
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russia 24 ရုပ်သံသတင်းဌာန၊ International Review အစီအစဉ်မှ ပင်တိုင်သတင်းတင်ဆက်သူ Mr. Fedor Lukyanov အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌တွေ့ဆုံ၍ သိရှိလိုသည့်မေးမြန်းမှုများကို လက်ခံဖြေကြားသည်။ အဆိုပါမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည်-
မေး။ မြန်မာနိုင်ငံရဲ့လက်ရှိအစိုးရဟာ လူ့အခွင့်အရေးများ ချိုးဖောက်ကာ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်း နေတယ်လို့ နိုင်ငံတကာမှ ဝေဖန် ပြောဆိုနေတာတွေ ရှိပါတယ်။ ဗိုလ်ချုပ် မှူးကြီးအနေနဲ့ လက်ရှိမြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ် အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဘယ်လိုလုပ်ဆောင်သွားမလဲ။ အရပ်သားအစိုးရကို ပြန်လည် အသက်သွင်းနိုင်ဖို့ ဒီမိုကရေစီစံနှုန်းနဲ့ အညီ ရွေးကောက်ပွဲတွေကိုရော ပြန်လည်ကျင်းပပေးဖို့ အစီအစဉ်ရှိ သလားဆိုတာလေး သိချင်ပါတယ်။
ဖြေ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းမှုတွေ ဆောင်ရွက်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲနဲ့ ကျွန်တော်တို့ဒီအခက်အခဲတွေဖြစ်လာခဲ့တာပေါ့။ ကျွန်တော်တို့ ဒါနဲ့ပတ်သက် ပြီးတော့ အရေးယူဆောင်ရွက်မှုလုပ်တဲ့ အခါမှာလည်း အကြမ်းဖက်တဲ့ဖြစ်ရပ် တွေ ပေါ်မှာ ကျွန်တော်တို့ တချို့ဟာ တွေလည်း တုံ့ပြန်ပြီး ဆောင်ရွက်တာ တွေရှိတော့ ဒီအပေါ်မှာ ကျွန်တော် တို့အပေါ်မှာလည်း နားလည်မှုလွဲမှား ပြီး စွပ်စွဲမှုတွေ အမျိုးမျိုးရှိတယ်။ အဲဒီတော့ ဒီမှာပြောချင်တာကတော့ ဒီမိုကရေစီမှာတော့ သာမန်အားဖြင့်
အစိုးရတစ်ရပ်ကိုမကြိုက်လို့ ဆန္ဒပြတာတွေလည်းရှိတယ်။ ဒါကတော့ နိုင်ငံ တိုင်းမှာ ရှိပါတယ်။ ကမ္ဘာမှာလည်း ဒါတွေဖြစ်စဉ်ပေါင်းများစွာ သာဓက ရှိတယ်။ သို့သော်လည်းပဲ သာမန် ဆန္ဒပြမှုကနေ ကျော်လွန်ပြီးတော့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်လာလို့ရှိရင်တော့ ဒါကို အများသူ ငါမထိခိုက်အောင် တရားဥပဒေစိုးမိုးရေးကို မထိခိုက်အောင်တော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းကနေတုံ့ပြန်ဆောင်ရွက်ရတာ ရှိတယ်။ ဒီအပေါ်မှာ ကျော်လွန်ပြီး လုပ်တယ် ဆိုရင်တော့ ဒါဥပဒေအရလုပ်ရမှာဖြစ်ပါ တယ်။ ဘယ်ဘက်က လုပ်လုပ် ဟိုဘက်ကလုပ်လုပ် ဒီဘက်ကလုပ်လုပ် ကျော်လွန်ပြီး ဖြစ်လာလို့ရှိရင်တော့ ဥပဒေအရ အကုန်လုံးဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ် အပေါ်မှာ ဘာမှအငြင်းပွားစရာတော့မရှိဘူး။ ဒီဖြစ်စဉ်ဖြစ်တာကလည်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်တဲ့ ရွေးချယ်ပွဲတွေမှာ မသမာမှုတွေလုပ်ခဲ့ တဲ့အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ် လာခဲ့တာ။ ဒါစောစောစီးစီးက ရှင်းမယ် ဆိုလို့ရှိရင် ရှင်းလို့ရရဲ့သားနဲ့ ဒီတွေ့ဆုံ ဆွေးနွေးမှုလမ်းကြောင်းတွေ ရှင်းလင်း တဲ့လမ်းကြောင်းတွေကို မလုပ်ဘဲနဲ့ အဆင့်ကျော်လာတဲ့ အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်လာခဲ့တာ။ ကျွန်တော် ကတော့ စပြီးတက်ကတည်းက ရှေ့လုပ်ငန်းစဉ် (၅)ချက် ကြေညာထား တာရှိတယ်။ အဲဒီမှာ အရေးပေါ် အခြေအနေကာလတွေ ကျော်လွန်ပြီး ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင်၊ လုပ်သင့် လုပ်ဆောင်တာတွေပြီးအောင် ဆောင် ရွက်ပြီးပြီဆိုလို့ရှိရင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲတစ်ခုကို ကျွန်တော်ပြန်လုပ်မယ်လို့ ပြောထားတာ ရှိတယ်။ မဖြစ်မနေလုပ်မှာပါ။ သို့သော် လည်းပဲ တည်ငြိမ်အေးချမ်းတဲ့အခြေအနေ ရောက်ဖို့တော့ လိုပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင် မှုတွေ ပြီးမြောက်အောင်လည်း လိုပါ တယ်။ ဒီအပေါ်မှာ ပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲမလွဲမသွေလုပ်မယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။
မေး။ ကျွန်တော်တို့လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲအတွက် တိကျတဲ့ကာလတစ်ခုကို လက်ရှိအချိန်မှာဖြေကြားပေးဖို့ခက်နိုင်ပါသလား။
ဖြေ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတည်ငြိမ်အေးချမ်းမှုအပေါ်မှာ မူတည်တာပေါ့ဗျာ။ ကျွန်တော့်မှာ ဒီအခြေခံဥပဒေအရကျွန်တော်တို့ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့လုပ်လို့ရပါတယ်။ ဒါကိုမပြီးမြောက်ဘူးဆိုလို့ရှိရင် ကျွန်တော်တာဝန်ရှိတဲ့အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ ၆ လတစ်ကြိမ် ၆ လ တစ်ကြိမ် သက်တမ်းနှစ်ကြိမ် တိုးခွင့်ရှိတယ်။ အားလုံးတစ်နှစ် အားလုံးနှစ်နှစ် အဲဒီတော့ အကြမ်းဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲ ပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ဖြေလို့ ရတာပေါ့ဗျာ။ အခု တိုင်းပြည်ရေးရာ ဟာ အခုလက်ရှိ အခြေအနေမှာတော့ ကျွန်တော်တို့ဟာ ၁ဝဝ ရာခိုင်နှုန်းအားလုံးပြီးပြီဆိုတဲ့ တည်ငြိမ်အေးချမ်းပြီဆိုတဲ့ အခြေအနေတော့ မရောက်သေးတဲ့ အခြေ အနေရှိတာပေါ့။ ဒါကြောင့် ဒါကိုလည်း ထည့်ပြီးစဉ်းစားဖို့လိုပါတယ်။ နည်းနည်း တော့ ကျွန်တော်ပြောဖို့တော့ စောသေး တယ်။ သို့သော်လည်း အကြမ်းဖျင်းနှစ်နှစ် မှာတော့ ဖြစ်နိုင်ပါတယ်။
မေး။ မြန်မာနိုင်ငံရဲ့ တည်နေရာအနေ အထားဟာ အရှေ့တောင်အာရှနဲ့ တောင် အာရှအတွက် စစ်ရေးအရရော စီးပွားရေး အရပါ လွန်စွာအချက်အချာကျပြီး တစ်ခု တည်းသော နေရာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိတယ် လို့သိရှိရပါတယ်။ ရန်ကုန်ကို ကြည့်မယ် ဆိုရင် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရန် ဘယ်လိုလုပ်ဆောင်ပါသလဲ၊ ဘယ်သူတွေက အဓိကလုပ်ဆောင်ပါ သလဲ၊ အဓိက လုပ်ဆောင်သူတွေနဲ့ ဘယ်လိုမျိုးဆက်သွယ်မှုတွေရှိပါသလဲ။
