
ညိမ်းသူ (သတင်းစဉ်)
ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များအား စင်ကာပူနိုင်ငံ စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသည့် နိုင်ငံတကာအဆင့် မီးသတ်စွမ်းရည်ပြိုင်ပွဲများပါဝင်သည့် Global Firefighters and Paramedics Challenge 2023 တွင် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော First Responders Safety & Performance Symposium (FRSPS) နှင့် SCDF Parade & Home Team Festival (HTF) အခမ်းအနားများသို့ တက်ရောက်ရန်ဖိတ်ကြားခဲ့ရာ မြန်မာနိုင်ငံမှ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်ငါးဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲနှင့် အခမ်းအနားများသို့ နိုင်ငံ ပေါင်း ၁၇ နိုင်ငံတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အပါ အဝင် အိမ်ရှင်စင်ကာပူနိုင်ငံနှင့်အတူ အင်္ဂလန်၊ ဩစတြေးလျ၊ တရုတ်-ဟောင်ကောင်၊ လူဇင်ဘတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ အီကွေဒေါ စသည့်နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အဖွဲ့ပေါင်း ၁၆ ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက် နေ့မှစ၍ ကျင်းပရာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ မီးသတ် တပ်ဖွဲ့ဝင် ၂၈ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ အချို့သောနိုင်ငံများက နိုင်ငံ တစ်နိုင်ငံတည်းဆိုသော်လည်း အသင်းအဖွဲ့များစွာ တက်ရောက်၍ အဖွဲ့များများ ဝင်ရောက်ယှဉ်ပြိုင်ကြ သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များရရှိရန် အခွင့်အရေးများစွာရှိနေခဲ့သည်။
နိုင်ငံတကာနှင့်
ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်ခဲ့
မြန်မာနိုင်ငံက နိုင်ငံတကာအဆင့် မီးသတ် ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး လူဦးရေအနည်းငယ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ရာ စဉ်ဆက်မပြတ် လေ့ကျင့်မှု၏ စွမ်းဆောင်မှုအဖြစ် နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရင်ပေါင်တန်းယှဉ်ပြိုင် နိုင်ခဲ့သည်မှာ ဂုဏ်ယူအားရဖွယ်ပင်ဖြစ်သည်။
Braveheart (Individual) မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲ တွင် နိုင်ငံတကာမှပြိုင်ပွဲဝင် ၂၈ ဦးက နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာ၊ ဩစတြေးလျ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ စံချိန်အကောင်း ဆုံး မီးသတ်တပ်ဖွဲ့ဝင်လေးဦး ဆန်ခါတင် ကျန်ရှိခဲ့ သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုကို ရွေးချယ်မည်ဖြစ်ပြီး Braveheart (Individual) မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေး တစ်ဦးချင်းစွမ်းရည် နောက်ဆုံးယှဉ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မီးသတ် တပ်ကြပ်ကြီးထွန်းနေဝင်းက ဒုတိယဆုစံချိန်နှင့် ၇ စက္ကန့်ကွာ၍ ၅ မိနစ် ၅၄ စက္ကန့်ဖြင့် တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူနိုင်ငံက ပထမဆုနှင့် မလေးရှား နိုင်ငံက ဒုတိယဆုတို့အသီးသီး ရရှိသွားခဲ့ကြသည်။
အလားတူ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၁၂ ဦးစီဖြင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့ ဝင်များ စုပေါင်းဖွဲ့စည်းထားသော Alpha ၊ Bravo၊ Charlie နှင့် Delta စသည်ဖြင့် အုပ်စုလေးစုခွဲ၍ အဖွဲ့လိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲကို အပြိုင် အဆိုင်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင်၊ လက်ထောက်မီးသတ်ဦးစီးမှူး ကျော်နိုင်ထွန်းနှင့် မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းတို့ ပါဝင်သော အဖွဲ့က “Charlie Group”တွင် ပါဝင်ခဲ့သည်။
