
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှစစ်ရေယာဉ် ၃ စင်းရှိ စစ်သည်များ ရန်ကုန်မြို့အတွင်း ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့်
တရားမဝင်ဝင်ရောက်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေ၊ ဖမ်းဆီးခံထားရသော လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦး ထပ်မံလွတ်မြောက်မှု၊ ၂၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ ရှမ်းပြည်နယ်အတွင်းရှိ EAO အဖွဲ့ဖြစ်သော (RCSS/SSA) နှင့် (SSPP)အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့သောသတင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ - တရုတ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ) မှ စစ်ရေယာဉ်သုံးစင်းမှ စစ်သည်များက ဒီနေ့မှာတော့ ရန်ကုန်မြို့အတွင်း မှာ ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ သန်လျင်တပ်နယ်မှာတော့ ချစ်ကြည်ရေးဘတ်စကက်ဘော ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းနဲ့ မြန်မာ့ တပ်မတော်(ရေ)မှ အရာရှိများက စစ်ရေးယာဉ်များကို သွားရောက် လေ့လာခြင်း၊ ညစာစားပွဲ တည်ခင်းဧည့်ခံခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၂၆၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိ သူများထံကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။
အားလုံး လွှဲပြောင်းပေးခဲ့မှု ၁၀၁၇၀ ရှိပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရနဲ့ နှစ်နိုင်ငံတပ်မတော် များအနေနဲ့ နီးကပ်စွာ၊ ရင်းနှီးစွာ နေထိုင်လျက်ရှိပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ပြည်ဖျက် မီဒီယာများအနေနဲ့ အမျိုးမျိုးဝေဖန်နေတာတွေရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်ချင်း ဆက်ဆံရေး၊ ပြည်သူလူထုချင်း ဆက်ဆံရေးဟာ နောင်မှာလည်း ပိုမိုရင်းနှီး ချစ်ကြည်နီးကပ်လာမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒီကနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်ကနေ ဖမ်းသွားတဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦး ထပ်မံလွတ်မြောက်လာ ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့တွေ၊ ကြားဝင်ညှိနှိုင်းပေးတဲ့အဖွဲ့များကိုလည်း ကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်။ နောက်ထပ် ၁၁ ဦး လွတ်မြောက်ဖို့ ကျန်ပါသေးတယ်။ ဒါကိုလည်း ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မူဆယ် ၁၀၅ မိုင်ဘက်မှာတော့ ဒီနေ့ နေ့လယ် ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ရန်သူ့ထံက အလောင်း၊ လက်နက်များရရှိခဲ့ပါတယ်။ လောက်ကိုင်ကိုတော့ ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ လာရောက်ပစ်ခတ်တာ ရှိပါတယ်။ ကုန်းကြမ်းဘက်မှာတော့ တပ်မိသားစုဝင်များရဲ့ လုံခြုံရေး၊ တပ်မိသားစုဝင်များရဲ့ အသက် အန္တရာယ်အတွက် တပ်မတော်အနေနဲ့ နေရာရွှေ့ပြောင်းပေးလိုက် ရတာရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာတော့ KIA ၊ PDF ပူးပေါင်းအဖွဲ့တွေအနေနဲ့ တန့်ဆည်ရဲစခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ တပ်မတော်အနေနဲ့ စစ်ကူ ပစ်ကူ များ အချိန်မီရောက်ရှိပြီး ရန်သူကိုချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။ ရန်သူ အကျအဆုံးများစွာရှိပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ ကယား လွိုင်ကော်မှာရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို လာရောက်ပစ်ခတ်တာ ရှိပါတယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရွပ်ရွပ်ချွံချွံ ပြန်လည်ချေမှုန်းခဲ့တာရှိပါတယ်။ ရန်သူအနေနဲ့ အကျအဆုံးများစွာ ရှိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ ဖြစ်ပွား နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ် - မြန်မာ နှစ်နိုင်ငံကြားမှာ အထင်အမြင်လွဲမှားအောင်၊ ပဋိပက္ခများဖြစ်ပွားအောင် အမျိုးမျိုး သွေးထိုး လှုံ့ဆော်နေတဲ့အဖွဲ့အစည်းများ၊ အထူးသဖြင့် အနောက်နိုင်ငံ အထောက်အပံ့နဲ့ ရပ်တည်နေရတဲ့မီဒီယာများက ဦးတည်ဆောင်ရွက် လာကြောင်း တွေ့ရပါတယ်။ ဒါတွေကို အားလုံးက သတိပြုရမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ EAO အဖွဲ့များ ရှိတယ်။ RCSS ၊ SSAနဲ့ SSPP အဖွဲ့တို့ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့ တယ်လို့ ကျွန်တော်တို့ သတင်းကောင်းကြားရပါတယ်။
ဒီ RCSS ၊ SSAနဲ့ SSPP အဖွဲ့နှစ်ဖွဲ့အကြားမှာ အမြဲတမ်းထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိအောင် ပဋိပက္ခများရပ်တန့်အောင် တပ်မတော်အနေနဲ့ အမြဲတမ်း ကြားဝင် ညှိနှိုင်းစေ့စပ်ပေးတာတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ သတင်း စကားပါးပေးတာတွေ အမြဲတမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ TNLA ၊ AA ၊ MNDAA အဖျက်သမားများအနေနဲ့ ရှမ်း အရှေ့မြောက်ဘက်ဒေသမှာ၊ ပြီးရင် မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်မှာ ဖျက်ဆီးမှုလုပ်ငန်းတွေ၊ တိုင်းပြည်အကျိုး ပျက်စီးမယ့်လုပ်ငန်းတွေ၊ ပြည်သူလူထုကို တိုက်ရိုက်ထိပါးစော်ကားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒေသခံ ပြည်သူလူထုဖြစ်တဲ့ ရှမ်းပြည်သူလူထုလည်း နစ်နာမှုအများကြီး ရှိပါတယ်။ ရှမ်းပြည်သူလူထုရဲ့ နေအိမ်တွေမှာ ဝင်ရောက်ပြီး၊ အကာအကွယ်ယူပြီး တပ်မတော်ကို တိုက်ခိုက်ခဲ့တာမျိုးတွေ ရှိပါ တယ်။
ဒါတွေကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆန့်ကျင် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း ပြောလိုပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။
သတင်းစဉ်