
စိုးမိုးဝင်း
ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာနေကြသောနိုင်ငံများကို လေ့လာသုံးသပ်ကြည့်လျှင် ၎င်းနိုင်ငံများသည် စိုက်ပျိုးရေးကဏ္ဍကို ကောင်းစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည့်အပြင် နိုင်ငံ၏ စက်မှုနိုင်ငံ ထူထောင်ရေးတွင်လည်း စိုက်ပျိုးရေးကဏ္ဍသည် အထောက်အပံ့ကောင်းတစ်ခုဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ စီးပွားရေးနှင့်အတွေးအခေါ် ပညာရှင်ဖြစ်ပြီး နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှု (The Wealth of Nations) စာအုပ်ကို ရေးသားခဲ့သူ အဒမ်(မ်)စမစ်(သ်) (Adam Smith) ဆိုသူသည် “စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားခြင်းနှင့် နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုတို့အကြား ထင်ရှားသော ဆက်နွှယ်မှုတစ်ခု” ရှိကြောင်းဖော်ပြခဲ့သည်။ လယ်ယာမြေတွင် စိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေခြင်းအားဖြင့် မိသားစုတစ်စု၏လုပ်အားသည် မိသားစုနှစ်စုအတွက် အစားအစာကို ထောက်ပံ့ပေးနိုင်သောအခါ လူ့အဖွဲ့ အစည်းတစ်ဝက်၏ လုပ်အားသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အစားအစာထောက်ပံ့ပေးရန် လုံလောက်ပါသည်။ ထို့ကြောင့် အခြားတစ်ဝက် သို့မဟုတ် လူ့အဖွဲ့အစည်းထဲမှအများစုသည် အခြားအရာများကို ထောက်ပံ့ရန် သို့မဟုတ် အခြားလိုအပ်ချက်များနှင့် လူသားတို့စိတ်ကူးယဉ်နေသောအရာများကို ကျေနပ်စေရန်အတွက် အလုပ်လုပ်နိုင်ပါသည်။
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးစား ကြသောနိုင်ငံတို့သည် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြပါ သည်။ လယ်ယာလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု စွမ်းအား မြင့်မားလာခြင်းသည် အခြားကဏ္ဍများ အတွက် အလုပ်သမားများကို ဖြန့်ဖြူးပေးပြီး လုံလောက်သော အစားအစာနှင့် စက်မှုကုန်ထုတ် လုပ်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။ စိုက်ပျိုးရေးတွင် အလုပ် သမားတို့၏ ကုန်ထုတ်လုပ်မှုနှုန်း ကြီးထွားမှုသည် စက်မှုနိုင်ငံများတွင် စီးပွားရေးဆိုင်ရာ အခြားကဏ္ဍ များထက် ပိုမိုများပြားပါသည်။ ၁၉၆၇-၁၉၆၈ ခုနှစ် မှ ၁၉၈၃-၁၉၈၄ ခုနှစ်အထိ စက်မှုနိုင်ငံ ၁၈ နိုင်ငံမှ ၁၇ နိုင်ငံကို အချက်အလက်ကောက်ယူခဲ့ရာ စိုက်ပျိုးရေး၏ နှစ်စဉ်ကြီးထွားမှုနှုန်းသည် ၄ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အခြားကဏ္ဍများသည် ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်နေပါသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုနှုန်းတိုးတက်မှုသည် ခေတ်သစ်လူ့အဖွဲ့ အစည်းတွင် အလုံးစုံသော စီးပွားရေးဆိုင်ရာ ကောင်းကျိုးချမ်းသာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။
ကမ္ဘာတစ်လွှားရှိ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းများ ကို လေ့လာကြည့်လျှင် “စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုလျှံ အောင် ထုတ်လုပ်နိုင်ခြင်းသည် စက်မှုလုပ်ငန်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လောင်စာကဲ့သို့ မရှိမဖြစ်လိုအပ်သော အရာတစ်ခု ဖြစ်သည်” ဟူ သောအချက်ကို ထင်ရှားစွာ တွေ့နိုင်ပါသည်။ ဥရောပအနောက်ပိုင်း၊ အမေရိကန်နှင့် ဂျပန်နိုင်ငံ၊ ၎င်းတို့နောက် တိုးတက်လာသည့် ထိုင်ဝမ်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ စက်မှု နိုင်ငံထူထောင်ရေးအစ အစောပိုင်းအဆင့်များတွင် အစားအစာစျေးနှုန်းများ လျှော့ချနိုင်ခြင်းသည် စက်မှုလုပ်ငန်းများတွင် အလုပ်သမားများ တိုးလာရန်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း သက်သေပြပြီး ဖြစ်ပါသည်။
ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားမှသာ နိုင်ငံတော်၏ စီးပွားရေးမြင့်မားလာမည် ဖြစ်သကဲ့ သို့ စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည် ဟူသောအချက်ကို ငြင်းဖွယ်မရှိပါ။ ရှေးယခင်အချိန် ကာလများကတည်းက ယဉ်ကျေးမှုအားလုံးတွင် အမှားကင်းသော စိုက်ပျိုးရေးမူဝါဒပေါ်လစီများ၏အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြသည်။ ဘီစီ ၆ ရာစုတွင် တရုတ်နိုင်ငံမှ Lao Tze ဆိုသူသည် “ပြည်သူလူထုကို လွှမ်းမိုးရန်နှင့် ကောင်းကင်ဘုံကို အလုပ်အကျွေးပြုစုရန်အတွက် စိုက်ပျိုးရေးထက် ပိုမိုအရေးကြီးသောအရာ ဘာတစ်ခုမှမရှိပါ” ဟူ၍ ရေးသားခဲ့ဖူးပါသည်။
နိုင်ငံ့စီးပွား မြှင့်တင်ရေး
မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိ၍ ထိုသို့ဆောင်ရွက်ရာတွင် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲမြှင့်တင် နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိ ရပါသည်။
လယ်ယာစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် စိုက်ပျိုးရာသီနှင့် ကိုက်ညီမှုရှိသည့် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး၊ နိုင်ငံ၏ အဓိကပြည်ပပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံရေးအတွက် နေကြာ တိုးချဲ့စိုက်ပျိုးရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား
လယ်ယာစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုး ရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား ကြရာတွင် တစ်ဧကအထွက်နှုန်းနှင့် တောင်သူ လယ်သမားတစ်ဦးချင်းစီ၏ ထုတ်လုပ်နိုင်မှု စွမ်းအားကို တိုးတက်အောင်ကြိုးစားကြပါသည်။ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန် စဉ်းစားရာတွင် ထုတ်လုပ်မှုစွမ်းအားသုံးမျိုးကို ဦးစွာ စဉ်းစားသင့်ပါသည်။ ၎င်းတို့မှာ လုပ်သားတစ်ဦး ချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား (Labor Pro-ductivity)၊ မြေယာ၏ထုတ်လုပ်မှုစွမ်းအား (Land Productivity) နှင့် စုစုပေါင်းထုတ်လုပ်မှုစွမ်းအား(Total Productivity) တို့ ဖြစ်သည်။
လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား ကို ကြည့်လျှင် မြန်မာက ဒေါ်လာ ၃၀၀ ဝန်းကျင်၊ မလေးရှားက ဒေါ်လာ ၁၁၃၇၀ နှင့် အာဆီယံနိုင်ငံများ မှ ၁၃၂၈ ဒေါ်လာအထိ လုပ်သားတစ်ဦးချင်းစီမှ ထုတ်လုပ်နိုင်ပါသည်။ မြေယာ၏ထုတ်လုပ်မှု စွမ်းအားကို နှိုင်းယှဉ်ကြည့်လျှင် တစ်ဟက်တာမှာ မြန်မာက ၄၅၁ ဒေါ်လာ၊ မလေးရှားက ၂၃၆၉ ဒေါ်လာ၊ ဗီယက်နမ်က ၁၉၇၈ ဒေါ်လာ၊ ထိုင်းက ၁၅၂၇ ဒေါ်လာ၊ လာအိုက ၈၂၂ ဒေါ်လာ၊ ကမ္ဘော ဒီးယားက ၆၂၇ ဒေါ်လာနှင့် အာဆီယံနိုင်ငံများ၏ ပျမ်းမျှမှာ ၁၄၉၂ ဒေါ်လာ ထုတ်လုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ကျွန်တော်တို့ နိုင်ငံတွင် လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှု စွမ်းအားနှင့် မြေယာ၏ ထုတ်လုပ်မှုစွမ်းအားတို့ကို တိုးတက်လာစေရန် ကြိုးစားဖို့ အလွန်လိုအပ်ပါ သည်။ အခြားကဏ္ဍများထက် ဤကဏ္ဍနှစ်ခုကို ကောင်းစွာတိုးတက်အောင် ဆောင်ရွက်နိုင်လျှင် စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးသည်လည်း မြင့်မားလာပါမည်။
လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်အတွက် စက်မှုလယ်ယာ စနစ်ကို ဖော်ဆောင်ရပါမည်။ စိုက်ပျိုးရေးတွင် မြေယာပြုပြင်ခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ရိတ်သိမ်းခြင်း စသည့်ကဏ္ဍများအလိုက် လုပ်သားများအစား စက်ကိရိယာပစ္စည်းများ အသုံးပြုနိုင်အောင် ကြိုးစားဆောင်ရွက်ကြရမည်။ စက်ကိရိယာများ ကြိုးစားတီထွင်ထုတ်လုပ်ရန် လိုအပ်သလို တောင်သူ များ စျေးနှုန်းသက်သက်သာသာဖြင့် အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ် ပါသည်။ ထို့ကြောင့် စက်မှုလယ်ယာ ကူးပြောင်းရေး အတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်များနှင့်လုံလောက်သောငွေကြေးများ လိုအပ်ပါသည်။
မြေယာ၏ ထုတ်လုပ်မှုစွမ်းအားကို တိုးတက် လာစေရန်အတွက် အသုံးပြုကြသည့် နည်းလမ်း မှာ မြေယာတိုးချဲ့ခြင်းပင်ဖြစ်သည်။ တစ်နည်းအား ဖြင့် စိုက်ပျိုးဧရိယာ တိုးချဲ့ခြင်းဖြစ်ပါသည်။ သို့သော် မြေယာတိုးချဲ့ခြင်းသည် တစ်ဧက၏ ထုတ်လုပ်မှု စွမ်းအားကို တိုးချဲ့ခြင်းမဟုတ်ပါ။ မြေယာတစ်ဧက မှ ထုတ်လုပ်မှုစွမ်းအားတိုးတက်လာစေရန် အထွက် ကောင်းမျိုးများအသုံးပြုမှု၊ မြေသြဇာကို သင့်တော် စွာ အသုံးပြုမှု၊ ရေသွင်းစနစ်စီမံခန့်ခွဲမှု စသည့် လုပ်ငန်းများကို ကောင်းစွာစီမံခန့်ခွဲခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား နှင့် မြေယာ၏ထုတ်လုပ်မှုစွမ်းအားတို့ တိုးတက် လာလျှင် စုစုပေါင်းထုတ်လုပ်မှုသည်လည်း တိုးတက်လာပါသည်။ ထို့အပြင် စုစုပေါင်းထုတ်လုပ် မှု တိုးတက်ရန်အတွက် တစ်ဧကအတွင်း သီးနှံမျိုးစုံ စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်နိုင်ပါသည်။ တစ်ဧကမှာ စပါးတစ်သီးစိုက်ပျိုးလျှင် တစ်မျိုးပဲ ရပြီး စပါး-ပဲ နှစ်မျိုးစိုက်လျှင် နှစ်မျိုးရ၍ စပါး-ပဲ-စပါး သုံးသီးစိုက်ပျိုးလျှင် သုံးမျိုးရမည်။ သီးထပ် များများစိုက်နိုင်လေလေ တစ်ဧကမှ ထုတ်လုပ်မှု တိုးလာလေလေဖြစ်သည်။ အလားတူအရေအတွက် တိုးသကဲ့သို့ အရည်အသွေးလည်း တိုးလာအောင် ဆောင်ရွက်နိုင်သည်။ တစ်ဧကမှ ထုတ်လုပ်သည့် သီးနှံ၏အရည်အသွေးကို တိုးတက်အောင် ဆောင်ရွက်နိုင်လျှင်လည်း ရောင်းချသည့်အခါ ဝင်ငွေတိုးလာပြီး စုစုပေါင်းထုတ်လုပ်မှု တိုးတက် လာပါသည်။
စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး
တောင်သူဦးကြီးများအနေဖြင့် မိမိတို့စိုက်ပျိုး ကြသည့်သီးနှံတိုင်းတွင် လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်နိုင်ရေး၊ မြေယာ၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် စုစုပေါင်း ထုတ်လုပ်မှုစွမ်းအားမြင့်မားရေးတို့ကို အဓိက ထားပြီး အထူးဂရုစိုက် ဆောင်ရွက်သင့်ပါသည်။ သို့မှသာ မြေယာတစ်ဧကမှ စုစုပေါင်းထုတ်လုပ်မှု မြင့်မားပြီး ဝင်ငွေတိုးပွားကာ မိမိတို့၏လယ်ယာ စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။ တောင်သူ တစ်ဦးချင်းစီမှ မိမိတို့လယ်ယာစီးပွားရေးကို မြှင့်တင်နိုင်လျှင် နိုင်ငံတော်မှ ရည်မှန်းထားသော နိုင်ငံ့စီးပွားရေးသည်လည်း ဖြိုးတိုးတက်လာမည် ဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တောင်သူ လယ်သမားများ၏ လယ်ယာစီးပွားရေး မြင့်မား လာရေးသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေရာ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား မြင့်မားစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သီးနှံအလိုက် သတ်မှတ်ထားသည့် စိုက်ပျိုးဧကပြည့်မီရေး ဆောင်ရွက်ခြင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ခြင်း၊ စိုက်ပျိုးသီးနှံများအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီစေရေး ပညာပေးခြင်း၊ သီးနှံအလိုက်သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP) နှင့်အညီ စိုက်ပျိုးနိုင်ရေး လေ့ကျင့်သင်တန်းပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းဝင်တောင်သူဦးကြီးများအား မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ရုံးချုပ်စိုက်ပျိုးရေးပညာ ရှင်များက မြို့နယ်များတွင် နည်းပညာပေးဆွေးနွေး ပွဲများ ပြုလုပ်ပေးခြင်း စသည်တို့ဖြင့် တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာ စီးပွားရေးမြင့်မားလာရေးအတွက် ကူညီပေးလျက် ရှိပါသည်။
တောင်သူများအတွက် နည်းပညာပေးဆွေးနွေး ပွဲများတွင်လည်း ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အရည် အသွေးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်းနှင့် မျိုးကောင်းမျိုးသန့်များကို လဲလှယ်သုံးခြင်း၊ သင့်တော်သည့် မြေအမျိုးအစားနှင့် မြေသြဇာအသုံး ပြုမှုနှုန်းထားများကို ရှင်းလင်းသင်ကြားပေးခြင်း၊ သီးနှံများတွင် ကျရောက်တတ်သော အင်းဆက် ဖျက်ပိုးများ၊ ရောဂါများနှင့် ဘက်စုံသီးနှံကာကွယ်ရေး နည်းစနစ်များကို သင်ကြားပေးခြင်း၊ ပန်းတိုင် အထွက်နှုန်းရရှိရန် လုပ်ဆောင်ရမည့် စိုက်ပျိုးရေး နည်းစနစ်များ၊ သီးနှံပုံစံများအတိုင်း တစ်နှစ်လျှင် နှစ်သီးထပ်၊ သုံးသီးထပ်စိုက်ပျိုးနည်းများ စသည် တို့ကို တောင်သူများအား စာတွေ့သင်ကြား ပေးခြင်းနှင့်အတူ လက်တွေ့စိုက်ကွင်းထဲ၌သင်ကြားပြသခြင်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါသည်။
စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးဆောင်ရွက် ရာတွင် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးမှု၊ စိုက်ပျိုးရေး ဦးစီးဌာနမှ နည်းပညာ၊ အသိပညာများ ဖြန့်ဝေပေးမှု တို့သည် အရေးကြီးသကဲ့သို့ လက်တွေ့စိုက်ပျိုးရေး ကို ဆောင်ရွက်နေကြသော တောင်သူဦးကြီးများ သည်လည်း နည်းလမ်းမှန်ကန်စွာဖြင့် စိုက်ပျိုးရေး သည်လည်း အလွန်အရေးကြီးပါသည်။ ထို့အတူ ထွက်ရှိလာသော စိုက်ပျိုးသီးနှံထုတ်ကုန်များကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးသည် အလွန်အရေးကြီးသောနေရာမှ ပါဝင်နေပါသည်။ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးစေ့မြေ မကျခင် မြေပြုပြင်သည့်အချိန်မှစတင်၍ သီးနှံ ရိတ်သိမ်းသည်အထိ ကာလတစ်လျှောက်လုံး တောင်သူလယ်သမားဦးကြီးများသည် နဖူး ကချွေး ခြေမထိကျအောင် ကြိုးစားစိုက်ပျိုး ထုတ်လုပ်ကြသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး ပညာရှင်များသည်လည်း နေပူမရှောင် မိုးရွာမရှောင် တောင်သူလယ်သမားဦးကြီးများအတွက် စိုက်ပျိုး ရေးနည်းပညာ၊ အသိပညာများကို သင်တန်းပေး ခြင်း၊ ဟောပြောပွဲများပြုလုပ်ပေးခြင်း၊ စာအုပ်၊ စာစောင်များ ဖြန့်ဝေခြင်း စသည့် နည်းလမ်းမျိုးစုံ ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် စိုက်ပျိုးသူ တောင်သူလယ်သမား ဦးကြီးများနှင့် စိုက်ပျိုးရေးပညာရှင်များ ပူးပေါင်း ဆောင်ရွက်အားထုတ်မှုများကြောင့် စိုက်ပျိုး ထုတ်လုပ်မှု စွမ်းအားမြင့်မားလာပြီး နိုင်ငံ့စီးပွားရေး သည်လည်း မြင့်မားလာမည်ဟု ယုံကြည်မိပါ သည်။ ။
- Log in to post comments