နိုင်ငံတကာမီးသတ်တပ်ဖွဲ့နှင့် လက်တွဲညီညီ ယှဉ်ပြိုင်ခဲ့မှုဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် သုံးဦးပါဝင်သော “Charlie Group” က ပထမ ချန်ပီယံဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ခဲ့ကြသည်။ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲနှင့် နိုင်ငံ ပေါင်းစုံအသက်ကယ် စွမ်းရည်ပြိုင်ပွဲကို စင်ကာပူ မြို့ပြကာကွယ်ရေးတပ်ဖွဲ့က Live လွှင့်၍ ကမ္ဘာသို့ ထုတ်လွှင့်ပြသခဲ့ရာ နိုင်ငံတကာမှ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
နိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်
ထိုသို့ နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲမှ နိုင်ငံ ဂုဏ်ဆောင်ဆုတံဆိပ်များရရှိမှုအပေါ် ဝမ်းသာပီတိ ရင်တွင်းစကားသံများကို ဖော်ပြရလျှင် မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက “မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်အနေနဲ့ နိုင်ငံပေါင်းစုံ အဖွဲ့လိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲ ပထမချန်ပီယံဆု၊ တစ်ဦးချင်း စွမ်းဆောင်ရည် တတိယဆုတွေကို ရရှိခဲ့ခြင်းဟာ နိုင်ငံတော်အတွက် သာမက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဂုဏ်ကို မြှင့်တင် ပေးနိုင်ခဲ့သလို မီးသတ်ဦးစီးဌာနရဲ့ သမိုင်းမှတ်တိုင် သစ်များကိုပါ ရေးထိုးနိုင်ခဲ့တာဖြစ်လို့ အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့အနေနဲ့ နိုင်ငံတကာအဆင့် ဝင်ရောက် ယှဉ်ပြိုင်မှုကလည်း ပထမဆုံးအကြိမ်ဖြစ်သလို ဆုရရှိမှုကလည်း ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ နိုင်ငံအတွင်း တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မီးသတ်တပ်ဖွဲ့တွေကို နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ တွေရဲ့ ခေတ်မီမီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ် ရေးနည်းပညာ၊ နည်းစနစ်တွေ ဖြန့်ဝေလေ့ကျင့် သွားနိုင်ရေး စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း နိုင်ငံတကာမှာ ပြုလုပ်ကျင်းပမယ့် မီးသတ်စွမ်းရည်၊ ရှာဖွေ ကယ်ဆယ်ရေးစွမ်းရည် ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတဲ့အပြင် နိုင်ငံအတွင်း မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားလာပါကလည်း ကူညီကယ်ဆယ်မှုတွေကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြား ပါသည်။
အကောင်းဆုံးစံချိန်ဝင်သူများကို စိစစ်ရွေးချယ်
အလားတူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ‘‘မီးသတ်တပ်ဖွဲ့ ရဲ့အဓိကတာဝန်က မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကဆောင်ရွက် ရတာဖြစ်ပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေကိုစုစည်းပြီး စိစစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာပါဝင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်အများစုဟာ ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းမှာ ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လလယ်မှာ ရန်ကုန်ကို ပြန်လည် ရောက်ရှိခဲ့တာပါ။ ပြန်ရောက်ချိန်မှာ စင်ကာပူနိုင်ငံ ရဲ့ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံ တကာမီးသတ်တပ်ဖွဲ့တွေ ဖိတ်ခေါ် ပြိုင်ပွဲရှိတယ် ဆိုတာ သိရတဲ့အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့မှာ မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ရှာဖွေကယ်ဆယ် ရေး