
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်၊ ဓာတ်ပုံ - ပြည့်စုံ
ခရီးသွားရာသီဖြစ်သည့် ဒီဇင်ဘာလတွင် စက်သုံးဆီ ပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်း များကြောင့် အများပြည်သူစိုးရိမ်ပူပန်မှုမြင့်တက် ကာ စက်သုံးဆီဝယ်ယူမှု ပိုမိုများပြားခဲ့သည်။ လိုသည်ထက်ပို၍ ဝယ်လိုအား များပြားခဲ့ခြင်း ကြောင့် တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ရသည့် အခြေ အနေများဖြစ်ပေါ်ခဲ့ရသည်။
လက်ရှိဆောင်ရွက်နေသည့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးမှုအခြေအနေနှင့် ပတ်သက်၍ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော် နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်း ဒေသကြီး၊ ပြည်နယ်အချို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီဝယ်ယူဖို့ တန်းစီ စောင့်ဆိုင်းဝယ်ယူနေရပါတယ်။ ဒီလိုအခြေအနေ တွေဖြစ်ပေါ်ရတဲ့အကြောင်းရင်းကို သိရှိလိုပါတယ်။
ဖြေ ။ ။ အခုလတ်တလောမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီး/
ပြည်နယ်အချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် တွေမှာ တန်းစီဝယ်ယူနေတာတွေ အများကြီး ဖြစ်ပေါ်နေပါတယ်။ မကြာမီစက်သုံးဆီပြတ်လပ် တော့မယ်၊ ဈေးတွေလည်း တက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ လတ်တလော လူမှု ကွန်ရက်က မဟုတ်မမှန်သတင်းတွေကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ပြီး ပုံမှန်သုံးစွဲမှုပမာဏထက် ကျော်လွန်ဝယ်ယူနေတာ တွေကြောင့်ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။
သုံးစွဲသူတချို့ကလည်း ကိုယ်ချင်းစာနာစိတ် မရှိဘဲ အခေါက်ခေါက်ထုတ်ယူသိုလှောင်ပြီး တစ်ဆင့်ပြန်လည် အမြတ်တင်ရောင်းချ နေတာမျိုး တွေလည်းရှိတယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် CNG Taxi တွေကလည်း စက်သုံးဆီကို မလိုအပ် ဘဲ အခြားနည်းအသုံးပြုဖို့ ဝယ်ယူနေကြတယ်လို့ ကြားသိရတဲ့အတွက် CNG Taxi တွေကို စက်သုံးဆီ လုံးဝမရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဓိကမြို့ကြီးတွေရဲ့ အရောင်းဆိုင်အချို့မှာ ယာဉ်တွေ တန်းစီဝယ်ယူမှု များပြားနေရတဲ့ နောက်ထပ်အကြောင်းရင်းကို ဆန်းစစ်ကြည့်တဲ့ အခါ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ သွားလာရာ လမ်းကြောင်းအရလည်းကောင်း၊ လိုအပ်တဲ့အချိန် နဲ့ ပမာဏအရလည်းကောင်း နီးစပ်ရာလမ်းကြောင်း သင့်တဲ့ဆိုင်တွေ၊ Brand, Incentive, Service ကောင်းတဲ့ ဆိုင်တွေမှာပဲ အဓိကတန်းစီ ဝယ်ယူလို ကြတာကြောင့်လည်းဖြစ်ပါတယ်။ ဒီအပြင် ပွင့်လင်း ရာသီမှာ ခရီးသွားလာမှုတွေ၊ မီးစက်သုံးစွဲမှုတွေ များပြားလာတာကြောင့် ဝယ်ယူမှုမြင့်တက်လာရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဒီဇင်ဘာ ၁ ရက်မှ ၈ ရက် အထိ ရှစ်ရက်တာကာလအတွင်း 92 Ron ဂါလန် ၆သန်း ၇ သိန်းနီးပါး၊ 95 Ron ဂါလန် ၁ သန်း ၇ သိန်းခန့်၊ HSD ဂါလန် ၆ သန်းကျော်၊ PD ဂါလန် ၇ သန်း ၁ သိန်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ တစ်ရက်ပျမ်းမျှအနေနဲ့ 92 Ron