တီမောလက်စ်တေနိုင်ငံသမ္မတ၏ ပြောဆိုချက်များမှာ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာကို ဖောက်ဖျက်ရာကျပြီး NUG အငှား သဘောမျိုးဖြစ်သောကြောင့် သမ္မတဈေးကျဟု ဝါရင့်နိုင်ငံရေးသမားကြီးက ပြော

 

ရန်ကုန်   ဒီဇင်ဘာ   ၁၂


တီမောလက်စ်တေနိုင်ငံသမ္မတ၏ ပြောဆိုချက်များမှာ သူတစ်ပါး နိုင်ငံ၏   ပြည်တွင်းရေးနှင့်အချုပ်အခြာအာဏာကို  ဖောက်ဖျက်ရာ ကျပြီး NUG အငှားသဘောမျိုး ဖြစ်သောကြောင့်  သမ္မတဈေးကျဟု  ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်သူ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်  (PNLO)၏  ဦးဆောင်နာယက  ဗိုလ်မှူးကြီး ခွန်ဥက္ကာက GNLM ကို ပြောသည်။


မြန်မာ့တပ်မတော်သားများအနေဖြင့် တပ်မတော်လက်အောက် က  ထွက်ခွာကြရန်  တီမောလက်စ်တေနိုင်ငံသမ္မတ  ဟိုဆေးရာမို့စ် ဟော်တာက  ဗီဒီယိုမိန့်ခွန်းဖြင့်  တိုက်တွန်းခြင်းအပေါ်  ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုပြောဆိုလိုက်ခြင်းဖြစ်သည်။ “အစိုးရ အချင်းချင်း ဆက်ဆံရေးကို ဖောက်ဖျက်ရာကျတာပေါ့၊  သူတစ်ပါး နိုင်ငံရဲ့  ပြည်တွင်းရေးနဲ့  အချုပ်အခြာအာဏာကို  ဖောက်ဖျက်ရာ ကျတာပေါ့။ အကယ်၍ ရိုးရိုးအရပ်သားတစ်ယောက်၊   နိုင်ငံရေးအာဏာ မရှိဘူး၊ သမ္မတလည်း မဟုတ်ဘူး၊ ဝန်ကြီးချုပ်လည်းမဟုတ်ဘူး၊    အလွတ်သဘောမျိုး  ပြောကြတယ်ဆိုရင်တော့  တစ်မျိုးပေါ့လေ။

 အခုက    သူကတာဝန်ရှိတဲ့အစိုးရလည်းဖြစ်တယ်၊     သမ္မတလည်း ဖြစ်တယ်။ နိုင်ငံအချင်းချင်း စောင့်ထိန်းရမယ့်ဟာကိုတော့   နားလည် ရမှာပေါ့။   ပြောတာတော့ နည်းနည်းများသွားတယ်လေ။  ဒါကြောင့် သူဒီလို လုပ်ပုံလုပ်နည်းက အနည်းဆုံးသူပြောရမှာက  အာဆီယံမူလောက်ကို  ထောက်ခံတယ်။ အာဆီယံ မူလောက်ကို လိုက်လုပ်ပေးဖို့ လိုတယ်လောက် တိုက်တွန်း ရင်တော်သေးတယ်လေ။  အခုကတော့  ရဲဘော်တွေအားလုံး လက်နက် ချကြ၊   ဘာလုပ်ကြဆိုတော့   သူက  NUG အစိုးရအဖွဲ့ဝင် တစ်ယောက် လို ပြောသလို ဖြစ်နေတယ်။ သူ့ကိုယ်သူ ဈေးချသလိုဖြစ်တယ်။ NUG အငှားဘက်က ပြောသလို ဖြစ်သွားတော့ သူ့ခမျာလည်း နိုင်ငံအကြီး အကဲ   သိက္ခာကျတာပေါ့။     ဘယ်ဘက်ရှုထောင့်ကပဲ ကြည့်ကြည့်  မဖြစ်သင့်တဲ့ဟာပါ ” ဟု  ၎င်းက ပြောသည်။   ပြည်ပြေးလွှတ်တော် ကိုယ်စားလှယ်များဖြင့်   ဖွဲ့စည်းထားသော   NUG   ကို နိုင်ငံ​တော်စီမံ အုပ်ချုပ်​ရေး​ကောင်စီက     အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။


သို့သော်လည်း  တီမောလက်စ်​တေနိုင်ငံအစိုးရအနေဖြင့် NUG နှင့်တွေ့ဆုံခဲ့သောကြောင့် တီမောလက်စ်​တေနိုင်ငံ၏ တာဝန်မဲ့လုပ်ရပ် ဖြစ်သောကြောင့်  မြန်မာနိုင်ငံရှိ တီမောလက်စ်​တေသံရုံးတာဝန်ခံကို မြန်မာနိုင်ငံအတွင်းက ထွက်ခွာသွားရန် ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်​ နေ့က   အစိုးရက  စက်တင်ဘာလ ၁  ရက်ထက်   နောက်မကျစေဘဲ မြန်မာနိုင်ငံကထွက်ခွာသွားရန်အမိန့်ထုတ်ခဲ့သည်။  မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း တီမောလက်စ်​တေနိုင်ငံသည် မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်ရန် အကြမ်းဖက် အုပ်စုကို တိုက်တွန်းအားပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


“သူက   အလံဖြူထောင်ဖို့  သဘောမျိုးသက်ရောက်တဲ့ စကားကို အခုလို    ပြောဆိုတာဟာ    တကယ့်အကြမ်းဖက်အစစ်ဖြစ်သွားပြီ။ တကယ်လို့သာ အာဆီယံမှာ သူလေ့လာသူအဖြစ် တက်ခဲ့တယ်ဆိုရင် သူ့ကို   ကန့်ကွက်လို့ရတယ်။   အခုလို     ပြောဆိုလိုက်တာကြောင့် အာဆီယံမှာ   မှတ်တမ်းဝင်ဖြစ်သွားပြီ။ သမိုင်းမှာ အကြမ်းဖက်ဆိုတာ မှတ်တမ်းဝင်သွားပြီ။    တီမောဆိုတာ    ပထဝီအနေအထားအရ မြန်မာနိုင်ငံနဲ့   ဆက်စပ်မှု  မရှိတဲ့နိုင်ငံပါ။    နိုင်ငံသေးသေးလေးပါ။ တကယ့်ကို မြေမျက်နှာပြင်  မဆက်စပ်တဲ့၊ ဘာသာအယူအဆလည်း မတူတဲ့ နိုင်ငံပါ၊ အာဆီယံနိုင်ငံတွေထဲမှာ   အဖွဲ့ဝင်နိုင်ငံတောင်  မဖြစ် သေးဘူး။  ဒါက အားလုံးဝိုင်းပြီး ကန့်ကွက်သင့်တယ်” ဟု  လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူတစ်ဦးက ပြောသည်။ တီမောလက်စ်​တေ နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏  အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် မျှော်လင့်​နေသောနိုင်ငံဖြစ်သည်။


   By Myo Khine