
နေပြည်တော် ဒီဇင်ဘာ ၉
(၁၃) ကြိမ်မြောက် အာဆီယံ-တရုတ် ရှေ့နေချုပ် များညီလာခံကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပရာ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက “နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အဆင့်မြင့် နည်းပညာဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးနှိမ်နင်းရာတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေး ကြီးသောအကြောင်းအရာတစ်ခုပင် ဖြစ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် နိုင်ငံနယ်နိမိတ် ကို ကျော်လွန်၍ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့များက ကျူးလွန်သော ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်မှုများ ပါဝင်ပါကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် မြန်မာနိုင်ငံအနေဖြင့် အကြမ်း ဖက်မှုနှိမ်နင်းရေးဥပဒေ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေနှင့် ငွေကြေးခဝါချမှု တိုက်ဖျက် ရေးဥပဒေ ကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆင့်မြင့်နည်းပညာကို အသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ကွန်ပျူ တာ ပညာဖွံ့ဖြိုးရေး ဥပဒေကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း။
ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုသည် သတင်းအချက်အလက်များ ဖလှယ်ရန်နှင့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် နိုင်ငံများအကြား အလွန်အရေး ကြီးသော စင်္ကြံတစ်ခုဖြစ်ပါကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကျူးလွန်ရာ၌ အဆင့်မြင့်နည်းပညာများကို အသုံးချလျက်ရှိပါ ကြောင်း၊ ထိုသို့သော ရာဇဝတ်မှုများသည် ဒေသတွင်း တရားဥပဒေစိုးမိုးမှုသာမက ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု တို့ကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဆန့်ကျင် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အပြန်အလှန် အကူအညီပေးရေး အာဆီယံသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ပြင် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ပြည်တွင်းတွင် ပြဋ္ဌာန်းထားပါကြောင်း၊ ဆက်လက်၍ နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုများနှင့် အဆင့်မြင့်နည်းပညာ အသုံးပြု၍ ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီး ကာကွယ်ရန် ဥပဒေပညာရှင်များ၊ တရားဥပဒေ စိုးမိုး ရေးအေဂျင်စီများ၊နိုင်ငံများရှိ တရားရေးအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုကျုးလွန်သူများကို တရားစွဲဆို ရန်နှင့် ရာဇဝတ်မှုဆိုင်ရာကွန်ရက်များကို တားဆီး ကာကွယ်ရေးအတွက် လိုအပ်ခြင်းကြောင့် နိုင်ငံဖြတ် ကျော် ဥပဒေရေးရာဝန်ဆောင်မှုများသည်လည်း အရေးပါကြောင်း၊ ထို့ပြင် ဒေသတွင်း online စနစ်ဖြင့် အချင်းချင်း ဆက်သွယ်၍ နိုင်ငံအချင်းချင်း ဥပဒေ ရေးရာ အကူအညီများပေးခြင်း ဖွံ့ဖြိုးလာစေရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ညီလာခံတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ အဆင့်မြင့်နည်းပညာဖြင့် ကျူးလွန်သည့် ရာဇဝတ်မှု များကို တားဆီးနှိမ်နင်းရေးဆိုင်ရာ နိုင်ငံအတွင်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက် နေမှုများနှင့် ဆောင်ရွက်သင့်သည်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ တို့ဖြင့် နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်