ဂါလန် ၈ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၂သိန်း၁သောင်းကျော်၊ HSD ဂါလန် ၇ သိန်း ၅ သောင်းကျော်၊ PD ဂါလန် ၈ သိန်း၉သောင်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်းမှာ ပြည်ထောင်စု နယ်မြေ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသ ကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်ထား တဲ့ လိုင်စင်ရအရောင်းဆိုင်တွေကို ယခင်ဖြန့်ဖြူး ပေးနေတဲ့ ပမာဏထက် 92 Ron ဂါလန် ၂ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၁ သိန်း ၂ သောင်း ကျော်၊ HSD ဂါလန် ၁ သိန်း ၃ သောင်းကျော်နဲ့ PD ဂါလန် ၂ သိန်း ၄ သောင်းကျော် ပိုမိုဖြန့်ဖြူးပေး ခဲ့ရတာဖြစ်ပါတယ်။
စက်သုံးဆီ ပုံမှန်ဝယ်ယူသုံးစွဲမှုပမာဏထက် ပိုမိုဖြန့်ဖြူးပေးနေပေမယ့်လည်း အခုရက်ပိုင်းမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေး တိုင်းဒေသကြီးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် တွေအပြင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်တွေက စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ကားတွေ၊ ဆိုင်ကယ်တွေ အများကြီး တန်းစီဝယ်ယူနေကြ တာကြောင့် ဖြည့်တင်းပေးနိုင်မှု စွမ်းအားထက် ကျော်လွန်တဲ့ အရောင်းဆိုင်အချို့မှာ ဆီဖြည့်တင်းဖို့ ထွက်ခွာလာတဲ့ ဆီသယ်ယာဉ် မရောက်မီကာလ အတွင်း ခေတ္တအရောင်းရပ်ဆိုင်းထားရတဲ့ အခြေ အနေမျိုးတွေရှိပေမယ့် အချိန်မီဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေပါတယ်။
ကျွန်တော့်အနေနဲ့ ပြောကြားချင်တာက စက်သုံးဆီတွေကို လိုအပ်တာထက် ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည် ရောင်းချတာ၊ အခေါက်ခေါက် တန်းစီဝယ်ယူတာမျိုး မပြုကြဖို့နဲ့ မိမိတို့ လိုအပ်သလောက်ကိုသာ စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲကြပါလို့ ပြောလို ပါတယ်။
ဒီလိုတရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့် ပြန်လည်ရောင်းချတာတွေက ဥပဒေနဲ့မညီတဲ့ အပြင် မီးဘေးအန္တရာယ်အတွက်လည်း အင်မတန် စိုးရိမ်စရာဖြစ်တဲ့အတွက် မိမိအကျိုးစီးပွားကြောင့် အများပြည်သူထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
မေး။ ။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ရေး လုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးတွေကို နေ့စဉ်ထုတ်ပြန် နေတာ တွေ့ရပါတယ်။ လက်ရှိ စက်သုံးဆီဈေးနှုန်း အခြေအနေကို သိရှိလိုပါတယ်။
ဖြေ။ ။ ပြည်တွင်းစက်သုံးဆီရောင်းဈေးအတက်/အကျက ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိက
ဝယ်ယူတင်သွင်းတဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မှာ မူတည်ပြီး အပြောင်းအလဲဖြစ်ပေါ်တာဖြစ်ပါတယ်။ အခုအပတ်မှာဆိုရင် ပြည်တွင်းစက်သုံးဆီရောင်း ဈေးနှုန်းက ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းကျဆင်းမှုကြောင့် အရင်အပတ်ထက် စာရင် တစ်လီတာအပေါ် ဓာတ်ဆီ 92 Ron က ၄၅ မှ ၅၀ကျပ်အထိ၊ 95 Ron က ၆၅ မှ ၇၀ကျပ်အထိ၊ HSD (50 ppm) နဲ့ HSD (10 ppm)က ၃၅မှ ၄၀ကျပ်အထိ ကျဆင်းခဲ့ပါတယ်။ HSD(500 ppm)ကသာ တစ်လီတာကို ငါးကျပ် မြင့်တက်မှုဖြစ်ပေါ်ခဲ့ ပါတယ်။