ဖြေ။ အနောက်အုပ်စုနိုင်ငံကြီးတွေကို ပြလို့ရှိရင်တော့ အနောက်အုပ်စုနိုင်ငံကြီးတွေလို့ပြောရမှာပေါ့။ ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအနေ အထားအရ အရေးပါတဲ့အနေအထားမှာရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေ တဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးနားချင်း တိုင်းပြည်က တရုတ်နိုင်ငံနဲ့ အင်အားကြီး အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ် နေတဲ့နိုင်ငံတွေဖြစ်တော့ သူတို့ဒါကိုတော့ စိတ်ဝင်စားတဲ့ ပထဝီဝင်အနေအထားအရ လည်း စိတ်ဝင်စားတာပေါ့နော်။ နိုင်ငံရေး အရလည်း စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံ က ပထမဆုံးစပြီးတော့ နိုင်ငံစပြီး လွတ်လပ်ရေးရပြီးအချိန်မှာ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ သွားခဲ့ တယ်။ နောက်ပိုင်းကျတော့ တော်လှန်ရေး ကောင်စီတက်လာပြီးတော့မှလမ်းစဉ် ပါတီဆိုရှယ်လစ်စနစ်နဲ့ ကျွန်တော်တို့ သွားခဲ့တာရှိတယ်။ ဒီမှာလည်း ပြည်သူတွေက ပါတီစုံလမ်းကြောင်းကို လိုချင် တယ်ဆိုပြီးတော့ ၁၉၈၈ ခုနှစ်မှာ ဆူပူ ဆန္ဒပြမှုတွေဖြစ်လာတယ်။ ၈၈ ခုနှစ်မှာ နောက်ဆုံးတော့ အဲဒီအစိုးရပြိုကွဲသွား ရတာပေါ့။ ပြိုကွဲသွားပြီးတော့ တပ်မတော် ကနေ တိုင်းပြည်ကို ဝင်ထိန်းပေးခဲ့တာရှိ တယ်။ အဲဒီတော့ ပြည်သူလူထုရဲ့ လိုလား ချက် ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ် ကျွန်တော်တို့သွားရတာပေါ့။ ၂ဝ၁၁ ခုနှစ် မှာ ဒီမိုကရေစီလမ်းကြောင်းကို ကျွန်တော် တို့သွားခဲ့တယ်။ အဲဒီက ဒီမိုကရေစီနိုင်ငံ ရေးအတွက်က စိတ်ဝင်စားစရာဖြစ်တာ တစ်ခုကတော့ ပထဝီအနေအထားအရ လည်း စိတ်ဝင်စားဖို့ရှိတယ်။ အဲနောက် တစ်ခါ နိုင်ငံရေးအရလည်း စိတ်ဝင်စား ဖို့ရှိတယ်။ အဲဒီတော့ ဒီအနောက်နိုင်ငံတွေ ကတော့ အဓိကအားဖြင့် ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ဝင်ရောက်ပြီးတော့ လွှမ်းမိုး လိုတဲ့စိတ်တော့ရှိပုံရတယ်လို့ ကျွန်တော် တွက်ပါတယ်။
မေး။ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ တရုတ်နှင့် အမေရိကန်တို့ရဲ့ နှစ်နိုင်ငံ အားပြိုင်တင်းမာမှု၊ ထိပ်တိုက်တွေ့ဆုံမှု တွေဟာ ပိုမိုသိသာထင်ရှားလာပါတယ်။ အဲ့ဒီအင်အားကြီးနိုင်ငံနှစ်ခု က အာရှနိုင်ငံ တွေကို သူတို့နှစ်သက်တဲ့နိုင်ငံရဲ့ သြဇာ အာဏာအောက်ကို ပူးပေါင်းဆောင်ရွက် လုပ်ကိုင်စေလိုတယ်။ အာရှနိုင်ငံတွေ ကိုယ်တိုင်ကလည်း သူတို့နဲ့ သံတမန် ဆက်ဆံမှု အဆင်ပြေတဲ့နိုင်ငံနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ လုပ်ဆောင်နေတာကို လည်း တွေ့ရှိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဒီလိုမျိုး နိုင်ငံရေးအခင်းအကျင်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ကျွန်တော်တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ နံပါတ်(၁)အချက် ပေါ့။ နောက်တစ်ခုကတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျွန်တော် တို့က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတယ် ဆိုကတည်းက