အထူးတပ်ဖွဲ့ဝင်တွေအပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၄၆ ဦးကို ပဏာမယှဉ်ပြိုင်စေခဲ့ပြီး အကောင်းဆုံး စံချိန်ဝင်တဲ့ ၁၂ ဦးကို ရွေးချယ်ခဲ့ပါတယ်။ အချိန်တို အတွင်း ပြင်ဆင်ရတာဖြစ်တဲ့အတွက် အောက်တို ဘာလမှာ အပြီးသတ်ထပ်မံရွေးချယ်ပြီးတော့ သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အခု စင်ကာပူကပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတဲ့ပုံစံက မီးသတ်သမားတွေ နေ့စဉ်လေ့ကျင့်ရတဲ့ လုပ်ငန်းစဉ် လည်း ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့ လာတဲ့အခါမှာ အမြန်ဆုံး မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေးကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်တဲ့ သက်လုံလေ့ကျင့်မှုကို ပြိုင်ပွဲပုံစံမျိုးဖြစ်အောင်ဆောင်ရွက်တာဖြစ်တဲ့အတွက် စံချိန်ရရှိအောင် လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲက ရှာဖွေကယ်ဆယ်ရေး နည်းစနစ်တွေကို ကျွမ်းကျင်သူနဲ့ စိတ်ဓာတ် စည်းကမ်းပိုင်း ကောင်းမွန်သူတွေကို စိစစ်ရွေးချယ် ခဲ့ပါတယ်” ဟု ဆိုပါသည်။
ပြိုင်ပွဲနှစ်မျိုးလုံးမှာ
ဆုတံဆိပ်ဆွတ်ခူးရရှိ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်း မြတ်နောင်ကလည်း “မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနေနဲ့ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး ကျွန်တော် အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ ငါးဦး သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။ တစ်ဦးချင်း စွမ်းရည် ပြိုင်ပွဲမှာ မြန်မာနိုင်ငံက နှစ်ဦးအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက မီးသတ်တပ်ဖွဲ့ဝင် ၂၈ ဦး ယှဉ်ပြိုင်ရာမှာ အရည်အချင်းဆန်းစစ်ခြင်းအနေနဲ့ ၁၆ ဦးကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီပဏာမရွေးချယ်ပွဲမှာ မြန်မာနိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး ရွေးချယ်ခံရပါ တယ်။ ၁၆ ဦးကနေ ဆန်ခါတင်လေးဦးကို ရွေးချယ် ရာမှာလည်း မြန်မာနိုင်ငံက မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းက ဒုတိယစံချိန် အကောင်းဆုံးအနေ အထားတစ်ခုနဲ့ တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် လေးဦးပြိုင်ပွဲမှာတော့ အိမ်ရှင် စင်ကာပူ၊ ဩစတြေးလျနဲ့ မလေးရှားနိုင်ငံတို့က ယခင်ဆုရရှိဖူးတဲ့ နိုင်ငံများဖြစ်ပြီး အတွေ့အကြုံ များတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်တဲ့ မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းက စံချိန် ၅ မိနစ် ၅၄ စက္ကန့်နဲ့ တတိယ ဆုကို ရရှိခဲ့တာပါ။ ဒုတိယဆုနဲ့ဆိုရင် ၇ စက္ကန့်ပဲ ကွာပါတယ်။ အတွေ့အကြုံရှိတဲ့နိုင်ငံတွေနဲ့ ယှဉ်ပြိုင် ခဲ့ရာမှာ ယခုလို ဆုတံဆိပ်ရရှိခဲ့တာဟာ နိုင်ငံအတွက် လည်း ဂုဏ်ယူဝမ်းမြောက်စရာပါ။
နောက်ထပ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ဝင်တွေစုပေါင်းထားတဲ့ အဖွဲ့လိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲမှာဆိုရင် ကျွန်တော် အပါအဝင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်သုံးဦး ဟာ Charlie Group မှာ ပါဝင်ယှဉ်ပြိုင်ရပါတယ်။ နိုင်ငံတွေစုပေါင်းပြီး အုပ်စုလေးစု ယှဉ်ပြိုင်ရတာပါ။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျွမ်းကျင်လျင်မြန် ဖြတ်လတ်မှုအပေါ်မူတည်ပြီး ယှဉ်ပြိုင်ရာမှာ ကျွန်တော်တို့အသင်းက ပထမချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲဟာ မလွယ်ကူသလို နိုင်ငံတကာမီးသတ်တပ်ဖွဲ့ အသက် ကယ်စွမ်းရည်ပြိုင်ပွဲဟာလည်း တော်တော်ခက်ခဲ ပါတယ်။ စုစုပေါင်း အဆင့်ရှစ်ဆင့်နဲ့ ပြိုင်ရတာပါ။ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးလုံးမှာ ဆုတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့တဲ့အတွက် အထူးဝမ်းမြောက် ဂုဏ်ယူ ပြီး အတိုင်းမသိ ဝမ်းသာရပါတယ်”ဟု ပြောကြား သည်။