နိုင်ငံတွင်းကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ပိုမိုမှန်ကန်မြန်ဆန်စေရေးနဲ့ ကုန်ဈေးနှုန်းတည်ငြိမ် ရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စက်မှု လုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ တွင်းထွက်တူးဖော်ရေး လုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ အဓိကသုံးစွဲတဲ့ ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်း သက်သာစွာနဲ့ သုံးစွဲနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ပိုမို အလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ ပါတယ်။
ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းတွေအနေ နဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ဓာတ်ဆီက စင်ကာပူ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ထက် များစွာ လျော့နည်းသက်သာနေပြီး ဒီဇယ်ဆိုရင် စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့ထက် များစွာလျော့နည်းသက်သာနေတာကို နှိုင်းယှဉ် တွေ့ရှိရမှာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိအချိန်မှာ စက်သုံးဆီကို အများ ပြည်သူတွေ ဝယ်ယူသုံးစွဲနိုင်ဖို့ ဘယ်လို ဖြန့်ဖြူးနေတယ်ဆိုတာကိုလည်း ပြောကြားပေး စေလိုပါတယ်။
ဖြေ ။ ။ ပြည်ပက တင်သွင်းရောက်ရှိလာတဲ့ စက်သုံးဆီတွေကို သီလဝါဆိပ်ကမ်းက
သက်ဆိုင်ရာ သိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီ အမျိုးအစားအလိုက် သိုလှောင်ပြီး မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA)ရဲ့ စီမံခန့်ခွဲမှုနဲ့ အများပြည်သူသုံးစွဲနိုင်ဖို့ နိုင်ငံ တစ်ဝန်းကအရောင်းဆိုင်တွေနဲ့ လယ်ယာစိုက်ပျိုး ရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေအပါ အဝင် အခြားလုပ်ငန်းကဏ္ဍတွေအတွက် သုံးစွဲဖို့ စက်သုံးဆီတွေကို စနစ်တကျ ဖြန့်ဖြူးပေးပါတယ်။ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ ဖြန့်ဖြူးရေးလုပ်ငန်း တွေအပါအဝင် ရေကြောင်းက စက်သုံးဆီသယ်ယူ ပို့ဆောင်တာ၊ ဆီတင်ယာဉ်ဘောက်ဆာနဲ့ သယ်ယူ ပို့ဆောင်တာတွေကို လုပ်ငန်းစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
အထူးသဖြင့် စက်သုံးဆီအဓိကဖြန့်ဖြူးပေး နေတဲ့ သီလဝါဆိပ်ကမ်းက သိုလှောင်ကန်စခန်း ရှစ်ခုမှာ တစ်နေ့ကို ဘောက်ဆာအစီးရေ ၁၅၀၀ ကနေ ၁၈၀၀ ကြား ဝင်ထွက်ပြီးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင် ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်တာ၊ သိုလှောင်ကန်ကနေ ဘောက်ဆာကို ဆီဖြည့်တင်း တဲ့လုပ်ငန်းတွေ အဆင်ပြေချောမွေ့မြန်ဆန်စွာ လုပ်ငန်းပြီးမြောက်နိုင်ဖို့နဲ့ လောင်စာဆီဖြည့်တင်း တာဖြစ်တဲ့အတွက် မီးဘေးကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ စက်သုံးဆီဖြည့်တင်းရေးဝန်ထမ်းတွေကို နှိုးဆော် ကြပ်မတ်တာ၊ စနစ်တကျ ကြီးကြပ်တာတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး ။ ။ ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိ စေဖို့ ဝယ်ယူတင်သွင်းနေတဲ့ အခြေအနေ ကိုလည်း ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ပြည်တွင်းသုံးစွဲမှုပမာဏရဲ့ ၉၀ ရာခိုင် နှုန်းကျော်က အဓိကစင်ကာပူနိုင်ငံကနေ