ကိုလိုနီခေတ်မှာလည်း နေခဲ့ရတယ်။ စောစောက ကျွန်တော် ပြောတဲ့အထဲမှာ မြန်မာနိုင်ငံဟာ အိန္ဒိယ နဲ့တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ် ပြီးနေခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တယ် နော်။ အဲဒီတော့ အဲဒီဖြတ်သန်းလာခဲ့တဲ့ နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ ပထဝီနိုင်ငံရေး အရ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံခြားရေး မူဝါဒမှာ အရင်တုန်းကလည်း ဘက် မလိုက် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံး တယ်။ နောက်ပိုင်းကျတော့ လွတ်လပ် ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ၊ နောက်တစ်ခါ နိုင်ငံအားလုံးနဲ့ချစ်ကြည်
ရင်းနှီးစွာနဲ့မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒ၊ နောက် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ချက်အပေါ်မှာ အခြေခံတဲ့မူဝါဒနဲ့ ကျွန်တော်တို့ဆောင် ရွက်တာဖြစ်ပါတယ်။ အဲဒီတော့ မြန်မာ နိုင်ငံကတော့ မိတ်ဆွေနိုင်ငံပဲ။ မြန်မာနိုင်ငံ မှာ မိတ်ဆွေနိုင်ငံပဲရှိတယ်။ ရန်သူနိုင်ငံ လို့မရှိဘူးပေါ့။ စောစောက ခင်ဗျား ရည်ညွှန်းပြောတဲ့ အမေရိကန်နိုင်ငံက လည်းမိတ်ဆွေနိုင်ငံပါပဲ။ သူကတော့ နည်းနည်းအလှမ်းဝေးတာပေါ့။ ဒါပေမဲ့ အိမ်နီးနားချင်းတိုင်းပြည်ဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့ကျတော့ ကျွန်တော်တို့က နီးနီးကပ်ကပ်ရှိနေကျနိုင်ငံလည်း ဖြစ်တယ်။ အိမ်နီးနားချင်းဆက်ဆံရေး ကတော့ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် အလေးထားရတဲ့ ဆက်ဆံရေးရှိတယ်။ ဒါဘယ်နိုင်ငံမှ ဒါကို ငြင်းလို့မရဘူး။ အိမ်နီးနားချင်း ဆက်ဆံရေးကတော့ မကောင်းလို့မရဘူး။ နှစ်နိုင်ငံ နှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ကလည်း အကုန်ရှိပါတယ်။ ဒီလိုပဲ အခြားနိုင်ငံတွေနဲ့လည်း ကျွန်တော် ပူးပေါင်းဆောင်ရွက်မှုတွေ အကုန်ရှိ တယ်။ အမေရိကန်နိုင်ငံနဲ့လည်း ဆက်ဆံမှုတွေ အများကြီးရှိခဲ့တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အလှမ်းဝေးတာလည်း ပါတာ ပေါ့။ နိုင်ငံရေးကလည်း အရင်လိုအလှမ်း ဝေးခဲ့ပါတယ်။ အနေအလှမ်းဝေးခဲ့တာ ပါ။ ဒါကြောင့် ကျွန်တော်တို့ နည်းနည်း လေး အိမ်နီးနားချင်းတိုင်းပြည်ထက်စာရင်တော့ နည်းနည်းစိမ်းတာတော့ ရှိတာပေါ့။ သို့သော်လည်းပဲ ကျွန်တော် တို့နိုင်ငံရဲ့ အနေအထားကတော့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီး စွာ လက်တွဲ ဆောင်ရွက်မယ်ဆိုတဲ့
စိတ်ချင်းနီးတဲ့နိုင်ငံဖြစ်တယ်။ နိုင်ငံချင်း တော့ အလှမ်းဝေးတယ်။ သို့သော် စိတ်ချင်းနီးတဲ့နိုင်ငံတွေ သဘောထား ချင်း နီးစပ်စွာတူညီတဲ့နိုင်ငံဖြစ်တယ်။ သမိုင်းနောက်ခံအခြေအနေတွေလည်း တော်တော်များများတူတဲ့နိုင်ငံတွေဖြစ် တယ်။ အဲဒီတော့ ကျွန်တော်တို့ ရုန်းကန် ရတာလည်း တူတဲ့နိုင်ငံတွေဖြစ်တယ်။ ဒါကြောင့် ရုရှားနိုင်ငံနဲ့ ကျွန်တော်တို့ ကတော့ ထာဝရမိတ်ဆွေနိုင်ငံ တစ်ခု လို့ ကျွန်တော်တင်စားပြီး ပြောပါရစေ။
