခြားကိုယ်စားလှယ်များ အတွက် ကားတစ်စီး စီစဉ်ပေးထားသည် ကို တွေ့ရသည်။ ကျွန်တော်တို့အဖွဲ့လည်း သတ်မှတ်ထားသည့် ကားများပေါ်တွင် နေရာယူကြလေသည်။ ကွမ်ရှီးဒေသ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Zhou Chagqing ဦးဆောင်၍ လေ့လာရေးခရီး ကို စတင်ခဲ့ကြသည်။
ပထမဦးစွာ နန်နင်းအခြေစိုက် China Aneng Group First Engineering Bureau Co.,Ltd သို့ ရောက်ရှိခဲ့သည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း ကဲ့သို့ အရေးပေါ်အခြေအနေ ဖြစ်ပွား သည့် ဒေသများရှိ အများပြည်သူများအား ကယ်ဆယ်ပြီး ယာယီနေထိုင် စားသောက် နိုင်ရန် ပြင်ဆင်ထားသည့် မော်တော် ယာဉ်များကို ပြသထားသည်။ အဆိုပါ မော်တော်ယာဉ်များတွင် အများပြည်သူ များအနေဖြင့် ရေချိုးနိုင်ခြင်း၊ အအေးခန်း ပါဝင်သည့် စားသောက်ကုန်များ သိုလှောင်ထားနိုင်ခြင်း၊ ချက်ပြုတ်နိုင် ခြင်းနှင့် အိပ်စက်အနားယူနိုင်သည့် နေရာများပါ စီစဉ်ဆောင်ရွက်ထားရှိလေ သည်။
သဘာဝဘေးအန္တရာယ် အပါအဝင် အန္တရာယ်တစ်စုံတစ်ခု ဖြစ်ပွားသည့် နေရာများသို့ အဆိုပါ မော်တော်ယာဉ်များ ကို မောင်းနှင်၍ အများပြည်သူများ အတွက် နေထိုင်စားသောက်ရေးကို အဆင်ပြေစွာ စီစဉ်ဆောင်ရွက်ပေးနိုင် လေသည်။ ထို့ပြင် လမ်းတံတားများ ပျက်စီးပါက ယာယီတံတားအဖြစ် အသုံးပြုနိုင်သည့် ယာဉ်ယန္တရားများ အပါအဝင် အရေးပေါ်အခြေအနေ ကယ်ဆယ်ရေးတွင် အသုံးပြုသည့် စက်ပစ္စည်း ကိရိယာများ၊ ဘေးအန္တရာယ် ဖြစ်ပွားသည့်နေရာတွင် အသုံးပြုနိုင် သည့် ဂြိုဟ်တုစနစ်သုံး ထိန်းချုပ်ရေး စင်တာပါဝင်သည့် မော်တော်ယာဉ်များ နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များကို သရုပ်ပြသမှု များကို ကြည့်ရှုလေ့လာခဲ့ပါသည်။
ထို့နောက် ကွမ်ရှီးဒေသ မီးသတ်နှင့် ကယ်ဆယ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ ကြသည်။ ဓာတုပစ္စည်းများကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ် ခြင်း၊ အထပ်မြင့် အဆောက်အအုံများတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပါက ကယ်ဆယ်ရမည့် ပြည်သူများ၊ မီးလောင် ကျွမ်းမှု အခြေအနေများကို ဒရုန်းများ အသုံးပြု၍ သတင်းအချက်အလက်ရယူ ခြင်း၊ အထပ်မြင့် အလွှာများအား ဒရုန်း နှင့် စက်ယန္တရားများအသုံးပြု၍ မီးငြှိမ်း သတ်ခြင်း၊ မီးသတ်အဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မြေငလျင်ဒဏ်ကျရောက်ပြီး ပြိုကျနေ သည့် အဆောက်အအုံများတွင် ပိတ်မိနေ သူများအား ကယ်ဆယ်ရေး အစီအမံ ဆောင်ရွက်မှု အခြေအနေများ၊ လေ့ကျင့်ရေးခွေးများ အသုံးပြု၍ ကယ်ဆယ်နိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြသခဲ့ကြသည်။
ပညာပေးပြခန်း
အဆိုပါ ဦးစီးဌာနရှိ Nanning Emergency Fire Science Education Base အတွင်း အရေးပေါ် အခြေအနေများ နှင့် ပတ်သက်၍ အများပြည်သူများ ဝင်ရောက်လေ့လာနိုင်ရေး အသိပညာပေး ပြကွက်များ၊ ကလေးသူငယ်များ နားလည်လွယ်စေရေး အသိပညာပေး ပြကွက်များ၊ Game များစီစဉ်ထားမှုများ ကို တွေ့ရှိရပြီး ကလေးများနှင့် အများ ပြည်သူများ စိတ်ဝင်တစား လာရောက် လေ့လာကြသည်ကို တွေ့ရှိရပေသည်။
ထို့ပြင် ကွမ်ရှီးဒေသ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဦးစီးဌာန၏ ဘေးအန္တရာယ် ကင်းရှင်းရေး စင်တာနှင့် အရေးပေါ်အခြေအနေ ထိန်းချုပ်ကွပ်ကဲ ရေးစင်တာတွင် မော်တော်ယာဉ် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ တိုက်ဖွန်းနှင့် မြေငလျင် ဖြစ်ပွားပါက ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်ရမည့် အချက် များနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ထားသည့် ပြကွက်များကို လည်း စီစဉ်ဆောင်ရွက်ထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ အဆိုပါစင်တာတွင် ဓာတုပစ္စည်း အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိပညာပေးပြခန်းကို နောင်နှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ကွမ်ရှီးဒေသအတွင်း အရေးပေါ် အခြေအနေများ ဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး ဂြိုဟ်တုစနစ် သုံး၍ စောင့်ကြည့်လေ့လာရေးအခန်းနှင့် ထိန်းချုပ်ကွပ်ကဲ၍ လိုအပ်သည်များ အား စီမံခန့်ခွဲနိုင်ရေး စီစဉ်ဆောင်ရွက် ထားသည့် အခန်းများအား အဆင့်မြင့် နည်းပညာများ အသုံးပြုဆောင်ရွက်ထား ပေသည်။ ကွမ်ရှီးဒေသအတွင်း ဖြစ်ပေါ် နေသည့် အချက်အလက်များနှင့် ပတ်သက်၍ မိမိသိချင်သည့် အကြောင်း အရာ၊ နယ်မြေကို အခန်းအတွင်းမှ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် သတင်း အချက်အလက်များ အားလုံးကို အလွယ် တကူ ရရှိနိုင်ပေသည်။ နည်းပညာ၏ အစွမ်းကား အံ့မခန်းဖြစ်ပေသည်။