အချိန်နဲ့တစ်ပြေးညီ ဝယ်ယူတင်သွင်းသိုလှောင် ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။ လက်ရှိအခြေ အနေမှာ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ ဒသမ ၀ သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူးပေးနေပါတယ်။ လစဉ်ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီအမျိုးအစားအလိုက် ပမာဏကို တွက်ချက်ပြီး အဲဒီပမာဏအတိုင်း သင်္ဘောတွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့ အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှုပမာဏ၊ ဘောက်ဆာတွေ ဝင်/ထွက် ထုတ်ယူဖြန့်ဖြူးပေးနိုင်မှုအခြေအနေတို့နဲ့ ကိုက်ညှိ ပြီး ပြည်ပနိုင်ငံက ဆီတင်သင်္ဘောတွေအတွက် Shipment Plan ကို ရေးဆွဲတင်သွင်းနေတာ ဖြစ်ပါတယ်။ ဒီအပြင် ရာသီအလိုက်၊ ပွဲတော်တွေ အလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အလိုက် လိုအပ်ချက်တွေကိုလည်း ထည့်သွင်း သုံးသပ်ရေးဆွဲပြီး တင်သွင်းနေတာဖြစ်ပါတယ်။
မေး။ ။ တစ်နိုင်ငံလုံးသုံးစွဲမှု အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိအောင် ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာကို သိရှိလိုပါတယ်။
ဖြေ။ ။ ဒီဇင်ဘာ၈ရက်အထိ သီလဝါသိုလှောင် ကန်စခန်းတွေ၊ အခြားဒေသက သိုလှောင်
ကန်စခန်းတွေမှာ စက်သုံးဆီလက်ကျန်အခြေအနေ နဲ့ ပြည်တွင်းလမ်းခရီး သယ်ယူပို့ဆောင်နေမှုတွေ အပါအဝင် သီလဝါဒေသ Jetty တွေမှာ ဆိုက်ကပ် ထားတဲ့ ဆီတင်သင်္ဘော ခြောက်စင်း၊ ပင်လယ်ဝ Pilot Station မှာဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော ကိုးစင်း၊ စင်ကာပူကနေ ဆီတင်ပြီးထွက်လာတဲ့ ဆီတင်သင်္ဘော တစ်စင်း စုစုပေါင်း ၁၆ စင်းရှိတာ ကြောင့် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူ တွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန် စရာမလိုကြောင်း သတင်းစကားပါးလိုပါတယ်။ ဒီအပြင် နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇ စင်းနဲ့ ထပ်မံတင်သွင်း ဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီး လည်း ဖြစ်ပါတယ်။
မေး ။ ။ လတ်တလော စက်သုံးဆီပြတ်လပ်နေပြီ ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့
ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်ပူပန်မှုမြင့်တက် နေတဲ့အပေါ် ကော်မတီအနေနဲ့ ဘယ်လိုသတင်း စကားပါးလိုပါသလဲ။
ဖြေ ။ ။ စက်သုံးဆီ သိုလှောင်ကန်စခန်းတွေမှာ ရှိတဲ့ စက်သုံးဆီတွေကို ဆီသယ်ယာဉ်
ဘောက်ဆာတွေနဲ့ နေ့စဉ်ဖြန့်ဖြူးပေးနေတဲ့အတွက် လတ်တလောပျံ့နှံ့နေတဲ့ စက်သုံးဆီပြတ်လပ်နေပြီ ဆိုတဲ့ ကောလာဟလသတင်းတွေက မှန်ကန်မှုမရှိ ကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ လက်ရှိမှာ ပြည်ပကမှာယူထားတဲ့ ဆီတင်သင်္ဘော တွေအနေနဲ့ သီလဝါဆိပ်ကမ်းမှာ ခြောက်စင်း ဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် ၂၄၃၁၉ တန် ကျော်၊ ဒီဇယ်ဆီတန်ချိန် ၅၃၃၁၅ တန်ကျော်ကို သက်ဆိုင်ရာ သိုလှောင်ကန်တွေဆီကို ချယူနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ဝမှာ အသင့်ရောက်ရှိ နေတဲ့ ဓာတ်ဆီတန်ချိန် ၆၇၇၃၇ တန်ကျော်၊ ဒီဇယ် ဆီ ၆၅၃၅၉ တန်ကျော် သယ်ဆောင်လာတဲ့ သင်္ဘော ကိုးစင်းလည်း သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်နိုင်ဖို့ အသင့် စောင့်ဆိုင်းလျက်ရှိပါတယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံအတွက်