မေး။ ကျွန်တော်တို့ ရုရှား - မြန်မာ ချစ်ကြည်ရေးက တရားဝင်စတင်မှု မတိုင်ခင် (၁၉)ရာစု အလယ်လောက် ကတည်းက ရုရှားနိုင်ငံ သံတမန်အဖွဲ့ တွေ မြန်မာနိုင်ငံကို သွားရောက်တာ။ မြန်မာနိုင်ငံဘက်က စေလွှတ်တာတွေ ရှိခဲ့ပါတယ်။ ဒီကာလထဲမှာလည်းတစ်နိုင်ငံနှင့်တစ်နိုင်ငံ နားလည်မှုရရှိ ထားပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး ပြောသလိုပဲ တကယ့်မိတ်ဆွေအရင်း အချာတွေဖြစ်ကြပါတယ်။ ဒီလိုအခြေ အနေမျိုးမှာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတွေ တိုးတက်လာတာကိုလည်း တွေ့မြင်ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ တိုးတက်အောင်မြင်မှုနဲ့ ပတ်သက်ပြီး အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျေနပ်အားရမှု ရှိပါသလား။ ကျွန်တော် တို့ ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက် ကြရာမှာ အရန် (သို့မဟုတ်) လက်ကျန် ဆိုတဲ့ သဘောတရားရှိပါတယ်။ အပြည့် အဝ ပူးပေါင်းဆောင်ရွက်ရေးကိုရရှိဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ ဆောင်ရွက် ရန်ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေ ရှိပါ တယ်။ ကျွန်တော်တို့ ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်ရေးမှာရော ဆောင် ရွက်ရန် ကျန်ရှိနေတဲ့လုပ်ငန်းစဉ်တွေ အနေနဲ့ ဘယ်လောက်များ ရှိနိုင်ပါသလဲ။ ဆောင်ရွက်ရန်ကျန်ရှိနေတာနဲ့ ပတ်သက် ပြီးတော့ ဘယ်လိုများ ဆောင်ရွက်သွား မလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ရုရှားနဲ့မြန်မာဆက်ဆံရေးပေါ့နော်။ ဒါကတော့ သမိုင်းမှာတစ်လျှောက်လုံး ကောင်းလာခဲ့တာပေါ့။ ကျွန်တော်တို့က ၁၉၉ဝ လွန်ကာလတွေမှာတော့ မြန်မာနဲ့ ရုရှားဆက်ဆံရေးပိုကောင်းလာခဲ့တယ်။ အထူးသဖြင့်တော့ စစ်ဘက်နည်းပညာ ပူးပေါင်းရေး ဆောင်ရွက်ရေးကဏ္ဍတွေ မှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။ အားရဖို့လည်း ကောင်းပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုပေါ့။ ကျွန်တော်တို့ရဲ့တိုင်းပြည်မှာလည်း တိုးတက်ဖို့အတွက် ကျွန်တော် တို့ ကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ လူသားအရင်းအမြစ်တွေ အများကြီး လိုတယ်။ ဒီလူသားအရင်းအမြစ်တွေကို ကျွန်တော်တို့ ရုရှားနဲ့ နိုင်ငံမှာလာပြီး တော့ ပညာသင်ကြားခဲ့တာတွေ အများ ကြီးရှိတယ်။ အားလုံးပေါင်း ၇ ထောင် ကျော်လောက်ရှိတယ်။ ပညာသင်ခဲ့တာ ထူးချွန်ထက်မြက်တဲ့သူတွေလည်း အများ ကြီးပေါ်ထွန်းခဲ့ပါတယ်။ ဒီအထဲကနေပြီး တော့ သူတို့လည်း တိုင်းပြည်တည်ဆောက် ရေးမှာလည်း အများကြီးကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နေတာ ဖြစ်တယ်။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် မှာတော့ အခုနကပြောတဲ့ စစ်ဘက် နည်းပညာအမြင့်မားဆုံးအခြေအနေပေါ့ လေ။ စပ်တူစပ်ကဏ္ဍတွေလည်းရှိပါတယ်။ သို့သော်လည်းပဲ ပိုပြီးလုပ်ဖို့လိုတာတွေ ကတော့ နှစ်နိုင်ငံ ကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ၊ နောက် တစ်ခါ ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွေ၊ နောက်တစ်ခါယဉ်ကျေးမှုနဲ့ နောက်တစ်ခါ အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုကဏ္ဍတွေ၊ ပညာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ကျန်းမာ ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွေ၊ ရုရှားက ကျန်းမာရေးနဲ့ပတ်သက်ပြီး အဆင့်လည်း အင်မတန် မြင့်ပါတယ်။ ဒါလုပ်ဖို့ နယ်ပယ်တွေ အများကြီးကျယ်ဝန်းတာပေါ့ ကျွန်တော် တွေ့တယ်။ ဒါတွေလည်း ကျွန်တော်ရပ်နိုင် တဲ့ လမ်းကြောင်းတွေပေါ်မှာ ရပ်နိုင်တဲ့ လုပ်ငန်းရပ်တွေအကုန်လုံး ဆောင်ရွက် သွားဖို့ ကျွန်တော်ရည်ရွယ်ထားပါတယ်။ အနာဂတ်ဟာ အင်မတန်ကောင်းမွန်လျက် ရှိတယ်ဆိုတာ ကျွန်တော်သုံးသပ်ပါတယ်။
မေး။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး ပြော သွားတဲ့ ကဏ္ဍတွေထဲက ကမ္ဘာလှည့် ခရီးသွားကရော တော်တော်အလားအလာ ကောင်းတဲ့လုပ်ငန်းတစ်ခုလို့ သုံးသပ်မိ ပါတယ်။ လက်ရှိအနေအထားမှာ ရုရှား နိုင်ငံက ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းတွေ ရပ်နားထားရတဲ့အချိန် မှာ သွားလာလိုတဲ့ ဆန္ဒရှိတဲ့လူတွေ အများကြီးရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ ရောဂါကာကွယ် ရေးတွေလုပ်နိုင်ချိန်မှာ ရုရှားနိုင်ငံအတွက် အခွင့်အရေးဖွင့်ပေးမယ်ဆိုရင်တော့ ရရှိ တဲ့အခွင့်အရေးကို အသုံးပြုပြီးတော့ ရုရှား ပြည်သူပြည်သားတွေက မြန်မာနိုင်ငံ ကို လာရောက်ကြမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ကျွန်တော့်ရဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။
ဖြေ။ ကောင်းပါပြီ။ အဓိကတော့ ထိတွေ့ မှုများများရှိလို့ရှိရင် ရင်းနှီးမှုရှိမယ်၊ ယုံကြည်မှုရှိမယ်။ ဒါကြောင့် ထိတွေ့မှု များများ နှစ်နိုင်ငံပြည်သူများထိတွေ့မှု များများရှိဖို့ နှစ်နိုင်ငံနယ်ပယ်အသီးသီး မှာ ထိတွေ့မှုများများရှိဖို့ လိုတယ်။ အဲဒါ ဆိုရင်တော့ ယုံကြည်မှု၊ ရင်းနှီးမှုရသွား လို့ရှိရင် ပိုပြီး ခိုင်မာစေမယ်ဗျာ။ လူ ဆိုတာကတော့ ယုံကြည်မှုနဲ့ အကုန်လုံး ခိုင်မာအောင် တည်ဆောက်ကြတာကိုး။ ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံရဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ မှုတွေလည်း ကျွန်တော်တို့ မျှော်လင့်ပါ တယ်။ နောက်တစ်ခါ ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံကို ဆောလျင် စွာလာနိုင်ရေး အခြေအနေပေါ်မှာ လည်း ရောက်စေဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ဘာပဲ
ပြောပြော တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ပြောလိုတယ်။ ။