
နေပြည်တော် နိုဝင်ဘာ ၂၅
နေပြည်တော်တွင် စစ်သင်တန်းတက်ရန် စာရင်းကောက်ယူနေသည်ဆိုသော သတင်းမှာ သတင်းမှား သာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်သည်။
ယင်းသတင်းမှာ နိုင်ငံ့ဝန်ထမ်းများ စိုးရိမ်ထိတ်လန့်စေရန် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင် ဝန်ထမ်းများအနေဖြင့် တာဝန်ကျရာဌာနများတွင် ပုံမှန်အတိုင်း ရှိနေကြောင်း နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်းတစ်ဦးက ပြောသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူ တစ်ဦး၏ ဖြေကြားချက်အရ မဟုတ်မှန်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ကျရာဌာနများတွင် ပုံမှန်အတိုင်း ထမ်းဆောင်လျက်ရှိပြီး ယင်းမှာ သတင်းအမှားသာဖြစ်ကြောင်း၊ ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ စိုးရိမ်ထိတ်လန့်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းများကို ရေသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းအပြင် ရုံးအသွားအပြန် ဝန်ထမ်းကြိုပို့ယာဉ်ဖြင့်သာ သွားလာခွင့်ပြုပြီး လုံခြုံရေးတင်းကျပ်လျက် ရှိသောကြောင့် Non CDM များ ထွက်ပြေးရန်ပင် အခက်အခဲဖြစ်နေကြကြောင်းလည်း ပြည်ဖျက်မီဒီယာ များက ဝါဒဖြန့်ရေးသားနေကြခြင်း ဖြစ်သည်။
“ဝန်ထမ်းတွေ ကြိုပို့ကားက နဂိုကပဲ ရှိတာလေ၊ လုံခြုံရေးကို အထူးတင်းကျပ်တာတော့ မရှိပါဘူး။ လမ်းတွေမှာတော့ ရှိတာပေါ့။ လုံခြုံရေးက။ ဒါက ပုံမှန်ပဲလေ၊ နယ်တွေက ဝန်ထမ်းတွေကိုဆိုရင် အရင်ကတည်းက လုံခြုံရေးပိုကောင်းအောင် လုံခြုံရေးပေးတာတွေလည်း ရှိတယ်။ ဝန်ထမ်းတွေအနေနဲ့ စစ်သင်တန်းတက်ရမယ်ဆိုတာတော့ ကျွန်တော်တို့ကို ပြောလည်းမပြောဘူး။ စာရင်းမကောက်ပါဘူးဗျာ။ အခုသတင်းတွေကို ကျွန်တော်တို့လည်း တွေ့ပါတယ်။ ဒါကတော့ သူတို့ဘက်က ဝါဒဖြန့်တဲ့သဘောပဲ ဖြစ်မှာပါ”ဟု လက်ရှိ တာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။
လူမှုကွန်ရက်တွင် နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှ အမျိုးသား Non CDM များအား တပ်မတော်က ကိုယ်အလေးချိန်နှင့် အရပ်တိုင်းပြီး ရှေ့တန်းအတွက် ဒီဇင်ဘာလအတွင်း စစ်သင်တန်း ပေးရန် စာရင်းစတင်ကောက်ယူနေကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများက တစ်ဆင့် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။ မျိုးခိုင်