ဝယ်ယူထားပြီးဖြစ်တဲ့ စက်သုံးဆီတွေကို ဆီတင် သင်္ဘောတွေပေါ် တင်ဆောင်ဖြည့်တင်းလျက်ရှိတဲ့ အပြင် ဆီဖြည့်တင်းပြီး လာရောက်ဆဲဆီတင်သင်္ဘော တွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအတွက် စက်သုံးဆီဝယ်ယူထားပြီး ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်တာ၊ လမ်းခရီးသယ်ယူတာ၊ မြန်မာနိုင်ငံ ပင်လယ်ဝမှာ အသင့်စောင့်ဆိုင်းတာနဲ့ ဆိပ်ကမ်း တွေမှာ ဆိုက်ကပ်ချယူတဲ့ လုပ်ငန်းစဉ်တွေ စဉ်ဆက် မပြတ်ရှိနေတယ်ဆိုတာကိုလည်း အသိပေးလိုပါ တယ်။
ဒါကြောင့် အများပြည်သူအနေနဲ့ စက်သုံးဆီ ပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေ အပေါ် မယုံကြည်ကြဖို့နဲ့ စက်သုံးဆီအရောင်း ဆိုင်တွေမှာ မိမိလိုအပ်သလောက်သာ ဝယ်ယူ ဖြည့်တင်းကြဖို့ အသိပေးလိုပါတယ်။ ဒါမှသာအခုလို အရောင်းဆိုင်တွေမှာ ကားတွေတန်းစီပြီးဝယ်ယူရ တဲ့အတွက် ကုန်ဆုံးရတဲ့အချိန်တွေ သက်သာမှာ ဖြစ်ပါတယ်။ အများပြည်သူကို အထူးအသိပေးလိုတာ က ၂၀၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀အရ “မည်သူမျှ ဤဥပဒေအရလိုင်စင် ရယူရန် လိုအပ်သည့်လုပ်ငန်းသို့မဟုတ် ဆောင်ရွက် မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားတဲ့ အတွက် စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေ စစ်ဆေးတွေ့ရှိရရင် အနည်းဆုံးဒဏ်ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသောထောင်ဒဏ် ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံးစီရင် ခြင်းခံရမယ့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင် သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေတိုးဝယ်ပြီး အပြင်မှာလိုင်စင်မဲ့ရောင်းချတာ၊ နေအိမ်၊ ခြံဝင်းတွေ၊ ဘယ်နေရာမဆိုလိုင်စင်မဲ့ ရောင်းချတာတွေကို စစ်ဆေးကြပ်မတ်ပြီး ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောင်စာဆီတွေကို အများပြည်သူကြားမှာ လိုင်စင်မဲ့ရောင်းချတာက မီးဘေးအန္တရာယ်အထူး စိုးရိမ်ရတာကြောင့် အများပြည်သူအနေနဲ့ သက်ဆိုင် ရာဌာနတွေကို သတင်းပေးတိုင်ကြားဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။
အခုရက်ပိုင်းအတွင်းမှာ စက်သုံးဆီတွေကို ပုံမှန်ထက် ပိုမိုဖြန့်ဖြူးပေးခဲ့ပါတယ်။ Supply chain တစ်ခုလုံးမှာ ကျွန်တော်တို့နိုင်ငံအတွက် ဝယ်ယူ ထားတဲ့ စက်သုံးဆီတွေ စဉ်ဆက်မပြတ်ရှိနေပါ တယ်။ ဒါကြောင့် အခုလို စက်သုံးဆီပြတ်လပ်နေပြီ ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမရှိစေဖို့ ကျွန်တော်တို့ ကော်မတီ က စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းတွေ လက်တွေ့ဆောင်ရွက်နေတဲ့ အခြေအနေမှန်ကို အများပြည်သူသိရှိအောင် ရှင်းလင်းပြောကြားခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြားလို ပါတယ်။