နိုင်ငံတကာပြိုင်ပွဲတွေအတွက်
ပိုမိုပြင်ဆင်
လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ထွန်း က “ ကျွန်တော်တို့ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ဝင် တွေနဲ့ယှဉ်ပြိုင်ရတဲ့အခါမှာ အတွေ့အကြုံကောင်း များစွာ ရရှိခဲ့ပါတယ်။ လာရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံတကာမီးသတ်တပ်ဖွဲ့များအလိုက် နည်းပညာ ပိုင်းဆိုင်ရာ၊ စက်မှုပိုင်းဆိုင်ရာနဲ့ စွမ်းရည်ပိုင်းဆိုင်ရာ တွေမှာ အားသာချက်၊ အားနည်းချက်တွေကို သတိ ပြုမိခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံကြီးတွေနဲ့ ယှဉ်ပြိုင်ပြီး ဆုတံဆိပ်ရရှိမှုအပေါ် ဖော်မပြနိုင် အောင် ဝမ်းမြောက်ဂုဏ်ယူ ဖြစ်ရပါတယ်။ ဆက်လက်ပြီး နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွေ အတွက်လည်း စိတ်ဓာတ်တက်ကြွနေပါတယ်။ ယခုထက်ပိုမိုပြင်ဆင်ပြီး လေ့ကျင့်ဆောင်ရွက်ဖို့ လည်း အာရုံ စိုက်ထားပါတယ်” ဟု ပြောသည်။
မီးသတ်တပ်ကြပ်ကြီး ဦးထွန်းနေဝင်းက “ပြည်ပနိုင်ငံမှာ အခုလို မြန်မာနိုင်ငံက မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို ပြသခွင့်ရတာ ဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အာဆီယံနိုင်ငံတွေသာမက အခြားနိုင်ငံကြီးတွေက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အကြိတ်အနယ် ယှဉ်ပြိုင် ရတာဟာ ရင်ခုန်စိတ်လှုပ်ရှားရသလို ဝမ်းသာ ကြည်နူးလည်း ဖြစ်ရပါတယ်။ နိုင်ငံပေါင်းစုံ တစ်ဦး ချင်းစွမ်းရည်ပြိုင်ပွဲမှာ ဩစတြေးလျ၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ကျွန်တော် တို့နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်စဉ် ကတည်းက ဆုတစ်ဆုကို ရည်မှန်းပြီး ရကိုရရမယ်လို့ ဌာနအကြီးအကဲရဲ့လမ်းညွှန်မှုကို ရင်ထဲမှာ သန္နိဋ္ဌာန် ချမှတ်ပြီး သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။ အခုလို နိုင်ငံဂုဏ်ဆောင်ဆုကို စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဆက်လက်ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာလည်း ဆုရရှိအောင် ကြိုးစားလေ့ကျင့်သွားမှာပါ” ဟု ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်ထွန်းက “ ကျွန်တော် တို့ မြန်မာနိုင်ငံက မီးသတ်တပ်ဖွဲ့ဝင်တွေ စင်ကာပူ နိုင်ငံက မီးသတ်စွမ်းရည်ပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင် ဆုကိုရရှိခဲ့တယ်လို့ သတင်းကြားလို့ သင်္ဃန်းကျွန်း မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ကိုယ်စားလာရောက် ဂုဏ်ပြုချီးမြှင့်တာပါ။ မီးဘေးလုံခြုံရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေအားလုံးမှာ သန္ဓေ မီးသတ်တပ်ဖွဲ့တွေနဲ့အတူ အရန်မီးသတ်တပ်ဖွဲ့တွေ က စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပါဝင်ပြီး မီးသတ်သမားဆိုတဲ့ အမည်နာမအောက်မှာ ဆောင်ရွက်နေတာဖြစ်လို့ အခုလို နိုင်ငံတော်နဲ့ မီးသတ်တပ်ဖွဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ရတဲ့ နိုင်ငံ့ ဂုဏ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို လေးစားဂုဏ်ယူပါတယ်။ ဆက်လက်ပြီး အရန် မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ နိုင်ငံတော် အကြီး အကဲများရဲ့ လမ်းညွှန်မှာကြားချက်နဲ့ အညီ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု ပြောကြား ခဲ့ပါကြောင်း။ ။