
တာချီလိတ် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အာခါ တိုင်းရင်းသားတို့၏ (၁၆)ကြိမ် မြောက် အာခါတိုင်းရင်းသားများ စုပေါင်း ခါးထောင်းဖားပွဲတော်ကို ဒီဇင်ဘာ ၁၀ ရက်က တာချီလိတ် မြို့ ပါလျှံ ၁ ရပ်ကွက် တာဟွာ ခန်းမ၌ ကျင်းပသည်။
ဦးစွာ နယ်မြေခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက အာခါ တိုင်းရင်းသားများသည် အာခါ “ဇန်း” ခေါ် ယုံကြည် ကိုးကွယ်မှု ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ အပြင် ထူးခြားသည့် ဝတ်စား ဆင်ယင်မှုကိုလည်း ယနေ့တိုင် ဖော်ထုတ် ထိန်းသိမ်းလျက်ရှိ ကြောင်း၊ ဘိုးဘေးတို့အား အောက်မေ့ဂုဏ်ပြုသော ကောင်း သောအကျင့်နှင့်အတူ ပွဲတော် များကို ကျင်းပခြင်းဖြင့် ထိန်းသိမ်း လာခဲ့ကြောင်း၊ ခါးထောင်းဖားပွဲတော်ကို စဉ်ဆက် မပြတ် ကျင်းပခြင်းဖြင့် မိမိ၏ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ဆောင်နိုင်ကြပါစေကြောင်း အမှာစကားပြောကြားပြီး အာခါ တိုင်းရင်းသား အကြီးအကဲ ဦးမင်းညိုက အာခါရိုးရာ စုပေါင်း ခါးထောင်းဖား ပွဲတော် ပြုလုပ် ခြင်းနှင့် ပတ်သက်၍ သမိုင်း ကြောင်းကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ အာခါတိုင်းရင်း သားများ စုပေါင်းခါးထောင်းဖား ပွဲတော်အတွက် အလှူငွေများ ပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးချစ်ကြွေ၊ အဖွဲ့ဝင် ဦးအားမဲနှင့် တာဝန်ရှိသူ တို့က လက်ခံရယူပြီး အမှတ်တရ လက်ဆောင်များ ပြန်လည် ပေးအပ်သည်။ ယင်းနောက် အာခါတိုင်းရင်းသား မောင်မယ် များက ရိုးရာအကနှင့် တေးသံသာ များဖြင့် သီဆိုဖျော်ဖြေတင်ဆက် မှုများကို ကြည့်ရှုအားပေးကြ သည်။
အာခါတိုင်းရင်းသားတို့သည် ခါးထောင်းဖားပွဲတော်ကို ရှေးပဝေ သဏီကတည်းက မိသားစု အလိုက်၊ ရပ်ရွာအလိုက်နှင့် ဒေသ အလိုက်သာ ကျင်းပခဲ့ကြပြီး ယခုအခါ အာခါတိုင်းရင်းသား ညီအကိုများ၏ စည်းလုံးညီညွတ် ခြင်းကို အခြေခံကာ အာခါ တိုင်းရင်းသားများ စုပေါင်း ခါးထောင်းဖားပွဲတော် အဖြစ် ကျင်းပလာခဲ့သည်မှာ (၁၆)ကြိမ် မြောက် ရှိပြီဖြစ်ကြောင်း သိရ သည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)