ကွမ်ရှီးဒေသတွင်နေထိုင်သည့် လူမျိုး နွယ်စု သမိုင်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ၊ နေထိုင်မှုပုံစံများ၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးခဲ့မှု အခြေအနေ များနှင့် ပတ်သက်၍ ကွမ်ရှီးဒေသ အမျိုးသားပြတိုက်အတွင်း ပြသထားမှု များကိုလည်း ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ ပေသည်။
ကွမ်ရှီးဒေသ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် Mr. Zhou Chagqing နှင့် Nanning Municipal People’s Government မှ Level II Bureau Rank Official Mr. Xu Mingsi တို့က အာဆီယံ-တရုတ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအား ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပြီး နှုတ်ဆက်စကား ပြောကြားခဲ့ကြသည်။ နောက်နေ့တွင် ကိုယ်စားလှယ်များအားလုံး မိမိနိုင်ငံများ သို့ ပြန်လည်ထွက်ခွာရမည် ဖြစ်သည့် အတွက် တည်းခိုရာ ဟိုတယ်သို့ပြန်၍ အနားယူကြလေသည်။
ခရီးစဉ် ပြီးမြောက်ခြင်း
၆−၁၂−၂၀၂၃ ရက်၊ ၀၇:၃၀ နာရီတွင် ကျွန်တော်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့သည် Liyoun Resort မှ Wuxu အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး၊ စကားပြန် မိန်းကလေးနှင့် စေတနာ့ဝန်ထမ်းတို့က ပို့ဆောင်ပေးခဲ့ကြရာ ကျွန်တော်တို့အဖွဲ့ လည်း အစစအရာရာ ကူညီပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်း နှုတ်ဆက်စကား ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် ၁၀:၂၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Wuxu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၁၂:၀၀ နာရီတွင် ရောက်ရှိခဲ့ပါသည်။
ထိုမှတစ်ဆင့် ဒေသစံတော်ချိန် ၁၇:၁၀ နာရီတွင် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ မြန်မာစံတော်ချိန် ၁၇:၄၀ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့လေသည်။ အပြန်ခရီးစဉ်၌ လေကြောင်းလိုင်း မတူညီသည့်အတွက် Baggage Check Through မရသည့် အတွက် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ ပြည်ပ လေဆိပ်တွင် အလုပ်အနည်းငယ်ရှုပ်၍ အတွေ့အကြုံသစ်များ ရရှိခဲ့သည်မှာ လည်း မမေ့နိုင်စရာပေ။
နှစ်ရက်တာခန့်သာ ကြာမြင့်သည့် ခရီးစဉ်သည် အခမ်းအနားအစီအစဉ် များတွင် စီမံခန့်ခွဲရေးဆိုင်ရာ အားနည်း ချက် အနည်းငယ်တွေ့ရှိရသည်မှလွဲ၍ အောင်မြင်စွာ ပြီးမြောက်သွားသည်ဟု ဆိုရပေမည်။ စိတ်လှုပ်ရှားမှု၊ မျှော်လင့် ချက်များဖြင့် အစပြုခဲ့သည့် ကျွန်တော်၏ ခရီးစဉ်သည် တိုးတက်နေသည့် နည်းပညာအသုံးပြု ခေတ်မီဆန်းပြား သည့် ပစ္စည်းကိရိယာများဖြင့် စီမံ ဆောင်ရွက်နေမှုများကို တွေ့မြင်သိရှိလာ ရပြီးနောက် အပြန်ခရီးစဉ်တစ်လျှောက် တွင် ကျွန်တော်တို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် တိုးတက်နေသည့် နည်းပညာများအရ ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်အသစ်များကို ကိုင်တွယ် ဖြေရှင်းရန် များစွာကြိုးစားဆောင်ရွက် ရပေဦးမည်ဟူသော စိတ်ကူးများဖြင့် ပုံဖော်နေမိခဲ့တော့သည်။
ခရီးစဉ်တစ်လျှောက်တွင် အချိန် ကာလအားဖြင့် တိုတောင်းသည့် ခရီးစဉ် ဖြစ်သော်လည်း ဖိုရမ်တွင် ဆွေးနွေးခဲ့ သည့် အတွေ့အကြုံများ၊ ပြခန်းများတွင် မြင်တွေ့ခဲ့ရသည့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များတွင် အသုံးပြုသည့် နည်းပညာ အသုံးပြု ပစ္စည်းကိရိယာများ၊ စက် ယန္တရားများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်မှုအခြေအနေ၊ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ များစွာအသိအမြင်တိုးစေ သည့် ခရီးစဉ်တစ်ခုပင် ဖြစ်သည့်အတွက် ပြန်လည်မျှဝေလိုက်ပါသည်။ ။
- Log in to post comments